Thursday, March 1, 2007
သူငိုရင် တကမ္ဘာလုံးလှုပ်တယ်
သူငိုရင် တကမ္ဘာလုံးလှုပ်တယ်။
သူငိုရင်
တကမ္ဘာလုံးလှုပ်တယ်။
သမီးရယ် ... မငိုလိုက်ပါနဲ့။
ဖေဖေ့ဘ၀ဟာ
တချိန်လုံး ကမ္ဘာလှုပ်ခဲ့ရသူပါကွယ် ....။
သမီး ... မသိဘူး။
လိုအင်ဆန္ဒဆိုတာ ငိုလို့ရခဲ့တာ မဟုတ်ဘူး။
ဖေဖေ့ဘ၀ဟာ
အပြာ... ဘီလူးအပြာဂီတ
တည်ငြိမ်မှုနဲ့ လုံခြုံမှုဆိုတာ
ကမ္ဘာရွာကြီးမှာ ဘယ်မှာရလို့တုန်း၊
ဂလိုဘယ်လိုက်ဇေးရှင်း ကာလကြီးပါ သမီးရယ်....။
အိပ်မက်တွေဆိုတာလည်း
တကယ်မဖြစ်ဘူး။
ကမ္ဘာ့ကုန်သွယ်ရေးမျှော်စင်ကြီးလည်း
ဒေါင်းဂျုံးလို ထိုးစိုက်ဆင်းခဲ့ရ
လူ (၃၀၀၀) ကျော် အိပ်မက်တွေဟာ
တမဟုတ်ချင်း ပြာဖြစ်သွားတယ်။
ဘာကြာသေးလို့လဲ သမီးရယ်..
ဒါနဲ့ပဲ
ဗုံးမိုးကျဲ
အာဖဂန်မှာလည်း သေကြပြန်တာပဲ။
သမီးငိုတာ တောင်းဆိုတာမှန်း ဖေဖေသိတာပေါ့။
တောင်းတာမပြည့်ရင် ဒေါသဖြစ်ပြန်ရော
စိတ်ကြီးသူတွေရဲ့ ဒေါသတွေက အမုန်းတွေဖြစ်
အမုန်းတွေက ရက်စက်မှုတွေဖြစ်
ရက်စက်မှုတွေက ရက်စက်မှုတွေပြန်ဖြစ်
မေတ္တာကိုလည်း သိပ်မပြောကြတော့ဘူး။
အချစ်ကိုလည်း သိပ်မပြောကြတော့ဘူး။
ဈေးကွက်နဲ့ စစ်ပွဲပဲ ပြောကြတယ်။
သမီးရေ...
မငိုပါနဲ့
ဖေဖေချစ်ပါရဲ့။
ကမ္ဘာကြီးမှာ
ပိုယှက်နွယ်လာ
ဘာမှန်းမသိတဲ့ သတင်းတွေက ပိုများများလာ
ဖေဖေ့နေရာ နည်းနည်းလာ
သမီးရေ...
ကမ္ဘာ့ရွာမှာ အိုးအိမ်မဲ့
ဖေဖေလည်း သမီးတောင်းတိုင်းပေးနိုင်ရဲ့
မထင်ပါဘူးကွယ်။
သမီးကြီးလာရင်
အလွန်ရိုးသားတဲ့ ဆက်ဆံရေးတွေ
အလွန်ကျိုးကြောင်းဆီလျော်တဲ့ အဖြစ်အပျက်တွေ
အလွန်လွယ်ကူတဲ့ ဘ၀တွေ
ရှိလေတော့မှာ မဟုတ်ဘူး။
အကျဉ်းအကြပ်ဆိုတာရယ်၊
ကပ်ဆိုတာရယ် ခဏခဏကြားရမယ်။
တချို့က ခန္ဓာကိုယ်ကို ရောင်းစားတယ်။
တချို့က ရက်ဇူမင်း (Resume) ရောင်းစားတယ်။
တချို့က သိက္ခာကို ရောင်းစားတယ်။
တချို့ကလည်း နိုင်ငံကိုပါ ရောင်းစားကြတယ်။
လက်မှတ်ထိုးတဲ့ လက်ဟာ မြို့ကိုဖျက်သတဲ့။
ချိန်ခွင်နဲ့ ငွေကိုင်တဲလက်တွေလည်း မထူးပါဘူးကွယ်။
သူများတွေက အာဂျင်ဒါ (Agenda) တင်ပို့တယ်။
ယဉ်ကျေးမှုတင်ပို့တယ်။
တချို့ကျတော့လည်း ကျွန်တွေပြန်တင်ပို့တယ်။
သဘာဝပတ်ဝန်းကျင် ပြန်တင်ပို့တယ်။
မြစ်တွေ ပြန်တင်ပို့တယ်။
သမီးဖေဖေက ရောင်းစားဖို့ ဘာရှိလို့တုန်း
မာနချမ်းသာတာနဲပဲ ငတ်နေရ။
ဒါကိုပဲ..
သမီး အမွေရမှာပဲ။
မေမေကတော့ ကြောက်နေရဲ့။
ယောဟန်အောင်
၂၆၊ ၁၀၊ ၂၀၀၁
ဒီကဗျာကို အိုးဝေစင်္ကာပူ အင်တာနက်စာမျက်နှာ မှာလည်း ဖော်ပြထားပါတယ်။
Labels:
ကဗျာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment