Pages

Wednesday, August 9, 2017

ရန်သူဝိုင်းခံနေရတဲ့ မြို့တော်က အစီရင်ခံစာ (Report From The Besieged City)

လက်နက်ကိုင်ပြီး သူများလိုတိုက်ခိုက်ဖို့ သိပ်အိုလွန်းပြီ။ 

သူတို့က စာနာစွာပဲ ပိုနိမ့်တဲ့ 'မှတ်တမ်းတင်တာဝန်' ငါ့ကို ပေးခဲ့ကြတယ်။
ငါ ဘယ်သူတွေဖတ်မယ်မှန်း မသိဘဲ မှတ်တမ်းတင်၊
ရန်သူဝိုင်းခံနေရတဲ့ သမိုင်းကိုပေါ့။

ငါ တတ်နိုင်သလောက်တိကျအောင် လုပ်တယ်၊ ကျူးကျော်မှုက ဘယ်တော့စမယ် မသိနိုင်ဘူး
လွန်လေတဲ့ နှစ် ၂၀၀ က ဒီဇင်ဘာ၊ စက်တင်ဘာမှာ မနေ့က အရုဏ်တက်လည်း ဖြစ်နိုင်တာပဲ
ဒီမှာရှိတဲ့ လူတိုင်းက အချိန်နဲ့ပတ်သက်ရင် အသိသညာတွေလွတ်ကုန်ကြပြီ။

ငါတို့မှာ ကျန်တာက ဒီနေရာကိုစွဲတဲ့ သံယောဇဉ်
ငါတို့က ဘုရားကျောင်းအပြိုအပျက်တွေနဲ့
တစ္ဆေလို ဥယျာဉ်တွေ၊ အိမ်တွေကို အုပ်ချုပ်နေတုန်း
ဒီအပြိုအပျက်တွေသာ ဆုံးရှုံးရရင်ဖြင့် ငါတို့မှာ ဘာမှကျန်မှာ မဟုတ်ချေဘူး။

ငါတတ်နိုင်သလောက်ရေးတယ်၊ အဆုံးမသတ်နိုင်တဲ့ ရက်သတ္တပတ် နရီများအတိုင်း
တနင်္လာ။     ။ သိုလှောင်ရုံတွေကုန်ပြီ၊ ကြွက်တွေက ဖလှယ်စရာငွေကြေးယူနစ်ဖြစ်လာ
အင်္ဂါ။     ။ မြို့တော်ဝန်ကို အမည်မသိသူများ သတ်သွား
ဗုဒ္ဓဟူး။     ။ ရန်သူနဲ့ အပစ်ရပ်ညှိနှိုင်းပွဲ၊ ရန်သူက ငါတို့သတင်းပို့သူကို ဖမ်းဆီးထိန်းသိမ်းထားခဲ့
ဘယ်မှာ ထိန်းသိမ်းထားမှန်း ငါတို့မသိ၊ ညှဉ်းပန်းနှိပ်စက်ခန်း ဖြစ်နိုင်
ကြာသပတေး။     ။ အပြင်းအထန် အစည်းအဝေးအပြီး ဟင်းခတ်အမွှေးအကြိုင်ကုန်သည်ရဲ့
ချွင်းချက်မရှိ လက်နက်ချရေးအဆိုကို လူများစု ပယ်ချခဲ့ကြ
သောကြာ။     ။ ပလိပ်ရောဂါစတင်၊
စနေ။      ။ ငါတို့ရဲ့ မမြင်ရတဲ့ ခုခံသူ
န၊ န၊ က ကိုယ့်ကိုယ်ကို သတ်သေ
တနင်္ဂနွေ။     ။ ရေလက်ကျန်မရှိတော့၊ 'မဟာမိတ်တံခါး' လို့ ခေါ်ကြတဲ့ အရှေ့တံခါးကို တိုက်ခိုက်လာမှု တွန်းလှန်ထုတ်နိုင်၊

ဒါတွေအားလုံး ပုံမှန်ရိုးစင်းဖြစ်မှန်းသိ၊ ငါ တခြားသူတွေ စိတ်လှုပ်ရှားအောင် မရေးနိုင်မှန်း ငါသိနေ။

ငါမှတ်ချက်တွေ ထည့်ရေးဖို့ ငြင်းဆန်တယ်၊ ငါခံစားချက်တွေ တင်းတင်းကျပ်ကျပ် ထိန်းသိမ်းပြီးရေးတယ်၊ ငါ အချက်အလက်ပဲ ရေးတယ်၊
နိုင်ငံခြားဈေးကွက်မှာ တန်ဖိုးထားကြမယ့် အချက်အလက်မျိုး
ဒါပေမယ့် ငါတို့မာနတချို့ကို ကမ္ဘာကိုသိစေချင်သေးတယ်။
စစ်ပွဲတွေကြောင့် ငါတို့က ကလေးအမျိုးအစားသစ်တခုကို မွေးဖွားပျိုးထောင်ခဲ့ကြ
ငါတို့ကလေးတွေက စိတ်ကူးယဉ်နတ်သမီးပုံပြင်တွေ မကြိုက်၊ သူတို့က သတ်တမ်းဖြတ်တမ်း ကစားကြ
နိုးထစဉ်နဲ့ အိပ်ပျော်စဉ်မှာ ဆွတ်ပြုတ်၊ ပေါင်မုန့်နဲ့ အရိုးအရင်းကို အိပ်မက်နေကြ
ခွေးတွေ၊ ကြောင်တွေလို။

ညနေခင်းတွေမှာ ငါမြို့တော်ကင်းစခန်းတွေကို လှည့်ကြည့်တယ်
ငါတို့ရဲ့ မသေချာလှတဲ့ လွတ်လပ်ခြင်းရဲ့ နယ်စပ်မျဉ်းတလျောက်
ငါတို့ရဲ့အလင်းရောင်အောက်က စစ်သားအုပ်စုတွေကို ကြည့်တယ်
သူသတ် ဘာဘေးရီးယန်းတွေ အော်ဟစ်နေတဲ့ ဗုံသံတွေကို ငါနားထောင်တယ်
အမှန်က ဒီမြို့တော် သူ့ကိုယ်သူ ခုခံနေတုန်းပဲဆိုတာ မယုံကြည်နိုင်စရာ
ဝိုင်းပတ်မှုက ကြာမြင့်လွန်းပြီ၊ ရန်သူတွေက ပြန်လှည့်ရဖို့ပဲ
သူတို့မှာ ငါတို့ကိုမျိုးဖြုတ်ချင်တာကလွဲလို့ စုစည်းညီညွတ်စေတဲ့ အကြောင်းမရှိဘူး
ဂို့သ်၊ တာတာတွေ၊ ဆွိဒ်စ်တပ်တွေ အင်ပိုင်ယာရဲ့ တပ်ရင်းတွေ
ပြောင်းနေပုံများ ထင်သာမြင်သာ၊
သူတို့အလံတွေက အရောင်တွေက မိုးကုတ်စက်ဝိုင်းအောက်က သစ်တောတွေလို ပြောင်းလဲလို့
နွေဦးမှာ နူးညံ့တဲ့ငှက်ရဲ့ အဝါရောင်ကနေ၊ အစိမ်း၊ ဆောင်းရဲ့ အနက်ရောင်ကို ပြောင်းလို့။

ညနေခင်းမှာ အချက်အလက်တွေက လွတ်မြောက်ပြီး၊ ငါတွေးနိုင်တယ်
ဝေးကွာလှတဲ့ အတိတ်တွေက အရေးကြီးကြောင်း
သာဓကအားဖြင့် ပင်လယ်တဖက်ကမ်းက ငါတို့မိတ်ဆွေတွေက
ရိုးရိုးသားသား စာနာသနားနေကြတာ ငါသိပါတယ်
သူတို့က ဂျုံအိပ်၊ ထောပတ်တွေနဲ့ နှစ်သိမ့်ခြင်း၊ အကြံဉာဏ်တွေ ပို့ကြတယ်
(သမ္မာကျမ်းလာ) ဒုတိယ ကမ္ဘာပျက်စဉ်တုန်းက ငါတို့ရဲ့ အရင်က မဟာမိတ်
သူတို့အဖေတွေက သစ္စာဖောက်ခဲ့ကြကြောင်းတောင် သူတို့ မသိပါဘူး
သူတို့ရဲ့သားတွေတော့ အပြစ်မတင်သင့်ပါဘူး
ဒါကြောင့် ငါတို့ကျေးဇူးတင်ပါတယ်
သူတို့က ထာဝရလောက်ကြာတဲ့ ပတ်ဝိုင်းခံရမှုမျိုး
သူတို့အထီးတည်း ကံဆိုးမိုးမှောင်တာမျိုး အတွေ့အကြုံ မရှိကြပါဘူး
 ဒလိုင်လားမားအတွက် ခုခံသူမျိုး၊
အာဖဂန် တောင်တန်းတွေပေါ်က ကာ့ဒ်တွေမျိုး၊

ငါ သင့်မြတ်ဖို့ တိုက်တွန်းတဲ့ စာသားတွေကို ခုရေးနေဆဲ
မပျော့ပြောင်းနိုင်သူတွေအပေါ် အသာစီးရလာခဲ့ပြီ
ပုံမှန် ချီတုံချတုံ ခံစားမှုမျိုးတွေက ချိန်ခွင်လျှာထဲ ရှိနေဆဲ။

သုဿာန်တွေက ကျယ်လာ၊ ခုခံသူတွေက နည်းလာ
နောက်ဆုံးတိုင်တဲ့အထိ ခုခံမှုကတော့ ဆက်ရှိနေမှာပဲ
အကယ်၍ မြို့တော်ကျပြီး၊ လူတယောက်လွတ်သွားနိုင်ရင်တောင်မှ
ပြည်ပြေးလမ်းမများထဲ ဒီမြို့တော်ကို သူ့ရင်ထဲ သယ်ဆောင်သွားလိမ့်မယ်
သူကိုယ်တိုင် မြို့တော်ဖြစ်လို့။

ငါတို့က ငတ်မွတ်နေတဲ့မျက်နှာ မီးလိုမျက်နှာ သေမင်းမျက်နှာကို ကြည့်လို့
အဆိုးဆုံးက - သစ္စာဖောက်တဲ့ မျက်နှာတွေ
ခုချိန်ထိတော့ ငါတို့အိပ်မက်တွေက သရော်မော်ကား လုပ်မခံရသေးဘူး။


ပိုလန်ကဗျာဆရာ ဘစ်နျူး ဟားဘတ် (Zbigniew Herbert) (၁၉၂၄-၁၉၉၈)

No comments:

Recent Comments