Pages

Sunday, August 2, 2009

ချစ်သမီးငယ် (၄)


မိတ်ဆွေများအတွက် စာလက်ဆောင်ကဏ္ဍမှာ ကွယ်လွန်လေသူ ကေအဲန်ယူ ခေါင်းဆောင် ဖဒိုမန်းရှာရဲ့ သမီး ဖြစ်သူ ဇိုရာဖန်း ရေးသားတဲ့ ချစ်သမီးငယ် စာအုပ်အကြောင်း တင်ပြနေပါတယ်။ အခုတပတ်မှာတော့ ဇိုရာဖန်း တို့ရဲ့ နေရာစခန်း မာနယ်ပလော ကျဆုံးရပုံနဲ့ ပြည်တွင်းစစ်မီး၊ ပဋိပက္ခတွေ အကြားမှာ စစ်ပြေးလွှားကြရပုံ၊ ထိုင်းနိုင်ငံနယ်စပ် ဒုက္ခသည် စခန်းမှာ ပြေးဝင် ခိုလှုံကြရပုံ၊ မတည်ငြိမ်တဲ့ ဘဝတွေ၊ အနာဂတ်တွေ ရင်ဆိုင်ကြရပုံကို ဆက် လက် တင်ပြထားပါတယ်။

သောတရှင်မိတ်ဆွေများခင်ဗျား။
အခု ချစ်သမီးငယ် ဆိုတဲ့ စာအုပ်ကို ရေးသားသူ ဇိုရာဖန်းက ၁၉၈၈ ခုနှစ်၊ လူထုအုံကြွမှု ဖြစ်ပွားစဉ်မှာ သူ ၉-နှစ်သမီး အရွယ်ပဲ ရှိတဲ့အကြောင်း ဖော်ပြခဲ့ပါတယ်။ သူ့က တောတွင်းက စခန်းမှာ ကျောင်းတက်ရင်း ကြီးပြင်း လာစဉ်မှာ မာနယ်ပလောဒေသကလည်း ဒီမိုကရေစီ အင်အားစုတွေ၊ တိုင်းရင်းသား အရေးလှုပ်ရှားနေကြတဲ့ တော်လှန်ရေး အင်အားစုတွေရဲ့ ဌာနချုပ်အဖြစ် ပိုမို အာရုံစိုက်ခံလာရသလို၊ တဖက်ကလည်း မာနယ်ပလော စခန်းကို ထိုးစစ်ဆင်ဖို့ အကြောင်း ဖြစ်လာပါတယ်။ ဇိုရာဖန်း ကြီးပြင်းလာတဲ့ ကာလမှာ မာနယ်ပလော အနီး က ရှေ့တန်းတောင်ကုန်းတွေပေါ်မှာ ထိုးစစ်ကြီးတွေလည်း ပွင့်လင်းရာသီ၊ နွေရာသီဆိုရင် နှစ်တိုင်းလိုလို ရှိနေခဲ့ ပါတယ်။ ၁၉၉၅ ခုနှစ်၊ နှစ်ဆန်းပိုင်းမှာတော့ မာနယ်ပလောစခန်းကို (နအဖ) စစ်အစိုးရတပ်တွေက သိမ်းပိုက် နိုင်ခဲ့ပါတယ်။ ဒီအချိန်မှာ ဇိုရာဖန်းက ဆယ်ကျော်သက် အရွယ် ဖြစ်နေပါပြီ။

အဲဒီ မာနယ်ပလောစခန်းမှာ နေထိုင်ရစဉ်ကာလကို ဇိုရာဖန်းရေးသား ဖော်ပြခဲ့တဲ့ နေရာမှာ အဲဒီကာလက လှုပ်ရှား တက်ကြွနေခဲ့တဲ့ မာနယ်ပလောရဲ့ နိုင်ငံရေးနောက်ခံကားချပ် အခြေအနေ၊ ထိုးစစ်ကြီးတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်နေခဲ့ရတဲ့ အခြေအနေကိုလည်း တတ်နိုင်သလောက် သူရေးသားဖော်ပြခဲ့ပါသေးတယ်။ အဲဒီအကြိမ်က တိုက်ပွဲတွေ အပြင်းအထန် ဖြစ်နေတဲ့ ထီးပါဝိကျိုး လို့ခေါ်တဲ့ ခွေးအိပ်တောင် တိုက်ပွဲခံစစ်အကြောင်းတွေကို လည်း သူက သေသေချာချာ ရေးခဲ့ပါ သေးတယ်။ ဒါပေမယ့်လည်း သူက ဖြစ်ခဲ့တဲ့သမိုင်းရဲ့ တစိတ်တပိုင်းကိုသာ သူမြင်ခဲ့တဲ့ရှုထောင့်က ရေးသားတင်ပြခဲ့တာ ဖြစ်ပါတယ်။ အဲသည်တော့လည်း သူရေးသားဖော်ပြချက်တွေက ကလေးဘဝအရွယ် ဖြတ်သန်းခဲ့ရလို့ အမှတ်မှား လေသလား၊ ဒါမှမဟုတ် သူက အတိတ်အကြောင်းတွေကို ပြန်ဖော်တဲ့အခါ တချို့ကိစ္စတွေက ကျွင်းကျန်နေသလားလို့ ခံစားမိပါတယ်။

သူက အဲဒီလို ဒီမိုကရေစီ အင်အားစုတွေ ရောက်လာကြတဲ့ အချိန်၊ ၁၉၈၉ ခုနှစ်ပိုင်းလောက်မှာပဲ သူ့ဖခင် ဖဒို မန်းရှာက ဝဒေသက တပ်တွေ အပစ်အခတ် ရပ်စဲရေး မလုပ်ကြဘဲ၊ စစ်အစိုးရကို လက်တွဲပြီး ပြန်လှန်တိုက်ခိုက် ကြဖို့ စည်းရုံးရ အောင်ဆိုပြီး၊ ဝဒေသကို တောလမ်းခရီးကြမ်းက ဖြတ်ပြီး စည်းရုံးရေးသွားခဲ့တယ်လို့ သူ့စာအုပ်မှာ ရေးပါတယ်။ ဒီနေရာမှာ ဝတပ်ဖွဲ့တွေအကြောင်း ဖော်ပြပုံကတော့ သမိုင်း အရ မပြည့်မစုံ နိုင်လှပါတယ်။ အရင် ဗမာပြည်ကွန်မြူနစ်ပါတီက ခွဲထွက် ခဲ့တယ်ဆိုတဲ့ ကိစ္စမျိုးဖော်ပြမထား သလို၊ ဝတပ်တွေကို ယခင်ခေါင်းဖြတ် နတ်ပူဇော်တဲ့ ဓလေ့ရှိတဲ့ အရိုင်းတွေလိုမျိုး၊ စစ်တိုက်တာတော့ ထက်မြက် လှတဲ့ တိုင်းရင်းသား တပ်တွေ အဖြစ်သာ ဖော်ပြခဲ့ပါတယ်။

ဒီလိုနဲ့ ၁၉၉၄ နှစ်ကုန်ပိုင်းလောက်မှာ မာနယ်ပလော ခံတပ်ကျဆုံး လက်လွှတ်ရဖို့ အကြောင်းဖြစ်လာပါတယ်။ ပင်မ အကြောင်း ကတော့ ကေအန်ယူရဲ့ တပ်တွေထဲက ဗုဒ္ဓြွဘာသာဝင်ရဲဘော်တွေက ခွဲထွက်ပုန်ကန်ကြပြီး၊ ထိုးစစ်ဆင်နေတဲ့ (နအဖ) စစ်အစိုးရတပ်တွေနဲ့ ပူးပေါင်းလိုက်တာကြောင့် ဖြစ်ပါတယ်။ မာနယ်ပလောကျဆုံး ခါနီးကာလမှာ ဗုဒ္ဓဘာသာဝင် ရဲဘော်တွေနဲ့ ခရစ်ယာန်အများစု ဖြစ်တဲ့ ကေအန်ယူခေါင်းဆောင်ပိုင်းတွေနဲ့ ပဋိပက္ခပြင်းထန်လာခဲ့ပါတယ်။ မြိုင်ကြီးငူ ဆရာတော်လို့ လူသိများနေကြတဲ့ သောင်ရင်းမြစ် မြစ်ဆုံက ဘုန်း တော်ကြီးတပါးက တောင်ထိပ်တခုမှာ စေတီဘုရား တဆူ တည်မယ်လို့ အဆိုပြုတာကို တားမြစ်ရာကနေ ပဋိပက္ခ စတင်ဖြစ်လာတာပါ။ ကေအန်ယူခေါင်းဆောင်တွေကတော့ စေတီဟာ အမြောက်၊ လက်နက်ကြီးတွေ အတွက် ပစ်မှတ်ဖြစ်မယ်၊ စစ်ပူနေတဲ့ကာလမှာ မဖြစ်သင့်ဘူးလို့ မြင်ကြပါတယ်။ ဗုဒ္ဓြွဘာသာဝင်တွေကတော့ သူတို့ ဘာသာရေးလုပ်ငန်းကို တားမြစ်တယ် မြင်ရာကနေ စတင်လာခဲ့တာပါ။ ကရင်ရဲဘော် တွေ လက်နက်ကိုင် ပြီး ဘုန်းကြီးနဲ့ ပူးပေါင်း ပုန်ကန်ကြတဲ့အခါမှာတော့ စေ့စပ်ဖြန်ဖြေဖို့ဆိုပြီး ဖဒိုမန်းရှာ အပါအဝင် ကရင်ခေါင်း ဆောင် အချို့ သွားရောက်ဆွေးနွေးခဲ့ကြပါတယ်။ အဲသည်မှာ ဖဒိုမန်းရှာနဲ့ ကရင်ခေါင်းဆောင်တဦးကို ဖမ်းပြီး ပုန်ကန် နေကြတဲ့ တပ်တွေက ဘုန်းကြီးကျောင်းအောက်က မြေအောက် အချုပ်မှာ ချုပ်ထားလိုက်ပါတယ်။ ဒီလို တင်းမာ နေတဲ့ အနေအထားကနေ သတ်ခံရတဲ့အထိလည်း ဖြစ်နိုင်ပါတယ်။ ဒီလိုအခြေအနေမှာ ဇိုရာဖန်းတို့ မိသားစုတွေ ဘယ်လောက် အထိ ပူဆွေးသောက ရောက်ကြရတယ်ဆိုတာကို သူ့စာအုပ်မှာ ရေးသားခဲ့ပါ တယ်။ အရင်က စိတ်ဓါတ် မာကျောလှတဲ့ သူ့မိခင်တောင် ထမင်းမစား၊ မသောက်နိုင် အိပ်ယာထဲ လဲတဲ့အထိ ဖြစ်ခဲ့ရပါတယ်။ သူတို့ မောင်နှမ ကလေးတွေလည်း ပူပန်နေကြရပါတယ်။ တပတ်အကြာမှာတော့ ဖဒိုမန်းရှာ ပြန်လွတ်လာပြီး၊ သူတို့ဆီ ပြန်ရောက်လာတဲ့ အခါ ဘယ်လောက်အထိ ဝမ်းမြောက်ကြရတဲ့အကြောင်းကိုလည်း စိတ်လှုပ်ရှားဖွယ် ရေးသားဖော်ပြခဲ့ပါသေးတယ်။

ဒါပေမယ့် ဘာဖြစ်လို့ ဗုဒ္ဓဘာသာဝင် ကရင်ရဲဘော်တွေက ခွဲထွက်ပုန်ကန်ကြတာလဲ၊ ဘာဖြစ်လို့ ဒီကေဘီအေ လို့ခေါ်တဲ့ တပ်တွေဖြစ်လာရတာလည်းဆိုတာ သုံးသပ်ဖော်ပြထားတဲ့ နေရာမှာတော့ တဖက်သတ်ဆန်တယ် လို့ မြင်မိပါတယ်။ ဇိုရာဖန်းက သူ့စာအုပ်မှာ ဖော်ပြထားတာကတော့၊ ဒီကေဘီအေရဲ့ ခေါင်းဆောင်လိုဖြစ်နေ တဲ့ ဒီလုပ်ကြံမှုကြီးတခုလုံးကို နောက်ကွယ်က ကြိုးကိုင်သွားတဲ့ ဘုန်းကြီးက စစ်အစိုးရက လွှတ်လိုက်တာ၊ သူကပဲ ပြဿနာတွေဖန်တီး၊ ကေအန်ယူ အဖွဲ့ကို ကွဲထွက်အောင်လုပ်၊ နောက်ဆုံး မာနယ်ပလောဌာနချုပ် ကျဆုံးရ အောင် ဖန်တီးခဲ့ဟန် ရေးပါတယ်။ ဘာသာရေး ကို ယုံကြည်လေးစားကြတဲ့ ကရင်လူမျိုးတွေရဲ့ ရိုးသား မှုကို အမြတ်ထုတ်အသုံးချခဲ့တယ်လို့ သုံးသပ်ပါတယ်။ “စစ်အစိုးရ မှာ ထောက်လှမ်းရေးယန္တယား အကြီးကြီး ရှိနေတယ်၊ ဒီကိစ္စတခုလုံးကို စီစဉ်ခဲ့တယ်” လို့ သူတို့အဖေ ဖဒိုမန်းရှာက ပြန် ပြောပြတယ်လို့လည်း ဖော်ပြခဲ့ ပါသေးတယ်။ မိသားစုဝင်တဦး ဖမ်းခံရလို့၊ နစ်နာလို့ ဖြစ်တဲ့ ခံစားမှုတွေတော့ စာနာ နိုင်ပါတယ်။ ဒါပေမယ့် လည်း ဘုန်းကြီးကိစ္စက လတ်တလောပြဿနာ မီးပွားပါ။ ဒီလို ပြဿနာတွေ ဖြစ်ရတာက တငွေ့ငွေ့အုံနေတဲ့ ရေရှည်အကြောင်းတွေလည်း ရှိနေနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ပြည်တွင်းစစ် ပဋိပက္ခထဲမှာ ဖြတ်သန်း ကြီးပြင်းရတဲ့ ကလေးတဦးအတွက်ကတော့ တကယ့်ကို မမျှမတဒဏ်ရာ ဒဏ်ချက်တွေ ဖြစ်နေနိုင်တာကို ခံစားနားလည် မိပါတယ်။

ဒီလိုနဲ့ သူတို့တတွေ မာနယ်ပလောစခန်းကနေ ဆုတ်ခွာထွက်ပြေးကြရပါတယ်။ ဖဒိုမန်းရှာကတော့ တာဝန် တွေနဲ့ ဗိုလ်ချုပ် မြ အနားမှာ ရှိနေတဲ့အချိန်မှာ အမေဖြစ်သူကဘဲ ဦးဆောင်ပြေးကြရတာပါ။ အိမ်တွေ မီးလောင် နေတာ၊ သေနတ် လက်နက်ကြီးသံတွေ နီး နီးလာတာ၊ ဒဏ်ရာရသူ၊ အခြား သူအို၊ ကလေး၊ ပစ္စည်းအထုပ် အပိုးတွေနဲ့ ပြေးကြရပုံကို သူက ဆက်လက်ရေးပြခဲ့ပါတယ်။ ဇိုရာဖန်းကတော့ သူ့ခေါင်းထဲမှာ အဖြေမရှိတွေး နေမိပါတယ်။ ဘာဖြစ်လို့ သူတို့က လာရန်ပြု ကြတာလဲ၊ သူတို့က ဘာအမှားတွေ ရှိခဲ့လို့လဲ၊ ဘာဖြစ်လို့ သူတို့ ကိုမှ ကွက်ပြီး အန္တရာယ်ပေးရတာလဲ၊ ဘာဖြစ်လို့ သူတို့ အိုးအိမ်တွေကိုမှ ဖျက်ဆီးချင်ရတာလဲ တွေးနေမိပါ တယ်။ သူတို့ ကြောက်ရွံ့နေကြရတဲ့အဖြစ်ကိုလည်း မချွင်းမချန် ရေးခဲ့ပါတယ်။ အဖေဖြစ်သူကိုလည်း စိတ်ပူနေ ကြရပြန်ပါတယ်။ သူတို့ မျှော်လင့်ချက်ကြီးခဲ့တဲ့ ပညာရေး၊ အနာဂတ် တွေက ဘယ်လိုဖြစ်လာမှာလဲ၊ သူတို့ အိမ်ကို နောက်တကြိမ် ပြန်မြင်ကြရဦးမှာလား၊ အမေးတွေနဲ့ သူအဖြေမရှိသလို ဒုက္ခသည်အားလုံးကလည်း တိတ်ဆိတ်၊ ထိတ်လန့်၊ စိတ်ဒဏ်ရာ ဖြစ်နေကြရပါတယ်။ နောက်တော့ သူတို့ ထိုင်းနိုင်ငံ ဒုက္ခသည်စခန်းထဲ ခိုလှုံရပုံ၊ ဒုက္ခသည်စခန်းထဲထိတောင် ဒီကေဘီအေအဖွဲ့တွေက လာတိုက်ခိုက်တာ ကြုံတွေ့ရပုံတွေကို နောက်အပတ်မှာ ဆက်လက်ဖော်ပြပါမယ်။ အားလုံး ငြိမ်းချမ်းပျော်ရွှင်ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

No comments:

Recent Comments