ဒုက္ခသည်အိမ်ချင်း
ဆံပင်ညှပ်တာ အကြိမ်ကြိမ်
အိမ်ကိုမပြန်ဖြစ်နိုင်သေးဘူး၊
ခရီးစဉ်တွေး
အင်တာနက် အီး-ဘေးမှာ
လက်မှတ်ဈေးမေးတာလည်း အကြိမ်ကြိမ်
အိမ်ကို မရောက်သေးဘူး၊
ဖုန်းကဒ်တွေလည်း ၀ယ်ပြီးဝယ်ပြန်
ကိုယ်ပြန်လာမယ်ဆိုတာ အကြိမ်ကြိမ် ကတိပေး
အခုတော့ ဝေးနေချိန်။
အလွမ်းတွေက
သစ်ပင်လက်ချောင်းတွေလို
ထိုးထိုးထောင်ထောင်ပါကွယ်၊
အိပ်ထဲဆောင်တဲ့
သမီးဓါတ်ပုံလည်း
အရောင်ပြောင်းခဲ့ရပေါ့။
အိမ်သူက အကောင်းပြောရှာတယ်။
သမီးက လိမ်မာရဲ့
အဖိုး အဖွားတွေရဲ့ နှလုံးသည်းပွတ်တဲ့
အကိုပြန်လာရင်တောင်
ထည့်တော့မှာ မဟုတ်ဘူးတဲ့။
ညတွေလည်း ကုန်သွားတယ်
အခန်းမှာ နားနေလည်း နားရာမဲ့
ကိုယ်သိနေတဲ့ အိမ်သတင်း
သက်ပြင်းတွေနဲ့ မနက်လင်းအောင်လုပ်တယ်၊
အိမ်အပေါင်၊ အရောင်း
အာဏာပိုင်တွေ မျက်စောင်း။ လက်စောင်းနဲ့
ငွေစမ်းချောင်းနက်၊ ၀မ်းရေးခက်လာရပုံတွေ။
ဖုန်းကြိုးတမျှင်နဲ့
အသက်ရှင်နေရတဲ့သူလေ။
ဒီလိုနဲ့
လေယာဉ်ကြီးတွေမြင်တိုင်း
မျက်ရည်ဝိုင်းနေရပေါ့။
လေယာဉ်ပျံကြီး
ပျံသန်းသွား
ငါ့ကို တင်ခေါ်သွားပါလား။
စိတ်ကူးတွေနဲ့ ကောင်းကင်မှာ
လမ်းထင်အောင် ထွန်ချစ်နေတော့တယ်။
ယောဟန်အောင်
မေ ၃၁၊ ၂၀၀၃။
ဒီကဗျာရေးတုန်းက အမေရိကားမှာ သောင်တင်ပြီး၊ အိမ်ပြန်ဖို့ခက်နေတဲ့အချိန်။ တော်တော်ခံစားရလို့ ရေးလိုက်တယ်။ မိတ်ဆွေတယောက်ကတော့ ခင်ဗျားဟာကဗျာ၊ ကဗျာ မဟုတ်ဘူး၊ ဖေဖေရေ လာပါတော့၊ ကျီးကန်းတမော့မော့ဆိုတာမျိုး
ကဗျာကို သိပ်မဆန်ဘူးတဲ့ ... ပြောတယ်။
အခြားမိတ်ဆွေ တဦးထောက်ပြတာကတော့ “အိမ်ချင်း“ ဆိုတော့ ကဗျာသဘောအရ မှားနေတယ်ပြောတယ်။ နာမ်နဲ့ ချင်းက မတွဲဘူး။ ကြိယာနဲ့ပဲ တွဲတယ်ပြောတယ်။ ဥပမာ- ကာချင်း၊ ငိုချင်းဆိုတာမျိုး။
ဒါပေမယ့် စာရေးဆရာမ မမေငြိမ်းကတော့ အားပေးပါတယ်။ ရှိသားပဲတဲ့။ ဥပမာ-အဲချင်း။ အိုင်ချင်းဆိုတာလည်း ရှိသေးတယ် ပြောပါတယ်။
No comments:
Post a Comment