Pages

Sunday, March 1, 2009

နိုင်ငံသစ် မနက်ဖြန် (၁၉)။ အကြမ်းဖက်မှုများ၏ နောက်ကွယ်- ၂


သောတရှင်မိတ်ဆွေများခင်ဗျား။
ယခင်တပတ်က တောင်အာဖရိကနိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ နိုင်ငံရေးအကြမ်းဖက်မှုတွေရဲ့ နောက်ကွယ် မှာ ဘယ်သူတွေ ရှိနေနိုင်တယ်ဆိုတာ ကျနော်ပြောပြခဲ့ပါတယ်။ သမ္မတ ဒီကလပ်ကိုယ်၌က မပတ်သက်ရင်တောင်မှ အစိုးရ ထဲမှာရှိတဲ့ တတိယအင်အားစု တခုခုက ဆောင်ရွက်ခဲ့လေ ရော့ သလားဆိုတာလည်း ထင်ကြေးပေးခဲ့ကြသူတွေ ရှိခဲ့ကြပါတယ်။ ဒီတပတ်မှာတော့ တောင်အာဖရိက ထောက်လှမ်းရေး၊ သို့မဟုတ် လျှို့ဝှက်တပ်ဖွဲ့တွေက ဘယ်လို ကိစ္စမျိုးတွေကို ဆောင်ရွက်ခဲ့ကြတယ် ဆိုတာ တင်ပြရင် ကောင်းမယ်ထင်ပါတယ်။ ဒါမှသာပဲ အသေး စိတ် နောက်ခံကားကို ပိုလို့ မှန်းဆ နိုင်မှာ ဖြစ်ပါတယ်။

၁၉၆ဝ ခုနှစ်ကာလမှာတော့ ထောက်လှမ်းရေးတပ်ဖွဲ့တွေကို နိုင်ငံတော်လုံခြုံရေးဗျူရို၊ အင်္ဂလိပ်လို အတို ကောက် (BOSS) လို့ခေါ်တဲ့ ဌာနအောက်မှာ စုစည်းခဲ့ကြပါတယ်။ ၁၉၇၉ ခုနှစ် နောက်ပိုင်းမှာတော့ ဒီအဖွဲ့ကိုပဲ နာမည် ပြောင်းပြီး အမျိုးသား ထောက်လှမ်းရေးဌာန လို့ ပြောင်းလဲခေါ်ဝေါ်စေခဲ့ပါတယ်။ ဒီဌာနကို ဖွဲ့စည်းခဲ့စဉ် ကတည်းက တောင်အာဖရိကနိုင်ငံကို ကွန်မြူနစ်ထိုးဖောက်မှုရန်က ကာကွယ်ဖို့ ဖွဲ့စည်းထားတာဖြစ်သလို၊ လူမဲတွေရဲ့ တော်လှန်ရေးအဖွဲ့ အေအဲန်စီကိုလည်း ကွန်မြူနစ်တွေလို့ မြင်နေခဲ့ကြပါတယ်။ အမှန်တကယ်က လည်း တချိန်မှာ လူများစုဖြစ်တဲ့ လူမဲတွေ လွှမ်းမိုးသွားမှာ စိုးရိမ် နေတဲ့ လူဖြူအာဖရိကန်နာတွေရဲ့ သံသယ ကြောက်စိတ်ကို ကိုယ်စားပြုထားတာဆိုရင်လည်း မမှာပါဘူး။ သမ္မတဘိုသာ လက်ထက်မှာတော့ ဒီဌာနကို အားဖြည့်ဖို့ လုပ်ဆောင်ခဲ့တာတွေတောင် ရှိပါတယ်။ သူက အမျိုးသား လုံခြုံရေး ထိန်းသိမ်းမှု စနစ်၊ အင်္ဂလိပ်လို အတိုကောက် (NSMS) လို့ခေါ်တဲ့ လုံခြုံရေးအစီအမံတခုကိုပါ ထပ်မံဖွဲ့စည်း ခဲ့ပါတယ်။ ဒီစနစ်ကို သမ္မတ ဘိုသာ ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်တဲ့ နိုင်ငံတော်လုံခြုံရေးကောင်စီက ကွပ်ကဲပါတယ်။ ဒီလုံခြုံရေးစနစ်ကော်မတီ က ဝန်ကြီးအဖွဲ့ ကက်ဘိနက်ထက်တောင် အာဏာရှိတယ်လို့လဲ ဆိုခဲ့ကြပါတယ်။ ဒီဌာနက တောင်အာဖရိက မှာရှိတဲ့ ဘယ်လို အစိုးရဝန်ကြီး ဌာနမျိုးကို မဆို ဝင်ရောက်စွက်ဖက်ခွင့် ရှိသလို သူက တောင်အာဖရိက လုံခြုံရေးအတွက် ဦးဏှောက်သဖွယ် ဖြစ်နေပါတယ်။ ဒီဌာနက ဝန်ထမ်းတွေကိုလည်း တောင်အာဖရိက နိုင်ငံကြီး ကွန်မြူနစ်စနစ်အောက် မကျရောက်ဖို့ သေရေးရှင်ရေး အလုံးစုံ စစ်ပွဲကြီး ဆင်နွှဲနေရတယ်လို့ ဝါဒဖြန့် ရိုက်သွင်း ထားခဲ့ပါတယ်။ နိုင်ငံလုံခြုံရေးအတွက် လိုအပ်လာရင် ဘာလုပ်လုပ် တရား တယ်။ လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့် အာဏာအပြည့်လဲ ပေးထားပါတယ်။

တောင်အာဖရိက ထောက်လှမ်းရေးအဖွဲ့တွေက ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းတွေကိုလည်း ပြန်ကြည့်ကြရအောင် ပါ။ သူတို့က တောင်အာဖရိကနဲ့ နယ်နိမိတ်ချင်း ထိစပ်တဲ့ နိုင်ငံတွေမှာ နိုင်ငံရေးမတည်ငြိမ်အောင် အမြဲတစေ လုပ်ထားခဲ့ကြပါတယ်။ သူတို့အမြင်က အိမ်နီးချင်းနိုင်ငံတွေကို ခုတုန်းလုပ်ပြီး ဆင်နွှဲလာမယ့် ပြောက်ကျားစစ် ရန်ကို ကာကွယ်ဖို့အတွက် ဒီနိုင်ငံတွေကို သွားပြီး မတည်မငြိမ် ဖြစ်နေစေတဲ့သဘောပါ။ အဲသည်တော့ အိမ်နီးချင်း နိုင်ငံတွေက သူပုန်တပ်ဖွဲ့တွေကို အားပေးထောက်ပံ့တာရှိသလို ရွေးကောက်ပွဲတွေမှာလည်း ဝင်ရောက် နှောက်ယှက် သွေးထိုးခဲ့ကြပါတယ်။ ယခင် လူဖြူတွေ အုပ်ချုပ်တဲ့ ရိုဒီးရှား၊ နောက်ပိုင်း လွတ်လပ်တဲ့ ဇင်ဘာဘွေ ဖြစ်လာတဲ့ နိုင်ငံမှာလည်း ရီနာမို (Renamo) သူပုန်အဖွဲ့ကို ထောက်ခံအားပေးခဲ့သလို၊ အင်ဂိုလာနိုင်ငံကို ဆန့်ကျင်နေတဲ့ ယူနီတာ (Unita) သူပုန်အဖွဲ့ကိုလည်း ၁ဝ နှစ်၊ ၁ဝ မိုးကျော် ထောက်ပံ့ပေးခဲ့ပါတယ်။ ဒီအချက်တွေက စစ်အေးတိုက်ပွဲ အကျိုးဆက်တွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် အိမ်နီးချင်း လီဆိုသို၊ ဘော့ဇွာနား၊ ဆွာဇီလန်၊ ဇင်ဘာဘွေနိုင်ငံအတွင်းထိလည်း ကိုယ်ထိလက် ရောက် ကျူးကျော်ခဲ့တဲ့အပြင်၊ အိမ်နီးချင်း နိုင်ငံငယ် လီဆိုသိုနိုင်ငံဆိုရင် ၁၉၈၆ ခုနှစ်မှာ ပိတ်ဆို့ဝိုင်းပတ်လို့ ဝန်ကြီးချုပ် ပြုတ်ကျအောင် ဖိအားပေးခဲ့တာလည်း ရှိပါသေးတယ်။

အေအဲန်စီ စခန်းတွေကို ကွန်မင်ဒိုတပ်ဖွဲ့တွေနဲ့ ဝင်ရောက်စီးနင်းတာ ရှိသလို၊ လူမဲ ရပ်ကွက်တွေမှာလည်း စုစည်းမှု မရနိုင် အောင် မငြိမ်မသက်ဖြစ်အောင် အမြဲဖန်တီးထားခဲ့ကြပါတယ်။ ဒီလို တောင်အာဖရိကမှာ ဖြစ်နေတဲ့ ဖိနှိပ်မှုတွေကို စနစ်တကျ သုတေသနပြုခဲ့တဲ့သူ ဂျိမ်းဆယ်လ်ဖီက နည်းလမ်းပေါင်းစုံကို လေ့လာ စုစည်းထားခဲ့ပါတယ်။

အတိုက်အခံအဖွဲ့တွေအတွင်း ထိုးဖောက်တာ၊ သတင်းမှားတွေ ထုတ်လွှင့်တာ၊ မိမိ သွင်းထားတဲ့ ဒလံကတဆင့် လမ်းမှားကို တွန်းပို့ လှုံ့ဆော်တာ အပြင်၊ လူမဲ အုပ်စုတွေကြားထဲမှာလည်း အချို့ကို အခွင့်အရေးပေးလို့ အိမ်ကြက်ချင်း အိုးမဲသုတ် ခွပ်ခိုင်းစေတာလည်း ရှိခဲ့တယ် ဆိုပါတယ်။ လက်မရွံ့ တွေ မွေးပြီး တိုက်ခိုက်ခိုင်းတာလဲ ရှိခဲ့ပါတယ်။ ဂျိမ်းရဲ့ သုံးသပ်ချက် ကတော့ ဒီလက်မရွံ့တွေလုပ်တာ အစိုးရ က မဆိုင်ပါဘူးလို့ ငြင်းနေကြတယ်၊ တကယ်တော့ နေ့စဉ်နဲ့အမျှ အခြေအနေအပေါ် တုံပြန်ညွှန်ကြားနေဖို့၊ မတည် မငြိမ်ဖြစ်ရေး စီမံကိန်းကို စနစ်တကျ ဆောင်ရွက်ဖို့ဆိုတာ စနစ်တကျ စောင့်ကြည့် ကြီးကြပ်ဖို့ ဆိုတာ တတိယ အင်အားစု ရှိရမယ်ဆိုပြီး ပြောခဲ့ပါတယ်။ ဒါပေမယ့် တံခါးတွေအထပ်ထပ် ကာထားသလို လိုအပ်ရင် ပိတ်ဆို့ ဖြတ်တောက်ဖို့ စနစ်ထားခဲ့တယ်ဆိုတာလည်း သူက တွေ့ရှိခဲ့ပါတယ်။

ဒါတင်မက လုပ်ကြံ သတ်ဖြတ်ရေး အဖွဲ့တွေနဲ့လည်း တဖက်နိုင်ငံထဲအထိ ဝင်ရောက် ဖမ်းဆီးတာ၊ လုပ်ကြံ တာတွေလည်း ရှိခဲ့ကြပါတယ်။ နိုင်ငံအတွင်းမှာလည်း တရားဝင် ၂ ကြိမ်တိုင်တိုင် အရေးပေါ်အခြေအနေ ကြေညာလို့ နှိမ်နင်းမှုတွေ လုပ်ခဲ့တာလည်း ရှိခဲ့ပါတယ်။

ဒီလုပ်ငန်းတွေအတွက်ကလည်း လျှို့ဝှက်ကွန်ရက်တွေကနေတဆင့် သိသင့်သမျှ အသိပေး၊ အမိန့်အတိုင်းလုပ်၊ မိမိလုပ်ငန်းကို မိမိဘာသာ တာဝန်ယူ အကောင်အထည်ဖော် စသဖြင့် တကဏ္ဍစီ လွတ်လွတ်လပ်လပ် လုပ်နိုင်တဲ့ စနစ်နဲ့ အကောင် အထည် ဖော်လာခဲ့ကြပါတယ်။ ဒီလို အကြမ်းဖက်လုပ်ငန်းလုပ်ခဲ့တဲ့ အင်အားစု တွေကို နောက်ပိုင်း ပြန်သိလာရ တဲ့အခါ လျှို့ဝှက် ထောက်လှမ်းရေးဌာနက ရဲဘော်တွေပါသလို၊ ဒီ-၄ဝ (D-40) လို့ ခေါ်တဲ့ တောင်အာဖရိက အထူးလျှို့ဝှက် လုံခြုံရေး တပ်ဖွဲ့ ဝင်တွေလည်း ပါခဲ့ကြပါတယ်။ ဒါတင်မကဘဲ သောင်းပြောင်းစုထားတဲ့ စစ်ပြန်ရဲဘော် တွေ၊ ရိုဒီးရှား- အင်ဂိုလာ စစ်ဆင်ရေး တွေမှာ သုံးခဲ့တဲ့ ရီနာမို ပြောက်ကျားတွေ၊ အင်ဂိုလာက ကိုးဗက်လို့ခေါ်တဲ့ တပ်ဖွဲ့ဝင်ဟောင်းတွေ၊ ကြေးစားစစ်သားတွေ၊ လက်နက်ချ ဘက်ပြောင်းလာကြတဲ့ အက်စ်ကာရစ် (askaris) လို့ခေါ်တဲ့ လူမဲပုလိပ်တွေကိုလည်း အသုံးချခဲ့ကြပါတယ်။

ဒါတင်မကသေးပါဘူး။ နောက်ပိုင်း အစိုးရလုပ်ငန်းဌာနတွေကို ပုဂ္ဂလိကပိုင်လုပ်ရေး ခေတ်စားလာပြန်တော့ လည်း တောင် အာဖရိက အစိုးရအာဏာပိုင်တွေက လျှို့ဝှက်လုပ်ငန်းတွေကို လူထု ပူးပေါင်းဆောင်ရွက်ရေး ဗျူရို (Civil Cooperation Bureau) အတိုကောက် (CCB) လို့ နာမည်ပေးပြီး ပုဂ္ဂလိက ကုမ္ပဏီ လုပ်ငန်းကြီး တခုသဖွယ် ဖွဲ့ခဲ့ကြ ပါတယ်။ အရင် တပ်မှူး တွေက ကုမ္ပဏီ ဥက္ကဋ္ဌဖြစ်လာပြီး၊ အခြားခေါင်းဆောင်တွေက စီမံ ခန့်ခွဲရေး ဒါရိုက်တာတွေ ဖြစ်လာကြပါတယ်။ အမှန်မှာတော့ ကုမ္ပဏီဟန်ပြအမည်သာ ယူထားတယ်။ ဝန်ထမ်း တွေရဲ့ လုပ်ငန်းတာဝန်တွေက ကားဗုံးထောင်တာ၊ ကားတိုင်ယာ ဒါးနဲ့ခွဲတာ၊ လူရိုက်တာ၊ အဖျက်အမှောက် လုပ်တာတွေ စသဖြင့် စီမံချက် (၂ဝဝ) ကျော် ရှိခဲ့တယ် ဆိုပါတယ်။ နောက်ပိုင်း စုံစမ်း စစ်ဆေးမှု တွေမှာ ပေါ်လာ တော့ ၁၉၉ဝ မှာ ဒီကုမ္ပဏီကို ပြန်ဖျက်သိမ်းခဲ့ရပါတယ်။

အဲသည်တော့ စာရေးဆရာ အယ်လက်စတာ စပါ့ခ်က ဖြစ်လာတဲ့ လျှို့ဝှက်တပ်ဖွဲ့တွေရဲ့ အခြေအနေကို သုံးသပ်ပြပါတယ်။ စစ်တပ်နဲ့ လုံခြုံရေးတပ်ဖွဲ့တွေမှာ ရှိနေကြတဲ့ အရာရှိတွေကြားမှာ "အလုံးစုံ ချေမှုန်းရေး" က ထုံးစံသဖွယ်၊ ယဉ်ကျေးမှု သဖွယ် ဖြစ်လာတယ် ဆိုပါတယ်။ တောင်အာဖရိကကို ဘက်ပေါင်းစုံက ရန်သူဝိုင်း နေတယ်လို့လည်း သူတို့က ပြန်ထင် လာကြပါတယ်။ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ဝါဒဖြန့်ချိရေး၊ လူမှုရေး ကဏ္ဍပေါင်းစုံမှာ ရန်သူက ပတ်လည်ဝိုင်းနေပြီး သူတို့က သေရေးရှင်ရေး ခုခံစစ်ဆင်နေရတာမျိုး ထင်လာကြ တယ် ဆိုပါတယ်။ "ဖက်စုံစစ်ပွဲ သီအိုရီ" အယူအဆကိုလည်း သူတို့က ယုံကြည်လာကြ ပါတယ်။ နေပြည်တော်က မြန်မာစစ်ဗိုလ်ချုပ်တွေနဲ့လည်း အလားတူ နှိုင်းယှဉ်ကြည့်ချင်စရာပါပဲ။

ဒီလိုအကြမ်းဖက်မှုတွေနဲ့ အစိုးရအပေါ် စွပ်စွဲပြီး နာမည်ပျက်လာရတော့ နောက်ဆုံးသမ္မတက တရားသူကြီး လူးဝစ် ဟားမ်း ကို ဦးဆောင်စေလို့ စုံစမ်းရေးကော်မရှင် ဖွဲခဲ့ရပါတော့တယ်။ သို့သော်လည်း ကော်မရှင်အပေါ် ကန့်သတ်ချက်တွေက များလွန်း တော့ မအောင်မြင်နိုင် ဖြစ်ခဲ့ရပါတယ်။ သို့လော သို့လော ဝေဖန်ချက်တွေက မဆုံးနိုင်ရှိနေကြသေးတဲ့အချိန်မှာ တရားသူကြီး ရစ်ချတ် ဂိုးလ်စတုန်းကို ဦးဆောင်စေလို့ နောက်ထပ် စုံစမ်း ရေး ကော်မရှင် ထပ်ဖွဲ့စစ်ဆေးစေရပြန်ပါတယ်။ ၁၉၉၂ ခုနှစ် နှစ်ကုန်ပိုင်းနဲ့ ၁၉၉၃ ခုနှစ် နှစ်ဆန်းပိုင်းမှာ ဂိုးလ် စတုန်း အစီရင်ခံစာ ထွက်ပေါ်လာတဲ့အခါမှာ အထောက် အထားတွေက ထင်ရှားနေတော့ မငြင်းသာတော့ပါ ဘူး။ ထိပ်တန်းထောက်လှမ်းရေး၊ စစ်တပ်အရာရှိ (၂၃) ဦးကို ဖြုတ်ပစ်တာ၊ တာဝန်လျော့ ချတာ စသဖြင့် အရေးယူမှုတွေ လုပ်ခဲ့ရပါတော့တယ်။ ဒီလိုအရေးယူခံရတဲ့ အထဲမှာ တောင် အာဖရိက ဗိုလ်ချုပ် (၂) ဦးနဲ့ ဗိုလ်မှူးချုပ် (၃) ဦး အပါအဝင် အရေးယူခံခဲ့ကြရပါတယ်။

မြန်မာနိုင်ငံမှာတော့ ဒီပဲယင်းလို အကြမ်းဖက်မှုမျိုးတွေအတွက် ဘယ်တော့မှ လက်သည်တရားခံဖော်ထုတ် နိုင်ပါ့မလဲလို့ ကျနော်ကတော့ တောင်အာဖရိကနဲ့ နှိုင်းယှဉ်လို့ တွေးနေမိပါတော့တယ်။ အားလုံး ငြိမ်းချမ်း ပျော်ရွှင်နိုင်ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

No comments:

Recent Comments