Pages

Monday, March 2, 2009

နိုင်ငံသစ် မနက်ဖြန် (၂၀)။ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ


သောတရှင်မိတ်ဆွေများခင်ဗျား။
တောင်အာဖရိကနိုင်ငံသစ်ရဲ့ ဒီမိုကရေစီ ဖွဲ့စည်းပုံအတွက် ဆွေးနွေးကြတဲ့ ဒုတိယအကြိမ်မြောက် ပါတီပေါင်စုံ ညီလာခံ၊ ကိုဒက်ဆာ -၂ က အဖုအထစ် မကျေလည်မှုတွေနဲ့ ၁၉၉၂ ခုနှစ် နှစ်လည်မှာ ရပ်ဆိုင်းသွားခဲ့ပါတယ်။ လူမဲခေါင်းဆောင် မင်ဒဲလားကလည်း တောင်းဆိုချက် ၁၄ ချက်ကို တောင်း ပြီး မရမချင်း ဆွေးနွေးပွဲ တွေက နှုတ်ထွက်ကြောင်း ကြေညာ ခဲ့ပါတယ်။ ဒီအချိန်မှာ သွေး ထွက် သံယို တိုက်ခိုက်မှုတွေကလည်း ပြင်ပမှာ တိုးတက်လို့ ဖြစ်ပေါ်နေခဲ့ပါတယ်။

ဒီအချိန်မှာ မင်ဒဲလားတဦးတည်းက ပုဂ္ဂိုလ်ရေးအရ တွေ့ဆုံဆွေးနွေးရေးကို ယုံကြည်သော်လည်း၊ အဖွဲ့ရဲ့ မူဝါဒ ချမှတ်မှု ချိန်ခွင်လျှာက သဘောထားတင်းမာသူတွေဖက်ကို အသာစီး ရစေခဲ့ပါတယ်။ ကိုဒက်ဆာ-၂ ညီလာခံပျက်လို့ ၂ ပတ် အကြာမှာ အေအဲန်စီက မဟာဗျူဟာညှိနှိုင်းတဲ့ အစည်းအဝေး လုပ်ခဲ့ပါတယ်။ မင်ဒဲလား က အလုံးစုံ အာဏာပိုင်သူတော့ မဟုတ်ပါဘူး။ အစည်းအဝေးမှာ တော့ "လူထု လှုပ်ရှားမှုတွေ လှိုင်းလို လိမ့်နေ စေ ရန်" ဆိုပြီး ဆုံးဖြတ်ချက် ကျလာခဲ့ပါ တယ်။ လက်နက်ကိုင် တော်လှန်ရေး ပြန်မစရင် တောင်မှ လူထုလှုပ်ရှားမှု တွေနဲ့ ဖိအားပေးရမယ် ဆိုတာမျိုး စဉ်းစားခဲ့ကြ ပါတယ်။ သပိတ်တွေ တလုံးပြီး တလုံးမှောက်၊ ဆန္ဒပြပွဲတွေ ဆက်တိုက်ဖြစ်လာဖို့ စီစဉ်ကြပါတယ်။ ဒီလှုပ်ရှားမှု ဗျူဟာ တွေ စီမံဖို့ ကော်မတီ တရပ်ဖွဲ့ပြီး ရိုနီကာဆေးလ်ကို တာဝန်ပေးခဲ့ပါတယ်။ သူက ယခင်ပြောက်ကျားတပ်ဖွဲ့ တွေရဲ့ ထောက်လှမ်းရေးမှူးဖြစ်ပြီး၊ စွန့်စားလုပ်ရဲလို့ နာမည်ကြီးသူလည်း ဖြစ်ပါတယ်။

အေအဲန်စီ ခေါင်းဆောင်တွေဖက်မှာလည်း မကျေပွဲနွှဲချင်သေးတဲ့ လျှို့ဝှက်ဆန္ဒကလေး က ရှိနေကြပါသေးတယ်။ သူတို့မြေပေါ် ပြန်ရောက်လာပြီးတဲ့နောက်ပိုင်း မိမိမြေပေါ်မှာ အခုအချိန်အထိ ခေါင်းဆောင်၊ ငယ်သားစုံစုံညီညီ အစည်းအဝေးခေါ် တွေ့ဆုံတာမျိုး မရှိရသေးပါဘူး။ မိမိအင်အားသစ်တွေကိုလည်း လွတ်လွတ်လပ်လပ် စည်းရုံး သိမ်းသွင်းခွင့် မရနိုင်ကြသေး ပါဘူး။ ဒီအချိန်မှာ အစိုးရဖက်က အေအဲန်စီ အင်အားချိနဲ့စေဖို့၊ အေအဲန်စီနဲ့ ဆန့်ကျင်သူ တွေကို ထောက်ပံ့အားပေးလို့ အပြင်းအထန် လှုပ်ရှားနေကြပါတယ်။ ဒီလိုနဲ့ သဘောထား ပြင်းထန်သူတွေက လှုပ်ရှားမှုအတွက် စာတမ်းတစောင် တင် သွင်းလာခဲ့ပါတယ်။ သူတို့က ဖိနှိပ်မှုအများဆုံး ခံနေရတဲ့ ဟုမ်းလင်း တိုင်းရင်းသားဒေသ ၃ ခုဖြစ်တဲ့ ဆစ်စကီ၊ ဘိုဖူသာ ဆွာနာ၊ ကွာဇူးလူးဒေသတွေမှာ လှုပ်ရှားမှုဖော် စတင်ဖောက်ခွဲဖို့ တင်ပြလာကြတာပါ။

ဆစ်စကီဒေသ ဆိုတာက အေအဲန်စီရဲ့အမာခံဒေသဖြစ်တဲ့ ကိပ်တောင်းòမိ့နဲ့ အရှေ့ဖက် အသည်းနှလုံးလို နေရာ ဖြစ်နေပါ တယ်။ ဒီဟုမ်းလင်းခေါ် တိုင်းရင်းသားတွေအတွက် ပေးထားတဲ့နေရာကို အုပ်ချုပ်ခွင့်ရနေတာက စစ်ခေါင်းဆောင် အိုပါ ကွာဇိုခေါ်တဲ့ လူရမ်းကား တဦးပါ။ သူက သံတုတ်တချောင်းကိုင်လို့ အုပ်ချုပ်မင်းမူနေ သလို၊ အေအဲန်စီ ထောက်ခံသူ တွေကိုလည်း ခေါင်းမထောင်နိုင်အောင် ဖိနှိပ်ထားပါတယ်။ လေ့လာကြည့်တဲ့ အခါကျတော့ လူထုထောက်ခံမှုကလည်း လုံးဝ မရှိ၊ လူဖြူအရာရှိတွေ၊ စစ်တပ်တွေ၊ ပုလိပ်တွေ ကျားကန်ပေး ထားလို့သာ ရပ်တည်နိုင်တဲ့ အခြေအနေပါ။ သူက ရွေးကောက်ပွဲ မခေါ်နိုင်အောင်လည်း ညစ်ထားပါတယ်။ သည်တော့ စစ်သွေးကြွသူတွေက ဆစ်စကီဒေသကနေ တော်လှန်ရေးစတင်လှုပ်ရှား သင့်ပြီလို့ ယူဆလာကြ ပါတယ်။ လူရမ်းကား အိုပါကွာဇိုရဲ့ လက်ကိုင်ဒုတ်တပ်တွေ၊ ဝန်ထမ်းတွေကလည်း လူထုလှုပ်ရှားမှု ပေါ်လာရင် လူထုနဲ့ လာပေါင်းကြမယ်လို့ တွက်ထားခဲ့ကြပါတယ်။ တောင်အာဖရိက အစိုးရတခုလုံးကို မဖြုတ်ချနိုင်သည့် တိုင်အောင် ဒီနယ်ကလေးမှာ ဘေးနံတောင်းကို လှဲသလို အုပ်ချုပ်ရေးကို လှဲပစ်နိုင်မယ် တွက်ထားကြပါတယ်။

ဒီနောက်တော့ လှုပ်ရှားသူတွေက စက်တင်ဘာလ ၃ ရက်နေ့မှာ အိုပါကွာဇိုကို ဒေသအုပ်ချုပ်ရေး တာဝန်ခံ အဖြစ်က ဖယ်ပေး ဖို့၊ ကြားဖြတ်အုပ်ချုပ်ရေးအဖွဲ့နဲ့ အစားထိုးဖို့၊ လွတ်လပ်စွာ နိုင်ငံရေးလှုပ်ရှားခွင့်ပြုဖို့ တောင်းဆိုစာကို သမ္မတ ဒီကလပ်ဆီကို ပေးပို့ခဲ့ပါတယ်။ သမ္မတ ဒီကလပ်ကလည်း ငြင်းပါတယ်။ သူက ဆစ်စကီဟာ လွတ်လပ်တဲ့ဒေသတခု၊ သူ့ဖာသာ အာဏာ ပိုင်တယ်လို့ အကြောင်းပြပါတယ်။

ဒီလို စာအသွား အပြန်တောင်းဆိုနေကြချိန်မှာ လှုပ်ရှားသူတွေကလည်း ပြင်နေကြပါပြီ။ သူတို့က စက်တင်ဘာ လ ၇ ရက်နေ့ ကို စီစဉ်ထားကြပါတယ်။ အကြံက စစ်စကီဒေသရဲ့ မြို့တော် ဘီသျှိုးမှာ လူထုတွေ လမ်းပေါ်ထွက် ကြမယ်၊ ပြီးတဲ့အခါ လူထု သပိတ်စခန်းဖွင့်လို့ အိုကွာပါဇို နှုတ်ထွက်ဖို့ ဖိအားပေးကြမယ်။ အိုကွာပါဇိုကလည်း ဒီလို လုပ်ရင် ပစ်မိန့်ပေးမယ် ခြိမ်းခြောက် ထားပေမယ့် သူတို့က ဂရုမစိုက်ကြပါဘူး။ သူ့လက်နက်ကိုင်တပ်တွေ ကလည်း အိုကွာပါဇိုကို ရွံမုန်းနေကြတော့ လူထုကို ပစ်မှာ မဟုတ်ဘူးလို့ တွက်ထားကြပါတယ်။ သူတို့က မြေသြဇာကြွယ်ဝနေတဲ့ မြေကို ထွန်ယက်ကြတော့မယ်လို့ အချို့သတင်းစာ သမားတွေကတောင် အခြေအနေကို တွက်ဆရေးသားခဲ့ကြပါတယ်။

အားစမ်းပွဲကြီးတော့ ကြည့်ရတော့မယ့် အခြေအနေ ဖြစ်နေပါပြီ။ ဒေသ အုပ်ချုပ်သူ အိုပါကွာဇိုက ဆန္ဒပြပွဲကို တားမြစ်ဖို့ အရေး ပေါ် တရားရုံး တားမြစ်မိန့်ကို ယူပါတယ်။ နောက်ဆုံး ညနေပိုင်းမှာတော့ တရားရုံးက ကြားချတဲ့ ဆုံးဖြတ်ချက် တခု ကို ပေးလာ ခဲ့ပါတယ်။ ဆန္ဒပြသူ တွေက ဘီသျှိုးမြို့ထဲ မဝင်ရ၊ မြို့ပြင်ဖက် တမိုင်ခွဲအကွာ အားကစားကွင်းမှာ စုစည်းနိုင် တယ်။ ကျော်ပြီး တော့ ချီတက်ခွင့် မပြုဖူးလို့ ပြောလာခဲ့ပါတယ်။

ဒီအချိန်မှာ လှုပ်ရှားမှုခေါင်းဆောင် ရိုနီကာဆေးလ်က ကြံထားတာ ရှိပါတယ်။ သူက နေရာအခင်းအကျင်းကို ကြိုတင် ကြည့် ထားပြီး ပြင်ထားပါတယ်။ လူတွေက အားကစားကွင်းမှာ စတင်စုမယ်။ ပြီတဲ့အခါ သံဆူးကြိုး ပေါက်ပြဲနေတဲ့ နေရာတွေက တဆင့် ကားလမ်းမကြီးကိုဖြတ်လို့ òမိ့ထဲကို ဆက်ချီတက်ကြမယ် လျာထားခဲ့ပါတယ်။ ကျန်တဲ့ အေအဲန်စီ ခေါင်းဆောင် တွေ ကိုလည်း သူ့အကြံကို နားချနိုင်ခဲ့ပါတယ်။

စက်တင်ဘာ ၇ ရက်နေ့ ရောက်လာခဲ့ပါပြီ။ လူတွေက ခြိမ့်ခြိမ့်သဲ စုဝေးခဲ့ကြပါတယ်။ သီချင်းသံတွေ၊ ကြွေးကြော်သံတွေနဲ့ သံပြိုင်အော်ဟစ် ဆူညံနေကြပါတယ်။ အာဏာပိုင်တွေဖက်ကလည်း တပ်တွေနဲ့ အဝေးပြေး ကားလမ်းမကြီးပေါ်မှာ ပိတ်ဆို့ နေရာယူထားကြပါပြီ။ နေကတော့ ခြစ်ခြစ်တောက် ပူလောင်နေပေမယ့် လူတွေက တက်ကြွနေကြပါတယ်။ ရိုနီကာဆေးလ် အပါအဝင် အခြားခေါင်းဆောင်တွေက ဦးဆောင်ချီတက်လာပါ တယ်။ အဲသည်အချိန်မှာပဲ လူအုပ် နောက်ဆီက ပစ်ခတ်သံ တွေကို ကြားရပါတော့တယ်။ ဖြစ်ရပ်အမှန်က လူ အုပ်ကြီး ရှေ့ချီတက်နေစဉ်မှာ အချို့သော သူတွေက သံဆူးကြိုးတွေဖြဲလို့ ကြိုတင်ကြံစည်ထားတဲ့အတိုင်း ကွင်းပြင်ကိုဖြတ် နယ်စပ်ဖြတ်ကျော်ဖို့ ကြိုးစားကြပါတယ်။ ဒါပေမယ့် သူတို့တွက်ကိန်း လွဲခဲ့ ပါတယ်။ စနစ်တကျ လေ့ကျင့်ထားမှု မရှိတဲ့ အိုပါကွာဇိုရဲ့ လက်မရွံ့တပ်သားတွေ စည်းကမ်းမဲ့ပုံကို သူတို့လျှော့တွက်ခဲ့မိတာပါပဲ။ ပစ်တာကမှ ပရမ်းပတာ လူအုပ်ထဲပစ်ထဲ့သလို၊ လက်ပစ်ဗုံးတွေနဲ့လည်း ပစ်ကြပါတယ်။ လူတွေကလည်း ပရမ်း ပတာ ပြေးကြ၊ ပုန်းကြနဲ့ ကွင်းပြင်ကြီးထဲ အတော်များများ ထိခိုက်ဒဏ်ရာ ရကြပါတယ်။ စာရင်းချုပ်တော့ ဆန္ဒပြသူ ၂၈ ဦး သေဆုံးပြီး ၂ဝဝ ကျော် ဒဏ်ရာရရှိခဲ့ပါတော့တယ်။

ဒီအဖြစ်အပျက် အပြီးမှာတော့ မင်ဒဲလားက သမ္မတဒီကလပ်ကို သပြေခက်ကမ်းခဲ့ပါတယ်။ အေအဲန်စီရဲ့ သဘောထား တင်းမာ သူ တွေကလည်း သူတို့အကြံ အလုပ်မဖြစ်ကြတဲ့အခါ ဆုံးဖြတ်ချက်ချရာ ချိန်ခွင်လျှာက တွေ့ဆုံဆွေးနွေးရေးဖက်ကို ပြန်လှည့် လာပါတော့တယ်။ မင်ဒဲလားက ယခင် တောင်းဆိုချက် ၁၄ ခုအစား၊ ၃ ချက်ကို လျှော့ချလို့ ပြန်အဆိုပြုပါတယ်။ အငြင်းပွားဖွယ် ဖမ်းထားတဲ့ နိုင်ငံရေးအကျဉ်းသား ၂ဝဝ ကို ပြန်လွှတ်ဖို့၊ လူမဲအလုပ်သမားတန်းလျား (၁၈) ခုကို လုံခြုံရေး အာမခံပေးဖို့၊ ယဉ်ကျေးမှုအရ ကိုင်ခွင့်ပေး ထားတဲ့ လက်နက်ကိုင်ခွင့်တွေကို ပိတ်ပင်ပေးဖို့ပဲ တောင်းဆိုထားပါတော့တယ်။ သူက အင်တာ ဗျူး တခုမှာ ဒီ ၃ ချက်ကို ဖြေရှင်းပေးမယ်လို့သာ နှုတ်ကတိပေးပါ။ သူ့လူထုကို သူဖြောင်းဖြမယ်၊ ကျနော်တို့ ပြန်တွေ့ဆုံကြရ အောင် ဆိုပြီး ကမ်းလှမ်းခဲ့ပါတယ်။

ဒီအင်တာဗျူးအပြီး ၂-ရက်အကြာမှာတော့ ဒီလိုပြဿနာတွေအတွက် ထိပ်သီးဆွေးနွေးပွဲ တက်ရောက်ဖို့ မင်ဒဲလားကို ဖိတ် ကြား လာခဲ့ပါတယ်။ မင်ဒဲလားကလည်း အပြုသဘောတုံ့ပြန်ခဲ့ပါတယ်။ တကယ်တော့ လူဖြူ-လူမဲ အပြန်အလှန် မှီခိုနေကြရတဲ့ အခြေအနေပါ။ အကယ်၍ အကြမ်းဖက်မှုတွေက ထိန်းမနိုင် သိမ်းမရ ဆက်သွားကြမယ်ဆိုရင်လည်း နှစ်ဖက်စလုံး အရှုံးကို ရင်ဆိုင်ကြရတော့မှာ ဖြစ်ပါတယ်။ တောင်အာဖရိက က အတိုက်အခံ နိုင်ငံရေးခေါင်းဆောင် ၂ ဦးကတော့ ဒီအခြေအနေကို ရန်ဖြစ်နေတဲ့ အရက်မူးသမား ၂ ယောက်နဲ့ ဥပမာပေးခဲ့ပါတယ်။

မူးနေစဉ်မှာ ပါးစပ်နဲ့ လေလား မိုးလား ခြိမ်းခြောက်နိုင်တယ်၊ လက်ညှိုးထိုး နင်ပဲငဆ ပြောနိုင်တယ်။ တကယ်တော့ အမူးလွန် နေတော့လည်း တယောက်ကို တယောက် တကယ်ထိုးကြိတ်ဖို့လည်း ဟန်နိုင်ကြတော့တာ မဟုတ်ပါဘူး။ မတ်မတ်ရပ် နိုင်ဖို့ တောင် တဦးနဲ့တဦး ပြန်မှီခိုတွဲထားကြရတဲ့ အခြေအနေပါတဲ့။ ဒီလိုနဲ့ ပြေလည် ရေးဆီ ပြန်ဦး တည်ခဲ့ကြပါတယ်။ မြန်မာနိုင်ငံရဲ့ ပဋိပက္ခတွေမှာလည်း ပြေလည်ရေးလမ်းဆီ ဦးတည်နိုင်ကြပါစေလို့ ဆုတောင်းရင်း ဒီအပတ်နားပါရစေ။ အားလုံး ငြိမ်းချမ်း ပျော်ရွှင်နိုင်ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

No comments:

Recent Comments