Tuesday, February 24, 2009
နိုင်ငံသစ် မနက်ဖြန် (၁၅)။ ဆွေးနွေးပွဲစလေပြီ။
သောတရှင်မိတ်ဆွေများခင်ဗျား။
ထောက်လှမ်းရေးတွေနဲ့ (အေအဲန်စီ) အဖွဲ့ဝင်တွေ လျှို့ဝှက်တွေ့ဆုံကြတာလည်း တစုံတရာ ခရီး ရောက်ခဲ့ပါပြီ။ နိုင်ငံရေး အခြေအနေကလည်း ပြေလည်ရာ ပြေလည်ကြောင်း လမ်းကြောင်းပေါ်ကို ဦးတည်နေခဲ့ပါတယ်။ ဒီတပတ်မှာတော့ တောင်အာဖရိကနိုင်ငံရဲ့ သမိုင်းဝင်ဆွေးနွေးပွဲကြီး စတင် လာနိုင်ပုံအကြောင်းတွေကို တင်ပြ နိုင်ဖို့ ရည်ရွယ်ထားပါတယ်။
၁၉၉ဝ ခုနှစ်၊ ဖေဖေါ်ဝါရီ (၁၁) ရက်နေ့ သမ္မတသစ် ဒီကလပ်က ထူးခြားလှတဲ့ ကျမ်းသစ္စာ ကျိမ်ဆိုပွဲ မိန့်ခွန်းပြောပြီး (၉) ရက်အကြာမှာတော့ လူမဲခေါင်းဆောင် နိုင်ငံရေးအကျဉ်းသားကြီး မင်ဒဲလား အကျဉ်းထောင်က လွတ်မြောက်လာခဲ့ပါ တယ်။ ဗစ်တာ ဗက်စ်တာအကျဉ်းထောင်ဗူးဝမှာ စောင့်ကြိုနေသူ အများအပြားရှိသလို၊ ရုပ်မြင်သံကြားကတဆင့် စောင့်ကြည့်နေသူ နိုင်ငံတကာ ထောက်ခံသူတွေကလည်း စိတ်လှုပ်ရှားနေခဲ့ကြပါတယ်။ သူ့ ခြေလှမ်းတွေက လူအိုတဦးရဲ့ ခြေလှမ်းတွေလို လေးလံပြီး ဖြည်းဖြည်းလျှောက်လာပေမယ့်၊ ဒီခြေလှမ်းတွေက လွတ်မြောက်ရေးစခန်းဆီသို့ လျှောက်လာ တဲ့ ခြေလှမ်းတွေဆိုရင်လည်း မမှားပါဘူး။ သူရဲ့ဇနီး ဝင်နီက ဘေးက တွဲလို့ လျှောက်လာပါတယ်။ သူ ဒီလောက် ပြင်ပကမ္ဘာမှာ နာမည်ကြီး ပုဂ္ဂိုလ် ဖြစ်နေမှန်း သူမသိခဲ့ရပါ ဘူး။ ယခုလို ကြိုဆိုနေကြတာကို သူကိုယ်တိုင်အံ့သြရတယ်လို့ ပြန်ပြောပြခဲ့ပါတယ်။
အဲသည် ညနေပိုင်းမှာတော့ သူက စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းနေကြတဲ့ လူထုပုရိသတ်ကြီးကို မိန့်ခွန်းပြောခဲ့ပါတယ်။ လူ ထောင်ပေါင်းများစွာက ကိပ်တောင်းမြို့ ဂရန်းပရိဒ် ကွင်းပြင်မှာ စုဝေးစောင့်ဆိုင်းနေခဲ့ကြပါတယ်။ မင်ဒဲလားက သူ့မိန့်ခွန်းကို ကမ္ဘာကျော် မိန့်ခွန်းတခု မဟုတ်သည့်တိုင် အသေအချာ ပြင်ဆင်လာခဲ့ပါတယ်။ အဓိကအားဖြင့်တော့ သူနဲ့ လူဖြူအစိုးရအကြား ဆွေးနွေးပွဲတွေအကြောင်း ထွက်ပေါ်နေတဲ့ သို့လော၊ သို့လော သံသယစကားတွေကို ရှင်းပါတယ်။ လှုပ်ရှားမှုအတွင်း ဆက်လက် တိုက်ပွဲဝင်နေသူ ရဲဘော်ကြီးငယ်တိုင်းကို အလေးပြုပါတယ်။ အသိအမှတ်ပြုကြောင်း ပြောပြပါတယ်။ သူက အာဖရိကအမျိုးသား ကွန်ဂရက် (အေအဲန်စီ) ရဲ့ သစ္စာရှိအဖွဲ့ဝင်တဦးအဖြစ် ရပ်တည်နေဆဲပဲ။ သူက ဒါကြောင့်မို့လို့ အေအဲန်စီက ချမှတ်ထားတဲ့ ဦးတည်ချက်၊ မဟာဗျူဟာ၊ လုပ်ငန်းစဉ်တွေအတိုင်း သဘောတူညီ လိုက်နာသွားမယ် ဆိုတာပြောခဲ့ပါတယ်။ တိုင်းပြည် အနာဂတ်အရေးအတွက် သူ့တဦးတည်းနဲ့ ဆွေးနွေးလို့ မရနိုင်ဘူး။ အေအဲန်စီနဲ့ အစိုးရအကြား ဆွေးနွေးပွဲ တွေ ဖြစ်ဖို့ လိုတယ်ဆိုတာကိုလည်း လေးလေးနက်နက် ပြောခဲ့ပါတယ်။
သမ္မတသစ် ဒီကလပ်က ခုန်ပျံကျော်လွှားရေး ဗျူဟာတွေနဲ့ ဆန့်ကျင်ဖက်အင်အားစုတွေ အငိုက်မိအောင် လုပ်တတ်တယ် ဆိုတာ ပြောပြခဲ့ဖူးပါတယ်။ အခုလို မင်ဒဲလားကို လွှတ်ပေးလိုက်ခြင်းအားဖြင့် အငိုက်မိအောင် ထိုးနှက်လိုက်တဲ့ ထိုးနှက်ချက် တခု ဖြစ်ပါတယ်။ အေအဲန်စီနဲ့ အေအဲန်စီကို ထောက်ခံသူတွေအကြားမှာ ဘာ ဆက်လုပ်မရမှန်း မသိအောင် ဖြစ်သွားစေ ပါတယ်။ အေအဲန်စီခေါင်းဆောင်ပိုင်းမှာလည်း သည်အချိန်က အခြေ အနေအပေါ် အကဲဖြတ်ချက် မတူကြဘဲ သဘော ထား ကွဲမှုတွေ ရှိနေခဲ့ကြပါတယ်။ ပျော့ပြောင်းတဲ့ သာဘို အမ်ဘီကီလို ခေါင်းဆောင်မျိုးရှိသလို၊ အဲသည်အချိန်က ပြောက်ကျား တပ်ဖွဲ့များရဲ့ စစ်ဦးစီးချုပ် ခရစ္စဟာနီလို ပုဂ္ဂိုလ်မျိုးက စစ်ရေးလုပ်ငန်း အရှိန်အဟုန်မြှင့်တင်ဖို့ မိန့်ခွန်းပေးနေ ခဲ့တာ ရှိခဲ့ကြပါတယ်။
နောက်တော့ မင်ဒဲလားက တဖက်နိုင်ငံ၊ လူဆာကာမြို့တော်မှာရှိတဲ့ အေအဲန်စီခေါင်းဆောင်တွေဆီ လာလည်ပါတယ်။ သည် နောက်ပိုင်းတော့ အမြင်တွေ အတော်များများ ဖလှယ်နိုင်ခဲ့ကြပါတယ်။
သည်လို အစိုးရနဲ့ အတော်အတန် ပြေလည်မှု ရနေတယ်ဆိုတာတောင်မှ၊ ဖွဲ့စည်းပုံဆိုင်ရာ အပြောင်းအလဲတွေ ရေးဆွဲနိုင်ဖို့ တရားဝင်ညီလာခံ ကျင်းပရန် (၂) နှစ်ခန့် ကြာခဲ့ပါသေးတယ်။ ကြားထဲမှာ ပြင်ဆင်ကြရတဲ့ အဆင့်တွေက အများသားပါ။
ပထမဦးဆုံး အစိုးရနဲ့ အေအဲန်စီ နှစ်ဖက် ညှိနှိုင်းအစည်းအဝေးတွေကို ဂရုတ်ချာလို့ခေါ်တဲ့ အရပ်မှာရှိတဲ့ "ဂရန်း ပရီမီယာ အိမ်ကြီး" မှာ ၁၉၉ဝ ခုနှစ်၊ မေလ (၂) ရက်ကနေ (၄) ရက်နေ့မှာ စတင်နိုင်ခဲ့ပါတယ်။ ဒီလို နှစ်ဖက် အစည်းအဝေး မတိုင်ခင် မှာလည်း လျှို့ဝှက်အစည်းအဝေးလေးတွေကို ပြည်ပမှာ ခိုးကြောင်ခိုးဝှက် ကျင်းပကြရပါသေးတယ်။ ဥရောပတိုက်က ဘန်းမြို့နှင့် ဂျီနီဗာမြို့များမှာ အေအဲန်စီအဖွဲ့ဝင်တွေနဲ့ အစိုးရ ကိုယ် စားလှယ် ထောက်လှမ်းရေတွေအကြား ဆောင်ရွက်ခဲ့ ကြရပါတယ်။ ဒီအစည်းအဝေးတွေကနေ ပူးတွဲထိန်းညှိရေး ကော်မီတီတရပ်ဖွဲ့စည်းဖို့ သဘောတူခဲ့ကြပါတယ်။ ဒီကာလမှာ တောင်အာဖရိကအမျိုးသား ကွန်ဂရက် (အေအဲန်စီ) ကို တရားမဝင်အသင်းအဖြစ် ကြေညာထားတာကနေ ရပ်ဆိုင်းခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လူပုဂ္ဂိုလ်တဦးချင်းအပေါ်မှာ ထားရှိနေတဲ့ လုံခြုံရေးဥပဒေတွေအရ အရင်စွဲဆိုထားတဲ့ ပြစ်မှုတွေကို မရုပ်သိမ်းကြ ရသေးပါဘူး။ သည်တော့လည်း ဂရုချာအစည်းအဝေးအတွက် ပြည်ပက အေအဲန်စီ ခေါင်းဆောင် တွေကို ပြည် တွင်း ခိုးသွင်းကြရပြန်ပါတယ်။ သည်ဂရုချာ အစည်းအဝေးမှာတော့ အစိုးရဖက်မှ ကိုယ်စားလှယ်အဖြစ် ရို့ဖ် မေယာက ဦးဆောင်ပြီး ဆွေးနွေးပါတယ်။ သူကနောက်ပိုင်းမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ရေးရာဝန်ကြီး ဖြစ်လာ တဲ့သူပါ။
အလုပ်သာ စကြရတယ်။ နှစ်ဖက်စလုံးက သံသယအပြည့် ရှိနေကြတုန်းပါပဲ။ အေအဲန်စီအဖွဲ့ဝင်တွေက သူတို့ ကို ထောင် ချောက်ဆင်ဖမ်းမှာကို စိုးရိမ်ပါတယ်။ အားလုံးသော ခေါင်းဆောင်များ နိုင်ငံထဲ ရောက်ခါမှ အစုအပြုံလိုက် ဖမ်းခံရရင် ကိုယ်ကျိုးနည်းကြရချည်ရဲ့လို့ တွေးပူနေကြပါတယ်။ အစိုးရဖက်ကလည်း ပူပန်နေတာ ရှိပါ တယ်။ လွတ်ငြိမ်းချမ်းသာခွင့်ကို အခွင့်ကောင်းယူပြီး၊ သောင်းကျန်းသူချေမှုန်းရေး စစ်ဆင်ရေးတွေ ရပ်ဆိုင်းထားတဲ့ အချိန်မှာ ပျောက်ကျားတွေကို ပြည်တွင်း ခိုးသွင်းပြီး၊ လှုပ်ရှားလာမှာကို စိုးနေပါတယ်။
လူဖြူအစိုးရထဲမှာလည်း ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေအတွက် အတိုက်အခံတွေနဲ့ ကြုံနေရပါတယ်။ လွတ်ငြိမ်း ချမ်းသာ ခွင့်ပေးရေး ဥပဒေကလည်း (၃) ကြိမ်တိုင်တိုင် ပြင်ဆင်ကြရ၊ ကန့်ကွက်ကြနဲ့ နှောင့်နှေးနေပါတယ်။ အေအဲန်စီ ဖက်က လူတွေက မနေနိုင် မထိုင်နိုင် ဖြစ်နေကြပြီး၊ ကြာလွန်းလှချည်ရဲ့လို့ ထင်နေကြပါတယ်။ နောက်ပိုင်းမှာ ဗူလာ စစ်ဆင်ရေး ကိုလည်း အစိုးရဖက်က ၁၉၉ဝ ခုနှစ်၊ ဇူလိုင်လမှာ ဖော်ထုတ်လို့ ရသွားပြီး မက် မဟာရာ့ခ်ျ၊ နာလန်ဒါ အပါအဝင် လူ (၇) ဦးကို ဖမ်းဆီးခဲ့ပါတယ်။ ဒီစစ်ဆင်ရေးကတော့ အေအဲန်စီဖက်က လမ်းဖွင့် စစ်ဆင်ရေးဆိုပြီး ကာလအတန်ကြာ ဆောင်ရွက်နေခဲ့တဲ့ မြေအောက်လှုပ်ရှားမှုပါ။ အေအဲန်စီက လျှို့ဝှက်ကြံစည်မှုတွေ ဆက်လုပ်နေပြီး၊ အစိုးရကို အုံကြွမှုတွေလုပ်၊ ဖြုတ်ချဖို့ ကြံစည် နေတယ်လို့လည်း စွပ်စွဲ စရာ လက်ဆုပ်လက်ကိုင် ပြစရာ ဖြစ်လာပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ သည်အမှုကို ရုပ်သိမ်းခဲ့ပြီး၊ ဖမ်းထားသူတွေကိုလည်း ပြန်လွှတ်ပေးခဲ့ပါတယ်။
အစည်းအဝေးတက်လာတဲ့ အေအဲန်စီခေါင်းဆောင်တွေကို သူတို့ကို စွဲထားတဲ့ ပြစ်မှုတွေ ယာယီရုပ်သိမ်း ကြောင်း အမိန့်ထုတ် ပေးပါတယ်။ ဒါပေမယ့်လည်း ပြင်ပမှာက ကောလာဟလတွေ၊ သံသယတွေအပြည့်ပါ။ ယခင်က ကြောင်နဲ့ ကြွက်လို စိမ်ပြေး တန်းကစားခဲ့ကြသူတွေ၊ ရန်သူတွေ ပြန်တွေ့ကြရတော့လည်း ချက်ချင်း မပြေလည်နိုင်တာ သဘာဝပါ။ လုံခြုံရေးတင်းကျပ်လေ အေအဲန်စီ ခေါင်းဆောင်တွေက ပို စိတ်မသက်မသာလေ ဖြစ်ရပြီး၊ အေအဲစီ ခေါင်းဆောင်တွေ သူတို့ကို အသိမပေးဘဲ လှစ်ကနဲ ပျောက်ပျောက်သွားတတ်တာကိုလည်း အစိုးရဖက်က မကြိုက်လှပါဘူး။
ဘယ်လိုပဲဖြစ်ဖြစ် နောက်ဆုံး (၃) ရက်ကြာတွေ့ဆုံဆွေးနွေးကြပြီး၊ အထစ်အငေါ့မရှိဘဲ အဆုံသတ်နိုင်ခဲ့ပါတယ်။ သူတို့က သဘောတူညီချက်ကို ကျင်းပရာနေရာ အစွဲပြုလို့ "ဂရုပ်ချာသဘောတူညီချက်" လို့ခေါ်ခဲ့ပါတယ်။ နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန်၊ ပြည်ပရောက်နေသူများ ပြည်ပြန်ခွင့်ရရန်၊ လုံခြုံရေးနှင့်သက်ဆိုင် သော ဥပဒေများကို ပြန်လည် ပြင်ဆင်ရေး ဆွဲနိုင်ရန်တို့ အတွက်ဆက်လက်ဆောင်ရွက်သွားရန် စသဖြင့် သဘောတူညီ ခဲ့ကြပါတယ်။ နောက်ပိုင်းမှာ အေအဲန်စီ ဖက်က လည်း လက်နက်ကိုင်တော်လှန်ရေးကို တဘက်သတ် ဆိုင်းငံ့ထားကြောင်း ကြေငြာခဲ့ပါတယ်။ ဒီလိုကြေညာတာကို သဘော မတွေ့ကြပေမယ့်၊ ထောင်က ပြန်လွတ်လာသူ၊ ပြည်ပက ပြန်လာသူတွေ စသဖြင့် မိတ်ဆွေဟောင်းတွေ ပြန်ဆုံကြရတော့ အစည်းအဝေးတွေ က နေရာတိုင်းမှာလည်း ခြိမ့်ခြိမ့်သဲ ဖြစ်နေခဲ့ပါတယ်။
ဒါပေမယ့်လည်း တောင်အာဖရိကနိုင်ငံရဲ့ ဖွဲ့စည်းပုံဥပဒေသစ်ကို ဘယ်သူတွေက ဆွဲမှာလည်း ဆိုတာ မတင်မကျ ဖြစ်နေရ ပါသေးတယ်။ ရွေးကောက်ခံထားရတဲ့ ကိုယ်စားလှယ်တွေနဲ့ ဆွဲတာမျိုးကို သမ္မတဒီကလပ်က မလိုလားပါဘူး။ ဒီလိုဆိုရင် လူမဲကိုယ်စားလှယ်များချည်းသာ အများစု ဖြစ်မှာပါ။ သူကတော့ ယခုတိုင် အာဏာခွဲဝေယူရေးမူကို ဆုပ်ကိုင်ထားဆဲ ဖြစ်ပြီး၊ အခြားလူမဲအုပ်စုဖြစ်တဲ့ ဇူးလူးခေါင်းဆောင်တွေနဲ့ အေအဲန်စီ ကို အင်အားချိန်ခွင် ညှိချင်နေပါသေးတယ်။ ဒီအချိန်မှာ မင်ဒဲလားက ၁၉၉၁ ခုနှစ် ဇန်နဝါရီလမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲနိုင်တဲ့ လွှတ်တော် တရပ်ပေါ်ပေါက်ရေးအတွက် ပါတီပေါင်းစုံပါဝင်သော ဆွေးနွေးပွဲတရပ် ကျင်းပဖို့ အဆိုပြုခဲ့ပါတယ်။ သည်အချက်က ပြေလည်ဖို့ ကြားချတောင်းဆိုလိုက်တာ ဖြစ်ပါတယ်။ ပါတီပေါင်းစုံက သူတို့အကျိုးစီးပွားတွေ တင်ပြပြီး အခြေခံဥပဒေအတွက် မူတွေ ချမှတ်ဖို့ အမျိုးသားညီလာခံလို အစည်း အဝေးကြီး ရှိပါလိမ့်မယ်၊ နောက်မှသာ ရွေးကောက်ပွဲလုပ်၊ တက်လာတဲ့ ကိုယ်စားလှယ်တွေက ဆက်လက် ဥပဒေ ရေးဆွဲ အတည်ပြုကြဖို့ပါ။ ဒါပေမယ့် အေအဲန်စီ က တချက်ကို ထပ်ဖြည့်စွက်ပါတယ်။ အခုလို ဆွေးနွေးပွဲ ကြီးနဲ့ ရွေးကောက်ပွဲ အကြားကာလက (၈) လထက် ပိုမကြာစေသင့်လို့ အဆိုပြုပါတယ်။ နောက်ပိုင်းမှာတော့ ဒီမိုကရေစီ တောင်အာဖရိကနိုင်ငံသစ် ဖြစ်ပေါ် ရေးညီလာခံလို့ အမည်ပေးထားတဲ့ ပါတီပေါင်းစုံဆွေးနွေးပွဲကြီး ဖြစ်လာပါတော့တယ်။ အတိုကောက် အင်္ဂလိပ်လို ကိုဒက်ဆာ (CODESA - Convention for Democratic South Africa) လို့ ခေါ်ခဲ့ကြပါတယ်။ ပြဿနာတွေ ရှိနေသေး ပေမယ့် ကိုဒက်ဆာ ညီလာခံ ကတော့ စတင်နိုင်ခဲ့ပါပြီ။
နောက်တပတ်မှာတော့ စကတည်းက ယဉ်သကို ဆိုသလို ပြဿနာ သောင်းခြောက်ထောင် ကြုံရပုံ၊ ဆက်လက် ဖြေရှင်းရပုံ တွေကို ဆက်လက်တင်ပြပါမယ်။ အားလုံး ငြိမ်းချမ်းပျော်ရွှင်နိုင်ကြပါစေ။
(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)
Labels:
ဆောင်းပါးများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment