Pages

Sunday, February 18, 2007

သေတမ်းစာ

...သေတမ်းစာ...

အလင်းကိုပေးဖို့
ထင်းဟာ မီးကို စားသလိုပေါ့၊
အားလုံးကို လင်းဖို့
တို့အသက်တွေ ရင်းခဲ့ရတယ်လေ။

ငါ့သူငယ်ချင်း
ရဲဘော်တဦး
ခေတ်တခေတ်ကို မြင်ဖူးချင်လို့
နေလုံးတူးဆွ
သွေးတွေစွန်းထင်းတဲ့
ဝတ်စုံတစ်စုံရခဲ့တယ်။

မနေ့ကလေ
အေ-ကေသေနတ်
သူဖြုတ်တပ်ဆင်
တသသ ရောင်တင်သုတ်နေခဲ့တယ်။
မနေ့ကလေ
ညနေနီကျင်၊ ကင်းကျစဉ်က
ခပ်ဝေးဝေးမြို့ပြ၊ မှောင်ရီကျစဉ်
မီးစတင်လင်း၊ ထမင်းဝိုင်းမှာ
သူ့မိဘတွေ၊ ဇွန်းလက်ဆုံလေတိုင်း
ဘာတွေ ပြောလေမလဲ
သူတွေဝေနေခဲ့တယ်။

မီးခိုးဖုံလုံး၊ ဗုံးသီးကွဲမြောက်
မောင်းပြန်ပေါက်ထွက်၊ အတွဲဆက်တွေ
ဆူပွက်အော်ဟစ်၊ ပစ် ပစ် ပစ်ကြ
ဖောက်ပြန်သူတွေ တို့ပစ်ရမယ်၊
ဒါတော်လှန်စစ်ရဲ့ နိယာမလေ။

ငါ့သူငယ်ချင်း
...
မင်းအားတင်းပါ၊
မင်းဘာပြောမလဲ၊
မင်းဘာမှာမလဲ
နေမင်းကို သဲတွေပြိုဖို့မိကြ
မှောင်မိုက်ခဲ့ရပေါ့။

သူဟာ
သူ့ဓါတ်ပုံကို
ကျွန်ုပ်တို့၏ ယုံကြည်ချက်အပေါ်မှာ ချိတ်ပါ၊
သူ့ဓါတ်ပုံကို
ရုပ်ရှင်ရုံမှာ အလေးပြုပါ၊
သူ့ဓါတ်ပုံကို
ရေစာရုပ်ပုံ၊ ငွေကြေးစုံမှာ ရိုက်နှိပ်ပါ၊
သူမှာမသွားခဲ့ဘူး။
သူဟာ တိတ်တိတ်ဆိတ်ဆိတ် အိပ်စက်သွားခဲ့တယ်၊
မှတ်တမ်းငယ်တအုပ်ထဲမှာတော့
(ရက်ပေါင်းနှစ်ဆယ်ကျော် ဖျားနာစဉ်
ဘာမှ စားလို့မ၀င်ဘူး၊
မေမေ့ချဉ်ရေဟင်းတခွက်
ညက အိပ်မက်တယ်လေ)

ဌာနချုပ်ကိုပေးမယ့်
ကြေးနန်းစာရေးစဉ်
ကျနော့လက်တွေ တုန်ယင်နေခဲ့တယ်လေ။

ယောဟန်အောင်
ဒေါင်းအိုးဝေဂျာနယ်။ ရေဆန်းလမ်းသို့အပြန် (နိုင်ဝင်းဆွေအမှတ်တရ ကဗျာများ)၊ ဖေ ၁၉၉၆၊ ဧရာဝတီညီနောင်စာပေ။


ဒီလိုပဲ၊ စွန့်လွှတ်သွားရတဲ့ ကျနော်တို့ရဲဘော်တွေ အများကြီးရှိပါတယ်။ ကျနော်အမှတ်ရနေတာတော့ “မင်းလူလေး“ ပါ။ သူက ကျနော့ရဲဘော်၊ ကျနော့ထက်ငယ်တယ်။ တိုက်ပွဲတစ်ခုမှာ ကျသွားတယ်။ ဒီလိုနဲ့ မီးလောင်ဖို့ ထင်းတွေအစာကျွေးနေရသလိုပါပဲ။ ပြည်တွင်းစစ်ကြီးထဲမှာလည်း၊ အသက်တွေ၊ ဘ၀တွေကို ကျွေးနေရပါတယ်။ (န၀တ) ရဲဘော်တွေလည်း ဒီထဲမှာ ထည့်ကျွေးခံနေရတာပဲပေါ့။ ဘာကြောင့် ဒီလိုရင်းနေကြရတာလည်း၊ မေးခွန်းထုတ်သူနည်းလှပါတယ်။ အဖြေပေးသူလည်း နည်းလှပါတယ်။ ဒီလိုနဲ့ သူတို့ ဘ၀တွေဆုံးခဲ့ကြတာပါပဲ။

ဒါပေမယ့် အချို့ရဲဘော်တွေက သူတို့ဘ၀အတွက် ဘာမျှော်လင့်ချက်ကြီးကြီးမှ ထားခဲ့ကြတာမဟုတ်ပါဘူး။ နှိမ့်နှိမ့်ချချနဲ့ပဲ စွန့်လွှတ်ခဲ့ ကြပါတယ်။

No comments:

Recent Comments