Pages

Thursday, March 1, 2007

လက်ျာ အစွန်းရောက်ဆောင်း

လက်ျာအစွန်းရောက်ဆောင်း

အနွေးထည်ပွပွကြီးတွေ
ထပ်ထပ်ကျပ်စည်းထားတဲ့သူ
ငါလည်း
အနှစ်အသားနည်းနည်း
အခေါက်အပွေးထူထူ လူလိုဖြစ်နေရ..။

ခေတ်ကိုက မကောင်းတာပါ၊
ဒီတခါဆောင်းက အကြောင်းဖန်တယ်
ဒို့မိဘများပြောတတ်တဲ့
ဆုပ်ကပ်ဆိုတာမျိုးပေါ့။
ဂလိုဘယ်လိုက်ဇေးရှင်းကြီးလည်း လာပါလေရော။


ငါလည်း ဘောင်းဘီတိုဝတ်ရ
ရပ်သီချင်းကြိုက်ရ
သီချင်းသံကြားရင် ကိုယ်တွန့်ခါရ
ကိုယ့်ကိုယ်ကို လစ်ဘရယ်လိုက်ဇ် နည်းနည်းလုပ်ရ
အဆီလျော့စားတာနဲ့
ယောဂအကြောင်းပြောရ၊
အမေရိကန်ဆန်အောင်
အလံထောင် ဟိတ်ဟန်လုပ်ရ။
အရှေ့အလယ်ပိုင်းမှာ လူတွေသေနေကြတာကို
တယ်မိုက်ကြသကွယ်လို့ ဟန်လုပ်နေရ။

စစ်ကတော့ ဖြစ်မှာပဲ
ကိုယ့်ဘာသာ လွတ်အောင်နေ
ကိုယ့်အရေးကလွဲပြီး များများဘာမှ မစဉ်းစားနဲ့...။
ကိုယ့်ဘာသာ အားပေးပြန်ရ။
(အေးလွန်းတဲ့ဆောင်းက

ငါ့နှလုံးသားကိုခဲ
ခံစားမှုနည်းအောင် ပြောင်းခဲ့ပုံရတယ်။)

မျိုးရိုးဗီဇပြောင်းထားတဲ့
ပန်းသီးမွကိုကိုက်
ဆိုဒါရှိန်းမြရေကို ကျိုက်ချရင်း
စီ အဲန် အဲန် ဟိုက်ဘရစ်သတင်းကိုကြည့်
အဆာမပြေဘူး။
ရေငတ်တယ်...
ရေငတ်တယ်...
သစ်ခေါက်တွေဝါးနေရသလိုပဲ။

စမ်းချောင်းလေးကိုငတ်တယ်..
တောအရက်ကိုငတ်တယ်...
ဂန္ဒီရုပ်ရှင်ကားကိုငတ်တယ်...
ငြိမ်းချမ်းရေးကိုငတ်တယ်....
ရွှေဘကို ငတ်တယ်....
မောင်သာနိုးရဲ့ မလင်းပြာကိုငတ်တယ်...
စွန့်လွှတ်ပေးဆပ် သူရဲကောင်းဇာတ်လမ်းထဲက
ဓါးတောင်သံချောင်းကို ငတ်တယ်....။

ဒီတခါဆောင်းက
ပိုတကိုယ်ကောင်းဆန်တယ်..
ပိုဟိတ်ဟန်ကြီးတယ်။
ပို ဖြီးလုံးဖြန်းလုံးထုတ်တယ်။

မှန်ပြုတင်းမှာ
နှင်းခိုးပိန်းရိုက်လာ
ဟုတ်ပါရဲ့လား..။
အဆိပ်ခိုးတွေ
ဓါတုမိုးရည်
ဆားစ်ပိုးတွေလို့ ထင်နေသေးတယ်။
(မျက်ရည်တွေနဲ့ သွေးတွေလည်း ဖြစ်နေနိုင်ခဲ့)

ခေါင်းစွပ်မဲမဲ
လက်အိပ်မဲမဲနဲ့
လမ်းထဲသွားရင်
အကြမ်းဖက်သမား ထင်လေလားလို့
ငါ့ကိုယ်ငါ စိုးလာရပြန်
နှင်းခါးကြားထဲ မျက်နှာကိုပြန်ဖွင့်ပြရတယ်..။
ဟလိုက်ရင် "ဝှားကနဲ"ထွက်သွားတဲ့ အငွေ့တွေ
ပြန်ပြန်လိုက်သိမ်း
အမေရိကန်ဆန့်ကျင်ရေး လေစိမ်းတွေ ထင်သွားမှာစိုးလို့ မြိုမြိုချ
ရာဘာချိုဝါးရည်နဲ့ လှိမ့်ချရတယ်။
ကိုယ့်လျှာကို ကိုယ်ပြန်ကိုက်သိမ်း
မျက်မှန်စိမ်းတပ်
နားတွေလည်း ပြားကပ်နေတော့တယ်။

ကွင်းပြင်တွေက တစပြင်လိုဖြူဖွေး
သစ်ကိုင်းတွေက အရိုးတွေပြိုင်းပြိုင်းထောင်
ခဲနေတဲ့လေတွေက စောစောအမှောင်ချပစ်တယ်။

ကမ္ဘာတဘက်ခြမ်းမှာ ငတ်နေတာ
မဖြစ်နိုင်ပါဘူး။
တောင်းဆိုလွှာတော်တော်များများမှာ ငါလက်မှတ်ထိုးခဲ့သားပဲ။
ဝေလငါးတွေ မသတ်ဖို့
မြေမြှုပ်မိုင်းတွေ ရပ်ဖို့
သစ်ပင်တွေ အခုတ်ရပ်ဖို့
စီးကရက်ဖြတ်ဖို့
ငါ ... လက်မှတ်ထိုးခဲ့ပါတယ်။
(ကိုစိုးမြင့်လွတ်မြောက်ရေးတောင်ပါသေး..)

မလင်းပြာရယ်...
အခုတော့ ဒီလိုဖြစ်နေရတာ
ငါ အခါခါစိတ်ဓါတ်ကျတယ်။
ငါ အီရတ်ကို မသွားပါရစေနဲ့...။

ယောဟန်အောင်
ဖေ ၆၊ ၂၀၀၃။
ပြင် မေ ၁၆၊ ၂၀၀၃။
ပြင် မေ ၃၁၊ ၂၀၀၃။


ဒီကဗျာအတွက် ခံစားရမှု မှတ်စု (appreciation) ကို ကိုငြိမ်းအေးအိမ်က ရေးထားပေးတာ ကျေးဇူးတင်စွာ ဖတ်ရပါတယ်။ လင့်ခ် 

No comments:

Recent Comments