Pages

Saturday, February 28, 2009

နိုင်ငံသစ် မနက်ဖြန် (၁၈)။ အကြမ်းဖက်မှုများ၏ နောက်ကွယ်


သောတရှင်မိတ်ဆွေများခင်ဗျား။

အာဖရိက အမျိုးသား ကွန်ဂရက် (အေအဲန်စီ) ကို ထောက်ခံတဲ့ လူမဲ လူထုတွေ နေထိုင်တဲ့ ရပ်ကွက် တွေမှာ ဇူးလူး အင်ကာသာအဖွဲ့ဝင်တွေက ကိုယ်ထိလက်ရောက် ကျူးလွန်တိုက်ခိုက်ခဲ့ကြလို့ သေဆုံး ရမှုတွေ၊ လူအုပ်စုချင်း ရုန်းရင်းဆန်ခတ်ဖြစ်ရမှုတွေ အနှံ့အပြား ဖြစ်နေတာကို တင်ပြခဲ့ပါတယ်။ ဒါတင်မက အာဏာပိုင်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေက တရားဝင်အကြမ်းဖက်မှု၊ နှိပ်ကွပ်မှုတွေကိုလည်း လူမဲတွေက သမိုင်းတလျှောက်လုံး ကြုံနေခဲ့ကြရပါတယ်။ ဒါတင်မကပါဘူး။ အသားအရောင် ခွဲခြား မှုစနစ် ဆန့်ကျင်သူတွေကို ခြိမ်းခြောက်တာ၊ အဆိပ်ခတ်တာ၊ လုပ်ကြံ သတ်ဖြတ်တာတွေလည်း ရှိခဲ့ပါတယ်။ လှုပ်ရှားသူတွေရဲ့ ကားတွေကို ဗုံးထောင်တာ၊ ကား တိုင်ယာတွေ ဒါးနဲ့ ထိုးခွဲတာ သာမက၊ တခါကဆိုရင် အသားအရောင်ခွဲခြားမှုဆန့်ကျင်သူ ရှေ့နေတဦးဖြစ်တဲ့ နောက်ပိုင်းမှာ တရားရေး ဝန်ကြီး ဖြစ်လာသူ ဒူလာအိုမာ နှလုံးရောဂါ အတွက် သောက်နေတဲ့ ဆေးတွေကို ခိုးပြီး ဆေးအတုတွေနဲ့ အစားထိုးလို့ သေအောင်ကြံစည်ခဲ့တာတွေလည်း ရှိခဲ့ပါသေးတယ်။

ကျနော်တို့ မြန်မာနိုင်ငံမှာ ဒီပဲယင်းအပါအဝင်၊ ဒီမိုကရေစီအင်အားစုတွေအပေါ် အကြမ်းဖက် တိုက်ခိုက်တာ မျိုးတွေ ရှိခဲ့သလို တောင်အာဖရိကနိုင်ငံမှာလည်း ရှိခဲ့ပါတယ်။ သူတို့ဆီမှာ လွတ်လပ်တဲ့ သတင်းမီဒီယာတွေ ရှိနေတာတောင်မှ လျှို့ဝှက်ဌာန တွေက ကျူးလွန်ခဲ့ကြတဲ့ ပြစ်မှုတွေကို အပြည့်အစုံ မဖော်ထုတ်နိုင်ခဲ့ကြ ပါဘူး။

လူအများစုကတော့ တောင်အာဖရိက လူဖြူအစိုးရက ဒီအကြမ်းဖက်မှုတွေနဲ့ ပတ်သက်မှုရှိနေတယ်လို့ အခိုင် အမာ ယုံကြည် နေခဲ့ကြပါတယ်။ ဒီလိုယုံကြည်ဖို့ အကြောင်းလည်း ရှိနေပါတယ်။ အကြောင်းက တောင်အာဖရိက အစိုးရရဲ့ ထောက်လှမ်းရေး ယန္တယားတွေက အစွမ်းထက်လှပြီး မြေအောက်လှုပ်ရှားမှုတွေ ခေါင်းမထောင် နိုင်အောင် နှစ်ပေါင်း များစွာ နှိပ်ကွပ်ထား နိုင်ခဲ့ပါတယ်။ ဒီလို ထောက်လှမ်းရေးတွေက အခု အကြမ်းဖက်မှုတွေ ဖြစ်လာအောင် လှုံ့ဆော်နေသူ၊ ဆောင်ရွက်နေသူတွေကို မဖော်ထုတ်နိုင်ဘူးဆိုတာကတော့ မယုံကြည်နိုင်ကြဘူး ဖြစ်နေပါတယ်။ ဒါ့အပြင် အကြမ်းဖက်မှု တွေကို စနစ်တကျ ကျူးလွန် နေကြလေတော့ ဒီစီမံကိန်းတွေ နောက်ကွယ်မှာ နိုင်ငံရေးသမား၊ အစိုးရခေါင်းဆောင် တဦးဦးရဲ့ ညွှန်ကြားချက် မပါဘဲနဲ့တော့ မဖြစ်နိုင်ဘူးလို့ ယူဆကြပါတယ်။ တောင်အာဖရိက သမ္မတ ဒီကလပ်ကိုယ်တိုင်က ဒီအကြမ်းဖက်မှုတွေ နောက်ကွယ်မှာ ပါဝင် နေခဲ့ သလား ... ... ဒီကိစ္စကိုလည်း မေးခွန်းထုတ်ခဲ့ကြပါတယ်။

သတင်းစာတွေကလည်း ခြေရာခံခဲ့ကြပါတယ်။ ၁၉၉၁ ခုနှစ်မှာတော့ နီကို ဘာဆန်လို့ အမည်ရတဲ့ ထောက်လှမ်းရေး အရာရှိ ဟောင်းတဦးက သူလုပ်ခဲ့ရတဲ့ကိစ္စတွေကို သတင်းစာတစောင်ထံ ထုတ်ဖော် ပြောပြခဲ့ပါတယ်။ သူက တောင် အာဖရိက အိမ်နီးချင်းနိုင်ငံတခုဖြစ်တဲ့ နမီးဘီးယားနိုင်ငံရဲ့ ၁၉၈၉ ခုနှစ် ရွေးကောက်ပွဲမှာ ဆွာပိုလို့ခေါ်တဲ့ အာဖရိက အနောက်တောင် ဒေသ ပြည်သူများအဖွဲ့ အနိုင်မရစေရေးအတွက် ဆန့်ကျင်တဲ့ လုပ်ငန်းတွေလုပ်ဖို့ သူတို့ ထောက်လှမ်းရေး တွေကို စေခိုင်း ခဲ့တယ်လို့ ပြန်ပြောပြခဲ့ပါတယ်။ နမီးဘီးယား ရွေးကောက်ပွဲမှာ တောင်အာဖရိကနိုင်ငံက စိတ်ဝင်စား နေရတဲ့ အကြောင်း ကလည်း ရှိနေပါတယ်။ စစ်အေး တိုက်ပွဲ အရှိန်လျှော့လာတဲ့ ကာလမှာ အင်အားကြီးနိုင်ငံတွေ စေ့စပ်ညှိနှိုင်းကြပြီး နမီးဘီးယား ကို လွတ်လပ် ရေး ပေးခဲ့ပါတယ်။ နမီးဘီးယား ဒေသကတော့ ယခင် ဂျာမနီရဲ့ ကိုလိုနီဖြစ်ပြီး၊ နိုင်ငံပေါင်းချုပ်အသင်းကြီးရဲ့ သဘောတူညီချက်အရ တောင်အာဖရိကနိုင်ငံက ၇၅ နှစ်ကြာ စောင့်ရှောက် ထိန်းသိမ်းပေးထားပေးဖို့ သဘော တူညီထားခဲ့တဲ့ နိုင်ငံပါ။ အခုတော့ လွတ်လပ်ရေး ပြန်ပေးဖို့ ဖြစ်လာတယ်။ ယခင်တလျှောက်လုံး သူပုန် ထခဲ့ ပြီး၊ တောင်အာဖရိက အစိုးရက နှစ်ပေါင်း (၃ဝ) ကြာ နှိပ်ကွပ်ခဲ့ရတဲ့ ဆွာပို (SWAPO) အဖွဲ့က ရွေးကောက်ပွဲ အနိုင်ရ သွားတာကို မမြင်လိုလှပါဘူး။ အဲသည် တော့ ဆွာပိုပါတီ အနိုင်ရရင်တောင်မှာ ဖွဲ့စည်းပုံဥပဒေကို တဖက်သတ် စိတ်ကြိုက် မဆွဲနိုင်လောက်တဲ့ (၃ ပုံ ၂ ပုံ) ပြည့်အောင် မဲ အနိုင်မရဖို့ ကြံစည်ခဲ့ကြ ပါတယ်။ ဒီကိစ္စအတွက် လျှို့ဝှက် စစ်ဆင်ရေးစီမံကိန်းတခုကို ရေးပြီး တောင်အာဖရိက ကြည်း တပ်မတော်များရဲ့ စစ်ဦးစီး ဗိုလ်ချုပ် ကက်တ် လီဗင်ဘတ်ဂ် က ဦးစီး အကောင်အထည် ဖော်ခဲ့တယ်လို့ နီကို ဘာဆန်က ဖွင့်ချခဲ့ပါတယ်။

သူတို့ယူဆချက်က တောင်အာဖရိကမှာလည်း တချိန် အေအဲန်စီနဲ့ အလားတူ ရွေးကောက်ပွဲ ယှဉ်ပြိုင်ဝင်ရတဲ့ အခြေအနေ မျိုး ကြုံလာရင် ဘယ်လိုလုပ်ကြမလဲဆိုတာ ပြင်ဆင်နိုင်ဖို့ လိုတယ်။ အခု နမီးဘီးယား ရွေးကောက်ပွဲက ကြိုတင် အစမ်း လေ့ကျင့်မှု သဖွယ် ဆောင်ရွက်ခဲ့ကြတာလို့လဲ ဆိုပါတယ်။ ဘာအကြောင်းကြောင့် သေချာ မသိရဘဲ ဆွာပိုပါတီက မဲ (၅၅) ရာခိုင်နှုန်းပဲ အနိုင်ရခဲ့ပါတယ်။ အဲသည်တော့ စစ်ဆင်ရေးလုပ်ကြတဲ့ သူတွေ ကလည်း ရလဒ်အပေါ် ကျေနပ်ကြတယ်လို့ နီကို ဘာဆန်က ပြန်ပြောပြခဲ့ပါတယ်။ တောင်အာဖရိကမှာသာ သေချာ ပြင်ဆင်ဆောင်ရွက်ခဲ့ရင် အေအဲန်စီကိုလည်း မုချအနိုင်ရမယ်လို့ လူဖြူအစိုးရ ခေါင်းဆောင်တွေက တွက်ဆခဲ့ကြတာပါ။ သူတို့က နိုင်ငံရေး မတည်ငြိမ်မှုတွေ ဖြစ်လာအောင် ဗျူဟာခင်းပြီး ပြိုင်ဖက်အင်အားစု တွေ သြဇာကျစေဖို့၊ စင်ပြိုင် အခြား တိုင်းရင်းသား ပါတီတွေ အားကောင်းလာအောင် ငွေကြေးထောက်ပံ့ အားပေးမှုတွေ လုပ်ပြီး မဲပြန့်ကျဲသွားစေဖို့ လုပ်ဆောင်ခဲ့ကြပါတယ်။

သိပ်မကြာခင်ကာလမှာပဲ ဝီကလီ မေးလ် (Weekly Mail) သတင်းစာက သတင်းတပုဒ်ဖော်ပြလာပြန်ပါတယ်။ မင်ဒဲလားကို လွှတ်ပေးခဲ့ပြီးတဲ့နောက်ပိုင်းမှာ အခြားလူမဲပါတီတခုဖြစ်တဲ့ ဘူသာလီဇီ ဦးဆောင်တဲ့ အင်ကာသာလွတ်မြောက် ရေးပါတီကို အစိုးရက စည်းရုံးလှုပ်ရှားမှုတွေ လုပ်နိုင်အောင် ငွေကြေးထောက်ပံ့ခဲ့တယ်ဆိုတဲ့အကြောင်း ဖော်ပြ လာခဲ့ပါတယ်။ လက်ရှိ ရှိနေတဲ့ အေအဲန်စီပါတီနဲ့ ပိုအလွမ်းသင့်တဲ့ ကိုဆာတူ (COSATU) အလုပ်သမား သမဂ္ဂနဲ့ စင်ပြိုင်လုပ်နိုင်ဖို့ ဆိုပြီး (UWUSA) အလုပ်သမားသမဂ္ဂ ပေါ်ပေါက်လာခဲ့ပါတယ်။ ဘူသာလီဇီက ဦးဆောင်ဖွဲ့ခဲ့တဲ့ သမဂ္ဂပါ။ ဒီအတွက် ငွေကြေး တွေကို အစိုးရရဲ့ လျှို့ဝှက်လုပ်ငန်းဌာနတွေကနေ ထောက်ပံ့ပေး ခဲ့တယ်လို့ ဖော်ပြထားခဲ့ပါတယ်။ ဒီသတင်းစာကပဲ နောက် ၅-လ အကြာမှာ တောင်အာဖရိက ထောက်လှမ်း ရေးအဖွဲ့တွေက အင်ကာသာအဖွဲ့ကို ငွေကြေးတွေ ထောက်ပံ့ခဲ့တဲ့ အကြောင်း ထပ်မံ ဖော် ထုတ်ခဲ့ပြန်ပါတယ်။

ဒီစွပ်စွဲချက်တွေအပေါ် သမ္မတ ဒီကလပ်ကတော့ သူမသိရကြောင်း ငြင်းပါတယ်။ စာရေးသူ အက်လစ်စတာ စပါ့ခ်က မေးခဲတဲ့ အခါ သမ္မတက "ဒီကိစ္စတွေကို ကျနော်လုံးလုံး မသိခဲ့ဘူး၊ ယန္တယားလုပ်ထုံး လုပ်နည်းတွေ အရလည်း ကိစ္စ အားလုံးကို ကျနော့ ကို အသိပေးစရာ မလိုဘူး" လို့ သူက ပြန်ဖြေခဲ့ပါတယ်။ ထောက်လှမ်းရေး ဌာနရဲ့ လျှို့ဝှက်ရန်ပုံငွေက ပေးတာ ဖြစ်နိုင်ကြောင်း ပြန်ပြောပြခဲ့ပါတယ်။ သူအာဏာရလာပြီးတဲ့နောက်ပိုင်းမှာ အချို့ လျှို့ဝှက်စစ်ဆင်ရေးတွေကို ပြန်စစ်ဆေးပြီး အများအပြားကို ရပ်ဆိုင်းစေခဲ့တယ်လို့လဲ သမ္မတက ဖြေခဲ့ပါ တယ်။ ဒါပေမယ့်လည်း တစိတ်တပိုင်း ကိုလည်း သူသိထားနေခဲ့ပုံရတယ်လို့ စာရေး သူက သုံးသပ်ခဲ့ပါတယ်။

သို့သော်လည်း မပြေးသော် ကံရာရှိဆိုသလို အခုလိုကိစ္စတွေအပေါ် အရေးယူဖို့ နှောင့်နှေးနေတာတွေ ရှိနေပြီး၊ အကြမ်းဖက်မှု တွေရဲ့ လက်သည် တရားခံတွေကို သူကိုယ်တိုင် ကိုင်တွယ် ဖြေရှင်းဖို့ ပျက်ကွက်နေခဲ့ပါတယ်။ တကြိမ်မှာတော့ လူဖြူ လယ်သမားတဦးကို သတ်မှုနဲ့ လက်မရွံ့တပ်ဖွဲ့ဝင် ဘူတာနာ အယ်လ်မွန် နိုဖိုမဲလား ဆိုသူကို အစိုးရက ဖမ်းမိလာခဲ့ပြီး သူ့ကို သေဒဏ်အပြစ်ပေးခဲ့ပါတယ်။ သူ့ရဲ့အထက်အရာရှိကတော့ အရင် ဆောင်ရွက်ခဲ့တဲ့ လူသတ်မှုတွေကို မဖော်ထုတ်ဘူးဆိုရင် ကယ်ထုတ်မယ်လို့ နှစ်သိမ့်ထားခဲ့ပါတယ်။ ဒါပေမယ့် လည်း ကွပ်မျက်မယ့် ရက်ကနီးလာ၊ သူ့ လက်မရွံ့တပ်ဖွဲ့တွေကလည်း ဘာမှ ထူးထူးခြားခြား ဆောင်ရွက်ပေး မယ့် အခြေအနေ မတွေ့လာ တော့တဲ့ အချိန်မှာတော့လူသတ်သမား နိုဖိုမဲလားက သူ့ရှေ၌နေကိုခေါ်ပြီး ကျမ်းကျိန်လို့ အရင်သူပတ်သက်ခဲ့ရတဲ့ နိုင်ငံရေးလုပ်ကြံသတ်ဖြတ်မှု ၈ ခုကိုပါ ဝန်ခံခဲ့ပါတော့တယ်။ ဒီတော့မှ သူ့သေဒဏ်ကို ဆိုင်းငံ့ပြီး အခြားအမှုတွေ အတွက်လည်း စစ်ဆေးစရာ အကြောင်း ဖြစ်လာရပါတော့တယ်။ နိုဖိုမဲလားက ဖော်ကောင်လုပ်လာတော့ သူ့အထက် အရာရှိ ဗိုလ်ကြီး ဒက် ကိုအက်ဇီးကလည်း သက်သာရာ သက်သာကြောင်း ရှိသမျှကိစ္စတွေကို ဖော်ထုတ်ဝန်ခံလာ ပါတော့တယ်။ သည်လိုနဲ့ သတင်းစာတွေမှာ အသေးစိတ် နောက်ကြောင်းတွေက တနွယ်ငင် တစင်ပါ ပေါ်လာခဲ့ပါတယ်။

သည်အနေအထားတွေမှာတော့ သမ္မတက နောက်ဆုံး တရားသူကြီး လူးဝစ် ဟာမ်း ဆိုသူကို ဦးဆောင်ခန့်လို့ ၁၉၉ဝ ခုနှစ်၊ ဇန်နဝါရီလမှာ ဒီလို နိုင်ငံရေး အကောက်ကြံမှုတွေနဲ့ တိတ်တဆိတ် လုပ်ကြံသတ်ဖြတ်မှုတွေကို စစ်ဆေးဖော်ထုတ်ဖို့ ကော်မရှင်တခု ဖွဲ့ပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း ကော်မရှင်ရဲ့ လုပ်ပိုင်ခွင့်တွေကို အတော် ကန့်သတ်ထားခဲ့ပြန်ပါတယ်။ ဘေးအိမ်နီးချင်းနိုင်ငံတွေမှာ ဆောင်ရွက်နေတဲ့ ကိစ္စတွေကို စစ်ဆေးဖို့ တားမြစ် ထားသလို၊ အဆင့်မြင့် အရာရှိတွေက မဖြေလိုရင်လည်း ငြင်းပယ်နိုင်ခွင့် ရှိနေကြပါတယ်။ လိုအပ်တဲ့အထောက်အထား အများအပြားလည်း ဖျက်ဆီးခံခဲ့ရ ပါတယ်။ နောက်ဆုံး အစီရင်ခံစာက နိဂုံးချုပ်ဖို့ရယ်တောင် မလွယ် တော့ပါဘူး။ ကော်မရှင်ဖွဲ့ပေးခဲ့တာဟာ အမှုမှန် ပေါ်ပေါက်စေဖို့ မဟုတ်ဘဲ၊ အကာအကွယ်လုပ်ဖို့ ဆိုပြီး ဝေဖန် ခဲ့ကြသူတွေလည်း ရှိခဲ့ပါတယ်။

လူမဲခေါင်းဆောင် မင်ဒဲလားကတော့ သမ္မတကိုယ်တိုင် ညွှန်ကြားနေတာထက်စာရင် အခြားတတိယအုပ်စုတွေ ရှိနေနိုင်သေး ကြောင်း မှန်းဆခဲ့ပါတယ်။ "ကျနော်တို့ နှစ်ယောက်အကြားမှာ တဦးနဲ့တဦး အပြန်အလှန် လေးစားမှုတွေ ရှိကြတယ်။ ကျနော် သူ့ကို ကြိုက်တဲ့အချိန် ဖုန်းခေါ်နိုင်တယ်။ အိပ်ယာက နှိုးပြီးပြောလဲ ရတယ်။ အစည်းအဝေးကနေ ထွက်လာပြီး တွေ့ခိုင်းလဲ ရတယ်။ သူရော၊ သူ့ဝန်ကြီးအဖွဲ့ထဲက လူအများစုကရော တွေ့ဆုံဆွေးနွေးရေးကို နှစ်နှစ်ကာကာ ယုံထားတယ်လို့ မြင်တယ်၊ ဒါပေမယ့် အစိုးရအဖွဲ့ထဲက အချို့လူတွေ ကတော့ ပြဿနာရှိပုံရတယ်"လို့ အခြေအနေတွေကို သုံးသပ်ခဲ့ပါတယ်။

သမ္မတ ဒီကလပ်အနေနဲ့ သူကိုယ်တိုင် စထားခဲ့တဲ့ တွေ့ဆုံဆွေးနွေးရေးကိစ္စတွေကိုတော့ သိက္ခာကျ အပျက်ခံ ရလေ အောင် လုပ်ဖွယ် မရှိပါဘူး။ သို့သော်လည်း အကယ်၍ ရွေးကောက်ပွဲတွေ ဖြစ်လာခဲ့ရင် အေအဲန်စီ အနေနဲ့ အင်အားချိနဲ့နေ တဲ့ အနေ အထားမျိုးကို မြင်လိုတာမျိုးတော့ ရှိပါလိမ့်မယ်။ ဒါပေမယ့်လည်း သမ္မတ တဦး အနေနဲ့ အခုလို အကြမ်းဖက်မှု တွေကနေ နိုင်ငံတခုလုံး မတည်တငြိမ်ဖြစ်လာတာ၊ လုံးဝ ဆွေးနွေးပွဲတွေ ပျက်ရ လေအောင် အကောက်ကြံတာမျိုးတော့ မဖြစ်နိုင်ဘူးလို့ လေ့လာသူတွေကလည်း သုံးသပ်ခဲ့ကြပါတယ်။ ဒီလို ဆိုရင် မတည်ငြိမ်မှုကို အကြောင်းပြပြီး အာဏာ သိမ်းလိုတဲ့ စစ်တပ်နဲ့ ထောက်လှမ်းရေး အုပ်စုတွေ ရှိနေလေ ရော့သလား။ တတိယအင်အားစုတွေက တကယ်ပဲ လှုပ်ရှားနေခဲ့ကြသလား။

နောက်အပတ်မှာတော့ အကြမ်းဖက်မှုတွေ ဖန်တီးနေတဲ့ လက်မရွံ့တပ်ဖွဲ့ဝင်တွေ၊ လျှို့ဝှက်တပ်ဖွဲ့ဝင်တွေက ဘယ်လို လူမျိုးတွေ လည်း ဆိုတာ ဆက်လက်တင်ပြပါမယ်။ အားလုံး ငြိမ်းချမ်းပျော်ရွှင်နိုင်ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

No comments:

Recent Comments