Pages

Monday, February 16, 2009

နိုင်ငံသစ် မနက်ဖြန် (၉)။ မြေအောက် စစ်ဆင်ရေး


သောတရှင် မိတ်ဆွေများခင်ဗျား၊
တောင်အာဖရိက လူမဲခေါင်းဆောင် နယ်လ်ဆင် မင်ဒဲလားက ထောင်ထဲမှာ လူဖြူအစိုးရနဲ့ ဆွေးနွေး ပွဲ ဖြစ်မြောက်ရေး အတွက် အပြင်းအထန် ကြိုးပမ်းနေပေမယ့် ထင်သလောက် ခရီးမပေါက်လှ သေးပါဘူး။ မင်ဒဲလား ရဲ့ တွေ့ဆုံဆွေးနွေးရေး ကြိုးပမ်းမှုတွေကို အပြည့်အဝ ထောက်ခံကြောင်း ကိုလည်း အေအဲန်စီခေါင်းဆောင် အိုလီဗာ တန်ဘိုက ပြောထားခဲ့ပါ တယ်။ သို့သော်လည်း ဒီကိစ္စက လူသိရှင်ကြား လုပ်ဆောင်နေရတဲ့ ကိစ္စမဟုတ်သလို၊ လူအနည်းအကျဉ်းကိုပဲ အသိပေးနိုင်သေးတဲ့ လျှို့ဝှက်ကိစ္စ ဖြစ်နေပါတယ်။ သည့်အတွက်ကြောင့်လည်း လူမဲတွေရဲ့ လွတ်မြောက်ရေး လှုပ်ရှားမှု ဖက်မှာ ရှုပ်ထွေးစရာတွေ ဖြစ်လာခဲ့ပါတယ်။

လူမဲတွေရဲ့ လွတ်မြောက်ရေး လှုပ်ရှားမှုမှာ ပြည်တွင်းမှာ အဓိက ဦးဆောင်လှုပ်ရှားနေတာက ညီညွတ်သော ဒီမို ကရက်တစ် တပ်ဦးလို့ ခေါ်တဲ့ ယူဒီအက်ဖ် (UDF) အင်အားစု ဖြစ်ပါတယ်။ ယူဒီအက်ဖ်က တပ်ပေါင်းစုသဘော မျိုးဖြစ်ပြီး၊ ဒီတပ်ပေါင်းစု ထဲမှာ လူမှုရေးအသင်းအဖွဲ့တွေ၊ ဘုရားရှိခိုးကျောင်း ချာ့ခ်ျတွေ၊ အသိပညာရှင်၊ အတတ် ပညာရှင် အသင်းတွေ၊ အာကစား အသင်းတွေ၊ အလုပ်သမား သမဂ္ဂ၊ ကျောင်းသားသမဂ္ဂတွေ၊ အမျိုးသမီးအဖွဲ့၊ လူငယ်အဖွဲ့ ပေါင်းစုံ ပါဝင်ကြပါတယ်။ သူတို့က တင်းကျပ်တဲ့ စည်းမျဉ်းတွေနဲ့ လှုပ်ရှားနေတာ မဟုတ်ဘဲ၊ ပိုပြီး လွတ်လပ်စွာ ဆုံးဖြတ်လှုပ်ရှား ကြပါတယ်။

သူတို့လုပ်ငန်းတွေ၊ လှုပ်ရှားမှုတွေအတွက် ထောင်ထဲက အာဖရိကအမျိုးသားကွန်ဂရက် အေအဲန်စီ ခေါင်းဆောင်တွေ ဆီက အကြံဉာဏ်ရယူသလို၊ ပြည်ပမှာ ရှိနေတဲ့ အေအဲန်စီအဖွဲ့နဲ့လည်း ဆက်စပ်ဆောင်ရွက် နေသူတွေ အများအပြား ရှိကြပါတယ်။ ပြည်ပမှာကတော့ ဇမ်ဘီယာနိုင်ငံမြို့တော်၊ လူဆာကာမှာ ဌာနချုပ်ရုံး စိုက်ထားတဲ့ အေအဲန်စီ အဖွဲ့ရှိသလို၊ လန်ဒန်၊ အမ်စတာ ဒန် စသဖြင့် ဥရောပနိုင်ငံတွေမှာ အခြေချထားတဲ့ ရုံးခွဲ တွေ ရှိကြပါတယ်။ အေအဲန်စီက လက်နက်ကိုင် တော်လှန်ရေးနဲ့ နိုင်ငံ တကာ ထိုးဖောက်ဆက်သွယ် စည်းရုံးရေး အပိုင်းတွေကို တာဝန်ယူနေကြပါတယ်။

အဲသည်အချိန်မှာ ဗစ်တာ ဗာ့စတာ အကျဉ်းထောင်မှာ မင်ဒဲလားနဲ့ လူဖြူအစိုးရ တွေ့ဆုံနေပြီလို့ သတင်း သိုးသိုးသန့်သန့် ပေါက်ကြားလာခဲ့ပါတယ်။ မင်ဒဲလားက သမ္မတ ပီ-ဒဗလျူ-ဘိုသာဆီကို စာတမ်းတစောင် ပေးပို့တယ်ဆိုတဲ့ သတင်းတွေ လည်း ပေါက်ကြားလာခဲ့ပါတယ်။ အဲသည်တော့ ပြည်တွင်း ယူဒီအက်ဖ်ခေါင်းဆောင်တွေ အဖို့ စိုးရိမ်စရာ ဖြစ်လာခဲ့ပါ တယ်။ သူတို့ နောက်ကွယ်မှာ ဒီအဖိုးကြီးက စေ့စပ်ဖို့ ကြိုးစားနေပြီလား။ လူဖြူ အစိုးရက သူ့ကို သီသန့်ခွဲချုပ်ထားပြီး သိမ်းသွင်း ဖျားယောင်း လိုက်ပြီလား။ သူရဲ့ ကျန်းမာရေး အခြေအနေ ကြောင့် အလျှော့ပေးလိုက်ပြီလား။ စသဖြင့် လူအချို့အတွက် စိုးရိမ်ဖွယ်ရာ အကြောင်းတွေ ရှိလာပါတယ်။

တခါ သူ့ရဲဘော်တွေအပေါ်ထားတဲ့ မင်ဒဲလားရဲ့ စေတနာကြောင့်လည်း ပြဿနာတွေ တိုးလာရပါသေးတယ်။ မင်ဒဲလားက သူ့ရဲ့ကိုယ်ပိုင် လွတ်မြောက်ရေးကို အရေးမစိုက်လှပေမယ့် ကျန်းမာရေးအရ အလေးထားဖို့လိုနေတဲ့ သူ့ရဲဘော်ကြီး တွေ ကိုတော့ လွတ်မြောက်စေလိုပါတယ်။ သူက ၁၉၈၇ ခုနှစ် နှစ်လယ် ပိုင်းလောက်မှာ ဝန်ကြီးကိုဘီ ကိုအက်ဆီး အပါအဝင် အစိုးရ ကိုယ်စားလှယ်အဖွဲ့နဲ့ ဆွေးနွေးကြတော့ မင်ဒဲလားက အသက်ကြီးနေပြီ ဖြစ်တဲ့ သူ့ရဲဘော် ၂-ဦးကို လွှတ်ပေးဖို့ တောင်းဆိုပါ တယ်။ ဒါပေမယ့် ထောင်အာဏာပိုင် တွေက အသက် (၇၈) နှစ်ရှိပြီ ဖြစ်တဲ့၊

ကွန်မြူနစ်ခေါင်းဆောင် ဂိုဘန် အမ်ဘီကီ တဦးတည်းကိုသာ လွှတ်ပေးဖို့ သဘောတူပါတယ်။ ဒီလိုလွှတ်ပေးမယ့် အချိန်မှာ လည်း နားလည်မှုတွေလွဲကြလို့၊ အာဏာပိုင်တွေဖက်ကလည်း စီစဉ်ပုံ စနစ်မကျ လို့ ပြဿနာတွေ ဖြစ်ရပါသေးတယ်။

မလွှတ်ပေးခင်မှာ ဒီနားလည်မှုလွဲတဲ့ ပြဿနာကြောင့် အေအင်စီခေါင်းဆောင်မင်ဒဲလားက ကွန်မြူနစ်ခေါင်းဆောင် ဂိုဘန် အမ်ဘီကီကို ဆွေးနွေးနားချရပါ သေးတယ်။ ဂိုဘန် အမ်ဘီကီနဲ့ မင်ဒဲလား ဆွေးနွေးပွဲဟာ ခက်လည်းခက်၊ အတော်လည်း အချိန်ယူရတဲ့ ဆွေးနွေးပွဲပါပဲ။ မင်ဒဲလားကတော့ သူတို့ လွတ်မြောက်ရေးအတွက် သူ ဆွေးနွေးနေကြောင်း ရှင်းပြပါတယ်။ သို့သော်လည်း တဖက်နဲ့ သဘောတူညီထားချက်ကြောင့်လည်း သူဆောင်ရွက်ထားသမျှကို အကုန် ရှင်းပြလို့ မဖြစ်နိုင် ပါဘူး။ နောက်ပိုင်းမှာ ဂိုဘန် အမ်ဘီကီ ပြန်လွတ်မြောက် လာပါတယ်။ ပြန်လွတ်လာပြီးနောက်ပိုင်းမှာ လည်း သူတို့ ၂-ယောက် နောက်တကြိမ် တွေ့ကြပြန်ပါတယ်။ ဒီအစည်းအဝေးကလည်း အတော် ခက်ခဲ ရှည်လျားတဲ့ အစည်းအဝေးပါ။ လူဖြူအစိုးရနဲ့ သူ ဆွေးနွေးနေတယ် ဆိုတာကိုတော့ ပြောပြပါတယ်။ သိပ်များ များတော့ ပြောမပြနိုင်ပါဘူး။ မင်ဒဲလား ရှင်းပြပုံကို အမ်ဘီကီက သံသယရှိနေပါတယ်။ သူ့ကို ဘာကြောင့် ဒီလောက်အထိ မယုံကြည်နိုင်ဖြစ်နေရတယ် ဆိုတာကို လည်း စိတ်ခံစားချက် ဖြစ်နေ ပါတယ်။ နာရီပေါင်း များစွာ ဆွေးနွေး စကားပြောကြပေမယ့် မကျေလည်ခဲ့ပါဘူး။

တဖက်မှာလည်း ဂိုဘန် အမ်ဘီကီနဲ့ နယ်လ်ဆင်မင်ဒဲလားတို့က အယူအဆ ရေးရာမှာလည်း ကျောင်းတော်က ရန်စ ရှိထားသူ တွေလို့ ပြောလို့ရပါတယ်။ သူတို့တွေက အေအဲန်စီ လှုပ်ရှားမှုရဲ့ ထိပ်သီးခေါင်းဆောင်တွေလို့ ပြောရင် ရသလို၊ လှုပ်ရှားမှု စကတည်းက တစိုက်မတ်မတ် ပါဝင်လာကြသူတွေ ဖြစ်ပါတယ်။ ဒီခေါင်းဆောင်တွေ ထဲမှာ အချို့က လက်နက်ကိုင် တော်လှန် ရေးနည်းကို စွဲစွဲမြဲမြဲယုံသူတွေက တအုပ်ဖြစ်ပြီး၊ မင်ဒဲလားကတော့ အမြဲတမ်း ဆွေးနွေး အဖြေရှာရေး ဖက်မှာ ရှိတတ်ပါတယ်။ မင်ဒဲလားက အေအဲန်စီရဲ့ ပြောက်ကျားတပ်ကို စတင် တည်ထောင်သူ ဖြစ်ပေမယ့်လည်း၊ လက်နက်ကိုင် တော်လှန်ရေးနဲ့ အဆုံးသတ် အောင်ပွဲခံမှာကို မယုံကြည်ပါဘူး။ ဒီကိစ္စနဲ့ပတ်သက်လို့ မင်ဒဲလားနဲ့ အမ်ဘီကီကြား အမြဲတမ်း အငြင်းပွား ခဲ့ကြ ရပါတယ်။ နောက်ပိုင်းမှာ အစိုးရနဲ့ မပူးပေါင်း မဆောင်ရွက်ရေးကို အကြီးအကျယ်လှုပ်ရှားမှုတွေ လုပ်လာတဲ့အချိန်မှာ "အစိုးရနဲ့ မစေ့စပ် မဆွေးနွေးရ။ ဆွေးနွေးသူဟာ သစ္စာဖောက်" ဆိုတာမျိုးအထိ သဘောထား အလွန်အကျွံ ဆုပ်ကိုင်ထားသူ တွေ ရှိခဲ့ပါတယ်။ ဒီလိုသဘောထား တင်းမာသူတွေဖက်မှာ တောင်အာဖရိက ကွန်မြူနစ်ပါတီရဲ့ ရာသက်ပန် ခေါင်းဆောင် ဖြစ်သူ ဂိုဘန် အမ်ဘီကီကို ခေါင်းဆောင် တင်ထား ကြပါတယ်။ မင်ဒဲလားကို ပျော့ပြောင်းသူလို့ လည်း သူတို့က မြင်ကြပါတယ်။ ဒီလိုအခြေအနေမှာ မင်ဒဲလားက လူဖြူ အစိုးရနဲ့ တွေ့ဆုံနေတဲ့ကိစ္စတွေ ပွင့်ပွင့်လင်းလင်း မပြောနိုင်ဘူးဆိုတော့ အမ်ဘီကီရဲ့ သံသယကလည်း ပြန်လို့ ခေါင်းထောင်ထလာခဲ့ပါတယ်။

နောက်ပိုင်းမှာ အမ်ဘီကီက သူ့ဇာတိမွေးရပ်ဖြစ်တဲ့ ပို့တ် အယ်လီဇဘက်မှာ ပြန်နေပါတယ်။ ချုပ်ချယ် ကန့်သတ်မှု ရှိသော် လည်း အတော်လေး လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်ပါတယ်။ သူက လွတ်မြောက်ရေး လှုပ်ရှားမှုတွေအတွက် အကြံပေး တဦးလို ဖြစ်လာပြီး၊ ယူဒီအက်ဖ် ခေါင်းဆောင်တွေအပေါ်မှာလည်း သူ့သြဇာ က အတော်ကြီးပါတယ်။ မင်ဒဲလားက အစိုးရဆီကို ၁၁-မျက်နှာ စာတမ်းတင်တဲ့ကိစ္စနဲ့ ပတ်သက်လို့ သတင်းတွေ ထပ်မံ ပေါက်ကြားလာတော့ အမ်ဘီကီရဲ့ သံသယက တီးတိုး တီးတိုးနဲ့ အခြား ယူဒီအက်ဖ် တပ်ပေါင်းစုခေါင်းဆောင်တွေထံ ပျံ့နှံ့ ကူးစက် သွားတာမျိုးတောင် ဖြစ်ခဲ့ရပါတယ်။

တချိန်တည်းမှာပဲ အေအဲန်စီဖက်ကလည်း မြေအောက်စီမံချက် တခု ချမှတ်လုပ်ဆောင်လာပါတယ်။ သူတို့က "အော်ပရေးရှင်း ဗူလင်ဒဲလား" လို့ခေါ်ပါတယ်။ အဓိပ္ပါယ်ကတော့ လမ်းဖွင့်ရေး စီမံချက်ပါ။ ဒီစီမံချက်အရ မြေအောက် လှုပ်ရှားမှုက တဆင့် ပြည်တွင်း အင်အားစုတွေကို ပြန်ထိစပ်ဖို့နဲ့ အထွေထွေ လူထုအုံကြွမှုကြီး ဖော်ဆောင်ဖို့အထိ လျာထားကြပါတယ်။ ၁၉၈၅ အေအဲန်စီ ပြည်လုံးဆိုင်ရာ ညီလာခံဆုံးဖြတ်ချက်အရ အကောင်အထည် ဖော်ကြတာပါ။ ဒီစီမံချက်ကို ဥက္ကဋ္ဌ အောလီဗာတမ်ဘို ကိုယ်တိုင်က ဦးဆောင်ပြီး၊ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် အိန္ဒိယလူမျိုး မက် မဟာရာ့ခ်ျကို တာဝန်ပေးပါတယ်။ သူကလည်း ရော်ဘင် အကျဉ်းထောင်မှာ ထောင် ၁၂ နှစ်ကျထားဖူးတဲ့ ဝါရင့် တော်လှန်ရေးသမားတဦးပါ။ ဒီလို ထိပ်ပိုင်းခေါင်းဆောင် တဦးကို တာဝန်ပေးတာ ကြည့်ခြင်းအားဖြင့် ဘယ်လောက် အရေးပါတယ်ဆိုတာ သိသာပါတယ်။ သူတို့ ပြည်တွင်းကို ပြန်ဝင်တဲ့ အင်အားစုတွေက ရုပ်ဖျက်ပြီး၊ နိုင်ငံကူး လက်မှတ်အတုတွေနဲ့ ပြန်ဝင်လာပြီး အခြေချ နိုင်ခဲ့ကြပါတယ်။

သူတို့ မြေအောက်လုပ်ငန်းအဖွဲ့က အဆင့်မြင့် ဆက်သွယ်ရေး နည်းပညာတွေလည်း တင်သွင်းလာခဲ့ကြပါတယ်။ လက်ကိုင် ကွန်ပြူတာငယ်ကတဆင့် တခါသုံး လျှို့ဝှက်စာ စာဝှက်စနစ်နဲ့ ပို့နိုင်တဲ့နည်းတွေ၊ အသံသွင်းထားတဲ့ တိပ်ခွေကို စာဝှက် စနစ် ထပ်ဆင့်လုပ်ပြီး၊ အများသုံးဖုန်းရုံကနေ ပေးပို့၊ လက်ခံတာတွေ လုပ်ခဲ့ကြပါတယ်။ ဒီလို မြေအောက်လုပ်ငန်း အခြေကျဖို့တောင် ၂-နှစ်လောက် အချိန်ယူ အကောင်အထည် ဖော်ခဲ့ကြရပါတယ်။ နောက်ပိုင်းမှာ ပြည်တွင်း-ပြည်ပ ဆက်သွယ်ရေးစနစ်တွေက ပိုလို့ လျှင်မြန်ထိရောက် လာပါတယ်။ မင်ဒဲလားဆီကိုလည်း လူလွှတ်ပြီး ဧည့်တွေ့ခိုင်းနိုင်သလို၊ လိုအပ်တဲ့ အစီရင်ခံစာ တွေလည်း ပေးနိုင်ခဲ့ပါတယ်။ မင်ဒဲလားအပေါ် လူအချို့က အထင်အမြင်မှားနေကြတဲ့ သတင်းတွေကိုလည်း ဒီအလုပ် အဖွဲ့က ရှင်းလင်းပေးနိုင်ခဲ့ပါတယ်။

နောက်တပတ်မှာတော့ အခက်အခဲတွေကြားက စနစ်ဟောင်းကို အဆုံးသတ်လိုသူတွေက ဆက်လက်ပြီး ကျိတ်ပုန်း လုပ် ဆောင် ကြရပုံတွေကို ဆက်လက်တင်ပြပါမယ်။ အားလုံး ငြိမ်းချမ်းပျော်ရွှင်နိုင်ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)


No comments:

Recent Comments