Pages

Sunday, February 18, 2007

မြင်းရိုင်းပေါ်က လပြည့်ညပေါင်း တစ်ရာကျော်

မြင်းရိုင်းပေါ်က လပြည့်ညပေါင်းတစ်ရာကျော်

လပြည့်တာ
အခါတစ်ရာကျော်ခဲ့ပြီ။
ရွှေပြည်တော်အိမ်မက်
သုံးထောင်တစ်ရာ ဆယ့်နှစ်ရက်နဲ့
ငှက်ဖျားနှစ်ဆယ့်ရှစ်ကြိမ်။

လင်းနို့ငှက်တွေ
အစာထွက်ရှာ၊ လရောင်လာပြီ။
အုပ်ဖွဲ့လက်ယှက်၊ အိပ်တမ်းတက်တဲ့
ငှက်များကိုမြင်မှ
ကိုယ့်မှာနာကျင်
ဘဝမှာ မပြင်ဆင်ရသေးပုံ၊
သိုက်မြုံနဲ့ စိတ်ခိုလှုံရာ။

လတွေလေ
... ...
တချို့လတွေ၊
ရီဝေဝေနဲ့ ဗျစ်ရည်ထဲမျော။
တချို့လတွေ၊
မြို့ပြလှောင်အိမ်၊ ချွေးစိမ်ပူလိမ့်
သူစိမ်းအိပ်ယာ။


တချို့လတွေ၊
တောလမ်းမြွေကောက်၊ ခြေဖွလျှောက်ရင်း
နက်ရှိုင်းခြင်းအောက်၊ ပုံဖျောက်တိုးဝင်။
တချို့လတွေ၊
မိုးရေသည်းသည်း၊ တိမ်မဲဖုန်းသွား။
တချို့လတွေ၊
မြေကတုတ်ပြင်၊ တောင်ယာခင်စပ်
သေနတ်ကိုယ်စီ။
တချို့လတွေ၊
ညရေလျင်မျော၊ အတောမသတ်
ကြောင်းရပ်ဟိုသည်၊ စကားစမြီ။

ဒီတခါသာတဲ့လဟာ
ချစ်ခြင်းမေတ္တာ မဲ့နေပုံများ
အထင်အရှား။
ငါသွားလေရာ
လရောင်ကို ရွက်ပိုးထားရ
လရောင်ကို ထမ်းပိုးထားရ
တရွာသူကို လွမ်းတဲ့ည၊
ပင်ပန်းလိုက်ရတာလေ။

လရောင်ညှို့ငင်၊ မှော်ဝင်တောအုပ်
လိမ်းသုတ်ဆေးပြာ
တောအုပ်ထဲကငါ၊ မှင်စာတွေလို
အရူးအမူး၊ ဗူးဒူးမှော်ဗုံ
ရင်အခုန်ကြမ်း
ထူးထူးခြားခြား လွမ်းလေတယ်။

လကို အောင်သွယ်ခိုင်းဖူးတယ်၊
ရိုင်းတဲ့တိမ်တွေ ခိုးနားထောင်၊
ကြယ်တွေက လှောင်ဦးမယ်။
ညငှက်တွေကလည်း
နေရောင်လာတာနဲ့ မေ့လျော့ပစ်တယ်။
ဆောင်းလေတွေက၊ မယုံရဖူး
စကားကုန်ကူးနေတဲ့သူ။

တရွာသူရေ
အေ-ကေတစ်ချက်လောက်
မိုးပေါ်ထောင်ဖောက်လိုက်တော့မယ်။
မင်းနဲ့ကိုယ် ဆက်သွယ်ရေးမှာ
စစ်သွေးကြွ ဘာသာခြား၊
တရွာသားလူငယ်အတွက်
အထက်သန်ဆုံး ရင်ခုန်သံ
မင်းဘာသာပြန်ဖို့လေ။

ချစ်တဲ့သူရေ
မင်းနားထောင်၊
ချစ်တဲ့သူရေ
မင်းကြိုဆို၊
“တောင်ပန်ပါရင်၊ မင်းဆီကို“
... ...

ယောဟန်အောင်
၁၉၉၇၊ စက်တင်ဘာ ၁၅။

1 comment:

မသက်ဇင် said...

လရောင်ညှို့ငင်၊ မှော်ဝင်တောအုပ်
လိမ်းသုတ်ဆေးပြာ
တောအုပ်ထဲကငါ၊ မှင်စာတွေလို
အရူးအမူး၊ ဗူးဒူးမှော်ဗုံ
ရင်အခုန်ကြမ်း
ထူးထူးခြားခြား လွမ်းလေတယ်။

လှလိုက်တဲ့ ကဗျာလေးပါလာ့း့ 

Recent Comments