Sunday, February 22, 2009
နိုင်ငံသစ် မနက်ဖြန် (၁၃)။ စဉ်းစားတွေးခေါ်မှု အဆင့်ဆင့်ပြောင်းလဲလာပုံ
သမ္မတသစ် အက်ဖ် ဒဗလျူ ဒီကလပ်က တောင်အာဖရိကနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေ ဆောင် ရွက်ဖို့ သူ့ကို ဘုရားသခင်က တာဝန်ပေးလိုက်တယ်လို့ ပုဂ္ဂိုလ်ရေးအရပါ ယုံကြည်နေတဲ့ အကြောင်း ယခင် အပတ်က တင်ပြခဲ့ပါတယ်။ သူနဲ့ နီးစပ်တဲ့ မိတ်ဆွေတွေရဲ့ သုံးသပ်ချက် အရ ကတော့ သမ္မတ ဒီကလပ်ဟာ ရှေးရိုးစွဲ ဝါဒီလို့ ဆိုကြသော်လည်း ယခုလို ပြုပြင်ပြောင်းလဲမှုတွေကို စပြီး အရဲစွန့်လုပ်ဆောင်ခဲ့တာတော့ အလွန် အံ့သြစရာလို့ ဆိုရပါလိမ့်မယ်။ သို့သော်လည်း လေ့လာ သူ တွေကတော့ အခုလိုဖြစ်ပေါ်လာတာဟာ သမ္မတသစ်ရဲ့ စဉ်းစားတွေးခေါ်မှု အဆင့်ဆင့် ပြောင်းလဲ တိုးတက်ပြီး ဖြစ်ပေါ်ခဲ့တာလို့ ဆိုကြပါတယ်။
သောတရှင် မိတ်ဆွေများခင်ဗျား။
သမ္မတ ဒီကလပ်က တာဝန်ယူပြီး မကြာခင်မှာပဲ ယခင် သမ္မတဟောင်း၊ မိကျောင်းအိုကြီး ဘိုသာနဲ့ ကွာခြား နေတယ် ဆိုတာကို လူအများက ရိပ်မိလာကြပါတယ်။ ထူးခြားတဲ့ သမ္မတသစ် ကျမ်း သစ္စာ ကျိမ်ဆိုပွဲ မိန့်ခွန်း မတိုင်မီ ရက်သတ္တပတ် အနည်းငယ်အလို၊ ကိပ်တောင်းမြို့မှာ လူမဲတွေက ဆူပူဆန္ဒပြခဲ့ကြပါတယ်။ လုံခြုံရေးတပ်ဖွဲ့တွေက ပစ်ခတ်သတ်ဖြတ်လို့ လူသေကြေမှုတွေလည်း ဖြစ်ခဲ့ရပါတယ်။ ဒေါသထွက်နေတဲ့ လူထုကြီးက ကန့်ကွက်တဲ့အနေနဲ့ မြို့ထဲ အစုအဝေးနဲ့ စီတန်း လှည့်လည်မယ်လို့ ပြင်ဆင် ကြပါတယ်။
ဒီဆန္ဒပြပွဲတွေကို ဘုန်းတော်ကြီး ဒက်စမွန်တူးတူး၊ သိက္ခာတော်ရ ဆရာတော် အလန်ဘိုးဆက်လို နာမည်ကြီး ခေါင်းဆောင် တွေက ဦးဆောင်ကြမှာပါ။ အရင် သမ္မတဟောင်း ဘိုသာကာလကဆိုရင် ထပ်ပြီး ပစ်ခတ်ဖိနှိပ်တာတွေ၊ သွေးထွက် သံယိုမှု တွေနဲ့ နိဂုံးချုပ်ရမှာ မလွဲပါဘူး။ သို့သော်လည်း သမ္မတသစ်ကတော့ တမျိုးထူးခြားစွာ စီမံခန့်ခွဲခဲ့ပါတယ်။ သူက ဘာသာရေး ခေါင်းဆောင်တွေနဲ့ ညိ‡နှိုင်းပြီး သူတို့ လူစုကို သူတို့ ဘာသာ စည်းကမ်းသေဝပ်စေရေး တာဝန်ယူပေးဖို့ ညိ‡နှိုင်းနိုင်ခဲ့ပါတယ်။ မြို့တော်ခမ်းမရှေ့မှာ လူပေါင်း ၃ သောင်းကျော် စုဝေးဆန္ဒပြခဲ့ကြသော်လည်း အေးအေးချမ်းချမ်းနဲ့ ပွဲကို အဆုံးသတ်နိုင် ခဲ့ပါတယ်။ တနည်း အားဖြင့်တော့ ဒေါသပေါက်ကွဲနေကြတဲ့ လူထုကို ပုံမှန်အခြေအနေ ပြန်ရောက် အောင် လုပ်ခဲ့တဲ့ ကြိုးပမ်းချက် တခုဆိုရင်လည်း မမှားပါဘူး။
သမ္မတသစ် ဒီကလပ်ရဲ့ တွေးခေါ်ပုံ အဆင့်ဆင့် တိုးပြီး ပြောင်းလဲလာခဲ့ရာမှာ၊ ၁၉၈၉ ခုနှစ် စက်တင်ဘာလကိုတော့ အထွဋ် အထိပ်ကာလလို့ ပြောရင်ရပါတယ်။ သူက ဒီအချိန်မှာ မင်ဒဲလားကို လွှတ်ပေးဖို့၊ တားမြစ်ထားတဲ့ အေအဲန်စီ ခေါင်းဆောင် တွေနဲ့လည်း တွေ့ဆုံဆွေးနွေးဖို့ ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာ ရှိနေပါပြီ။ ဒါပေမယ့်လည်း သူခေါင်း ဆောင်နေတဲ့ အစိုးရ ခေါင်းဆောင်တွေ၊ ပါတီခေါင်းဆောင်တွေကို အပါဆွဲခေါ်နားချဖို့ လိုနေပါသေးတယ်။
သူတို့က မင်းဒဲလားကို ပြန်လွှတ်ပေးလိုက်လို့ လူမဲထုတွေအကြားမှာ အကြီးအကျယ် စိတ်အားတက်ကြွမှု တွေ ဖြစ်လာပြီး ထိန်း မနိုင်၊ သိမ်းမရ အခြေအနေ ဖြစ်ရမှာလည်း မလိုလားပါဘူး။ ဒီလိုအဖြစ်မျိုးတွေက နိုင်ငံတကာ မှာ တွေ့ကြုံထားဖူး ပါပြီ။ တခါ အာဖရိကန်နာ လူဖြူတွေဖက်ကလည်း ဘယ်လိုတုံ့ပြန်ကြမယ်ဆိုတာ မသိရသေးပါဘူး။ သမ္မတဟောင်း ဘိုသာရဲ့နည်းကတော့ အပြောင်းအလဲကို ဖြည်းဖြည်းချင်း သွားလိုပါတယ်။ ပြောင်းလဲမှုတဆင့်တိုင်းမှာလည်း အတိုက်အခံ အေအဲန်စီအနေနဲ့ သိက္ခာ ကျ အောင်၊ နေရာမရနိုင်အောင် လုပ်ထားချင် ပါတယ်။
ဒီကလပ်ရဲ့ ဗျူဟာကတော့ ဒီလိုမမြင်ပါဘူး။ သူက အပြောင်းအလဲကို ထူးထူးခြားခြား လုပ်ပေးလိုက်ရင် အခြေအနေတွေ တဆင့်တိုးတက်သွားမယ်လို့ မြင်ပြီး၊ ခုန်ပျံကျော်လွှားပြောင်းလဲရေး ဗျူဟာကို သုံးချင်ပါတယ်။ ဒီလို ထူးထူးခြားခြား ပြောင်းလဲခြင်းအားဖြင့် ရန်သူကို လည်း အလစ်အငိုက်မိစေနိုင်တယ်လို့ ယုံကြည်ခဲ့ပါတယ်။
ဒီလိုနဲ့ ခုန်ပျံကျော်လွှားပြောင်းလဲရေး လုပ်ငန်းစဉ်တွေ တခုမက ပေါ်လာခဲ့ပါတယ်။ ပထမတခု ခုန်ပျံပြောင်းလဲရေး ကိစ္စ ကတော့ ၁၉၈၉။ အောက်တိုဘာ ၁၅ ရက်မှာ ဖြစ်လာခဲ့ပါတယ်။ အဲဒီနေ့မှာ နာမည်ကြီး အကျဉ်းသား ဝေါ်လ်တာ ဆီဆီလူး အပါအဝင် အခြားထင်ရှားတဲ့ နိုင်ငံရေး အကျဉ်းသား (၅) ဦးကို သူတို့အိမ်ရှေ့တွေမှာ ချထားပေးပြီး လွှတ်ပေးလိုက်တာပါ။ ပြန်လွတ်လာ သူတွေက လွတ်မယ်လို့ မမျှော်လင့်ထားခဲ့ကြတဲ့ ပြောက်ကျားတပ်ဖွဲ့ စတင် တည်ထောင်သူတွေ၊ အကြမ်းဖက် ဖောက်ခွဲမှုနဲ့ ဖမ်းဆီးခံထားရသူတွေ ပါဝင်ပါတယ်။
ဒီအဖြစ်အပျက်က အင်မတန်မှ စိတ်လှုပ်ရှားဖွယ်ကောင်းနေလို့ လူမဲတွေအဖို့၊ အဲဒီညဟာ အက်စ်တေစီ စိတ်ကြွဆေး သောက် ထားတဲ့ ညလို့တောင် စာရေးဆရာက တင်စားခဲ့ပါတယ်။ လူတွေစုဝေးဆန္ဒပြတာ ရှိခဲ့သော်လည်း အများစုရဲ့ ခံစားမှုက ပျော်ရွှင် နေပြီး၊ သီချင်းသံတွေ၊ လူသံတွေ ညံနေခဲ့ပါတယ်။ ဝေါ်တာ ဆီဆီလူးရဲ့ ဇနီးသည်ဆိုရင် အလွန် သနားစရာကောင်းသူပါ။ ခင်ပွန်းသည်နဲ့ ကွဲကွာနေရတာ (၂၅) နှစ် တိုင်တိုင်ရှိခဲ့ပါပြီ။ ဖြူသလား-မဲသလား ရုပ်ရည် ကိုတောင် မှန်းဆ မသိရတော့ပါဘူး။ သားတယောက်ကလည်း ပုန်ကန်မှုနဲ့ ဖမ်းခံရ၊ အခြားသား တဦးက ကန့်သတ်မိန့်နဲ့ အကျယ်ချုပ်၊ နောက်သားတဦးက ပြည်ပကို ထွက်ပြေးသွားရပါတယ်။ သူမ ကပဲ အိမ်ထောင်ကို တယောက်ထဲ ဦးစီးပြီး၊ မျက်ရည်ကို အဖော်ပြုလို့ ရုန်းကန်နေခဲ့ရသူပါ။
နောက်ထပ်ခုန်ပျံ ပြောင်းလဲရေးတခု လုပ်ခဲ့တာလည်း ရှိပါတယ်။ ဒီကလပ်နှင့် သူ၏ဝန်ကြီးတဖွဲ့လုံး၊ အခြား သော အရာရှိနှင့် အကြံပေးပုဂ္ဂိုလ်တွေ (၅ဝ) ကျော်တို့ စုဆုံ ခေါင်းချင်းရိုက် ဆွေးနွေးကြတာပါ။ ဆွေးနွေးပွဲကို မြို့တော်က ရုံးခမ်းမှာ မဟုတ်ဘဲ ဒီလာညာလို့ခေါ်တဲ့ တောတွင်း အပန်းဖြေစခန်းမှာ လုပ်ကြပါတယ်။ သမ္မတသစ်က အရင်သမ္မတလို အာဏာရှင်ဆန်ဆန် ဦးဆောင်တာမျိုး မလုပ်တော့ဘဲ စုပေါင်းတိုင်ပင်ဆုံးဖြတ်တာကို စကျင့်သုံးခဲ့ပါတယ်။ သူတို့က ဒီအစည်းအဝေးကို ခြုံပုတ် ကွန်ဖရင့်လို့ ခေါ်ကြပါတယ်။ ၂ ရက်တိုင်တိုင် အကြံဉာဏ်တွေ လွတ်လွတ်လပ်လပ် ဆွေးနွေးကြလို့ ရှေ့ခရီး အတွက် ဗျူဟာ ချကြပါတယ်။ နောက်ပိုင်းလည်း ၇ ကြိမ်တိုင်တိုင် ဒီလာညာမှာ စည်းဝေးခဲ့ကြတယ် လို့ ဆိုပါ တယ်။ အကျဉ်းသားတွေ ပြန်လွှတ်ပေးရမယ်ဆိုတဲ့ကိစ္စကို သိပ်မဆွေးနွေးလိုက်ရပါဘူး။ သဘောတူညီချက်ရပါ တယ်။ သို့သော်လည်း တရားမဝင် အဖွဲ့အစည်းတွေကို ပြန်လက်ခံရေးကိစ္စမှာတော့ တစ်ဆို့နေသလို ပြင်းပြင်း ထန်ထန် လည်း ဆွေးနွေးရပါတယ်။
သမ္မတဟောင်းရဲ့ သစ္စာရှိလူ ရှေးရိုးစွဲဝါဒီ ကာကွယ်ရေးဝန်ကြီး မဂ္ဂနပ်စ် မာလန်က အာဖရိက ကွန်မြူနစ်ပါတီကို ပြန်လာခွင့် ပေးဖို့ ကိစ္စကို အကြောက်အကန်ငြင်းပါတယ်။ သူက အရင်က အပြုတ်ချေမှုန်းရေးဝါဒကို ကိုင်စွဲ တိုက်ခဲ့ရသူ ဖြစ်ပြီး သဘော ထားတင်းမာသူလို့လည်း လူသိများသူပါ။ နောက်ဆုံးတော့ သဘောတူညီချက် ရခဲ့ပါတယ်။ ကျန်တဲ့ ပါတီတွေအားလုံးကို ခွင့်ပြုပြီး တဖွဲ့တည်းကွက်ချန် ထားခဲ့ရင် အစိုးရရဲ့စေတနာကို အပြစ်ပြောစရာ ဖြစ်နေမယ်လို့ ထောက်ပြခဲ့ကြပါတယ်။
ခြုံပုတ် ကွန်ဖရင့်အပြီးမှာ ဒီဇင်ဘာလ သမ္မတက အနားယူ အပန်းဖြေခရီးထွက်ပါတယ်။ ဒီအပန်းဖြေခရီးဟာ အပင်ပန်းဆုံးပဲလို့ သမ္မတ ဒီကလပ်က နောက်ပိုင်းမှာ ပြန်ပြောခဲ့ပါ တယ်။ ဒီကလပ်ရဲ့ စိတ်တွင်းမှာ သူနိုင် ကိုယ်နိုင် လွန်ဆွဲနေတဲ့ကာလလို့ အချို့ နီးစပ်သူတွေက သုံးသပ်ကြပါ တယ်။ သူ့ရဲ့ မိသားစု ထုံးတမ်းစဉ်လာကိစ္စကြီးကို စွန့်ရမှာဖြစ်သလို၊ အခန့်မသင့်ရင် လူဖြူတွေ ဖက်ကလည်း အမျိုးသား သစ္စာဖောက်အဖြစ် တသက်လုံး စွပ်စွဲရှုံ့ချခံရနိုင်တဲ့ အနေအထားပါ။
အပန်းဖြေခရီးက ပြန်လာတဲ့အခါ မိန့်ခွန်းကို သူကိုယ်တိုင်ရေးပါတော့တယ်။ ဘယ်သူ့ကိုမှ မပြသလို၊ သူ ကိုယ်တိုင် စိတ်တိုင်း ကျ ရေးလိုက်ပြင်လိုက်နဲ့ နေခဲ့ပါတယ်။ "ကျနော် တခုခု မွေးဖွားပေါ်ပေါက်လာတာကို မြင်ကြည့်တယ်" လို့ သမ္မတ ဒီကလာ့က် က သူ့အတွေးအခေါ် ဖြစ်စဉ် ကို ပြန်ပြောပြခဲ့ပါတယ်။ သူမှန်းဆခဲ့သလိုပဲ သူရဲ့ မိန့်ခွန်းက တောင် အာဖရိက နိုင်ငံကို လမ်း ကြောင်းသစ်အပေါ် ကို တင်ခဲ့ပါပြီ။
နောက်အပတ်မှာတော့ တောင်အာဖရိက အစိုးရရဲ့ ထောက်လှမ်းရေးအဖွဲ့က ဆွေးနွေးပွဲကာလမှာ ပတ်သက်ခဲ့ ရပုံတွေကို ဆက်လက်တင်ပြပါမယ်။ အားလုံး ငြိမ်းချမ်းပျော်ရွှင်နိုင်ကြပါစေ။
(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)
Labels:
ဆောင်းပါးများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment