Wednesday, February 18, 2009
နိုင်ငံသစ် မနက်ဖြန် (၁၀)။ တရားဝင်မဟုတ်သော ဆက်ဆံရေးများ
သောတရှင် မိတ်ဆွေများခင်ဗျား။
တောင်အာဖရိကမှာ သမ္မတဟောင်း ဘိုသာက ၁၉၇၇ ခုနှစ်ကနေ ၁၉၈ဝ ခုနှစ်များအထိ ၁၂ နှစ်ကြာ အုပ်ချုပ် ခဲ့ပါတယ်။ သူ အုပ်ချုပ်ခဲ့တဲ့ ကာလတွေကို ပြန်ကြည့်လိုက်တဲ့အခါ ပဋိပက္ခ၊ ဝိရောဓိတွေ လှိုင်းထန်နေတဲ့ ကာလ တွေ အဖြစ် မြင်ခဲ့ရပါတယ်။ ဘိုသာက ဒေါသကြီး၊ အာဏာရှင်ဆန်ဆန် အုပ်ချုပ်တတ်လို့လည်း သူ့ကို သူ့ လူတွေ ကိုယ်တိုင်က နောက်ကွယ်မှာ "မိကျောင်းအိုကြီး"လို့ ခေါ်ကြပါတယ်။ မိကျောင်းအိုကြီးအနေနဲ့ နိုင်ငံရေးအရ အခြေအနေတွေ တောင်းဆိုလာတာကို မြင်ပါတယ်။ ပြုပြင်ပြောင်းလဲရေး တစုံတရာ လုပ်ရတော့မယ် ဆိုတာလည်း မြင်ပါတယ်။ သူ ကိုယ်တိုင်က "အခြေအနေနဲ့ အညီ လိုက်လျှောညီထွေ ပြောင်းမလား-သေမလား" ဆိုပြီး ကြွေးကြော်သံတွေ ထုတ်ခဲ့တာ ရှိပါတယ်။
တောင်အာဖရိကနိုင်ငံရဲ့ တင်းမာနေတဲ့ လူမျိုးရေး ပဋိပက္ခတွေကို လျှော့ချနိုင်ဖို့ ပြုပြင်ပြောင်းလဲရေး တစုံတရာ လုပ်ပေးခဲ့တာ လည်း ရှိပါတယ်။ သူက ၁၉၈၃ ခုနှစ်မှာ လူအများ မမျှော်လင့်ထားတဲ့ ပြောင်းလဲရေးတွေတောင် လုပ်ပေးခဲ့ပါတယ်။ "အရောင် ရှိသူများ" လို့ဆိုတဲ့ အာရှတိုက်က လာသူတွေနဲ့ သွေးနှောသူတွေကို ဒေသ ပါလီမာန်တွေမှာ ရွေးချယ်တင်မြှောက်ခွင့် ပေးခဲ့ပါ တယ်။ လူမဲများကို òမိ့ပေါ်မှာ လာနေခွင့် မပေးတဲ့ ဥပဒေတွေကိုလည်း ရုပ်သိမ်းပေးခဲ့ ပါတယ်။ လူမဲတွေအတွက် ပညာရေး အသုံး စားရိတ်တွေကိုလည်း တိုးချပေးခဲ့ပါတယ်။ အသားအရောင် မတူသူချင်း၊ လူမျိုးမတူသူချင်း အိမ်ထောင်ပြုတာ ကို ပိတ်ပင်တားမြစ်ထားတဲ့ ဥပဒေတွေကိုလည်း ရုပ်သိမ်းပေးခဲ့ပါတယ်။ နောက်တခါ ဟုမ်းလင်း (Homeland) လို့ ခေါ်တဲ့ လူမျိုးစုဒေသတွေမှာ နေတဲ့ လူမဲတွေကိုလည်း နိုင်ငံသား အဖြစ်အသိအမှတ်ပြုပြီး နိုင်ငံရေးပြုပြင် ပြောင်းလဲမှုတွေ ဆက် လုပ်မယ်လို့လည်း ကတိပေးခဲ့ပါတယ်။ အရင်ကတော့ သူတို့ကို နိုင်ငံသားအဖြစ် မသတ်မှတ်ဘဲ၊ နိုင်ငံခြားသားအဖြစ်ပဲ သတ်မှတ်ထားတာပါ။ သမ္မတ ဘိုသာအနေနဲ့ ဒီလိုပြုပြင်ပြောင်းလဲမှုတွေ လုပ်ပေးလာပေမယ့်၊ လူမဲတွေကို တကိုယ်တမဲ မဲပေး ခွင့်ပြုပြီး အာဏာရလာစေတဲ့အထိ ပြုပြင်ပြောင်းလဲဖို့ အထိတော့ သူတို့မှာဆန္ဒ မရှိပါဘူး။
သူအပါအဝင် လူဖြူတွေကတော့ လူမဲတွေကို အကြီးအကျယ် အခွင့်အရေးတွေ ပေးလိုက်ပြီလို့ ထင်နိုင်ပေမယ့်၊ လူမဲ တွေ ကတော့ သူတို့မျှော်လင့်ချက်တွေကို စော်ကားလိုက်တာလို့ မြင်တဲ့အပြင်၊ ဒီပြုပြင်ပြောင်းလဲရေး လုပ်ငန်း တွေကိုလည်း အတုအယောင်လို့ မြင်ကြပါတယ်။ ဒီအခါမှာ လူဖြူအုပ်ချုပ်သူ တွေဖက်က တွက်ထားသလို လူမဲ တွေရဲ့ အုံကြွဆန့်ကျင်မှုက လျှော့ကျမသွားဘဲ ပို၍ ပြင်းထန်လာခဲ့ပါတယ်။ ဒီအခါမှာ သမ္မတ ဘိုသာကလည်း ဖိအားကြောင့် ပျော့ရတယ်ဆိုတာ အဖြစ်မခံချင်ပါဘူး။ ဒီတော့ သူက အုံကြွဆန့်ကျင်မှုကို အရင်ချေမှုန်းမယ်၊ ပြီးမှ စကားပြောမယ်လို့ စဉ်းစားလာပါတယ်။ သဘောထားတင်းမာတဲ့ အေအဲန်စီနဲ့ မပြောဖူး၊ သူတို့ ညှိလို့ရ တဲ့ လူမဲခေါင်းဆောင်နဲ့ ပြောမယ် ဆိုတာမျိုး စဉ်းစားခဲ့ကြ ပါတယ်။ သမ္မတဘိုသာ လက်ထက်မှာ ဖိနှိပ်တင်းကျပ်မှုတွေ ပိုပြင်းထန်လာတာလည်း အမှန်ပါပဲ။ သူ့ပုဂ္ဂိုလ်ရေး သဘောမှာ ကိုယ်၌က ဒေါသကြီးသလို၊ သမ္မတဘိုသာ နှလုံးရောဂါနဲ့ လဲပြီး နောက်ပိုင်းမှာ ပိုဆိုးလာခဲ့ ပါတယ်။
သည်တော့ နိုင်ငံတကာ ဖိအားပေးမှုတွေကလည်း ပိုလို့တိုးလာခဲ့ပါတယ်။ ဘိုသာက နိုင်ငံတကာ ကြိုးပမ်းမှု တိုင်းကိုလည်း ပယ်ချခဲ့ပါတယ်။ သည်တော့ ပိုပြီးအထီးကျန်ဖြစ်လာရသလို၊ အတွင်းထဲမှာ ပဋိပက္ခတွေက လည်း ပိုပြင်းထန်လာခဲ့ရ ပါတယ်။
ဒီနေရာမှာ အရေးပါလာတဲ့ လူဖြူအုပ်စုတခုအကြောင်း တင်ပြလိုပါတယ်။ သူတို့က "ဘရိုဒါဘွန်း" (Broederbond) လို့ ခေါ်ပြီး၊ အသားအရောင်ခွဲခြားရေး အယူအဆကို စတင်တည်ထွင်ခဲ့ကြတဲ့ အုပ်စုတွေပါ။ တောင်အာဖရိကမှာ နိုင်ငံရေးပါတီအဖြစ် မဟုတ်သော်လည်း လူဖြူ အာဖရိကန်နာတွေအကြားမှာ အတော် သြဇာကြီးတဲ့ အမျိုးသားရေး အင်အားစုတွေလို့ ပြောလို့ရ ပါတယ်။ (ကျနော်တို့ မြန်မာ့သမိုင်းထဲက ဒို့ဗမာ အသင်းမျိုးနဲ့ ဆင်တူနိုင်ပါတယ်။) သူတို့က ၁၉၇ဝ ခုနှစ်နောက်ပိုင်းမှာ သူတို့ အခန်းကဏ္ဍ ပြောင်းသွားပြီး၊ အစိုးရမူဝါဒတွေအပေါ် အကြံပေးသူ (Think tank) တွေ၊ ပညာရှင်တွေအဖွဲ့ အဖြစ် ပြောင်း လာခဲ့ပါတယ်။ ဒီလို ပညာရှင်တွေကြားထဲမှာလည်း လက်ရှိအခြေအနေအပေါ် မွမ်းကျပ် နေကြသလို၊ ဖြစ်နိုင်တဲ့ အဖြေကို လည်း ကြံဆဆွေးနွေးမှုတွေ ရှိနေပါတယ်။
၁၉၈၆ မှာ ဘရိုဒါဘွန်းအဖွဲ့ဥက္ကဌ ပီယေတာ ဒီလန်းဂ်က နယူးယောက်မြို့၊ ဖို့ဒ်ဖောင်ဒေးရှင်းက အစည်းအဝေး တခုအလာ မှာ အေအဲန်စီ ကိုယ်စားလှယ်တွေနဲ့ တွေ့ကြပါတယ်။ သူနဲ့ အခုတောင်အာဖရိကနိုင်ငံ သမ္မတဖြစ် နေတဲ့ သာဘို အမ်ဘီကီတို့ လေပေးဖြောင့်မိကြပါတယ်။ အမ်ဘီကီက အေအဲန်စီ ပြန်ကြားရေးဌာန တာဝန်ခံ ဖြစ်သလို၊ အေအဲန်စီဥက္ကဌ အိုလီဗာ တန်ဘိုရဲ့ အကြံပေးလည်း ဖြစ်ပါတယ်။ သာဘို အမ်ဘီကီက အင်္ဂလန် နိုင်ငံ၊ ဆက်ဆပ်စ် တက္ကသိုလ်က စီးပွားရေး ပညာဘွဲ့ရထားသူ ဖြစ်သလို၊ ပုဂ္ဂိုလ်ရေးအရ နှစ်လိုဖွယ်ရှိသူ၊ နူးညံ့သူ၊ ဉာဏ်ထက်မြက်သူလည်း ဖြစ်ပါတယ်။ သံတမာန်ကောင်းတဦး အရည် အသွေးနဲ့ ပြည့်ဝပြီး၊ လူဖြူ အစိုးရက ဝါဒဖြန့်ထားတဲ့ အေအဲန်စီဆိုတာ လူဆိုးလူမိုက်တွေဆိုတဲ့ အမြင်ကို ချက်ချင်း ချေဖျက် ပစ်နိုင်လောက် တဲ့ ပုဂ္ဂိုလ်မျိုး ဖြစ်ပါတယ်။ သူတို့ ၃-နာရီကြာ စကားထိုင်ပြောဖြစ်ကြပါတယ်။
ဒီစကားဆွေးနွေးမှုတွေကနေ သာဘို အမ်ဘီကီ မြင်တွေ့လာတာက သူတို့ အပေါ်ယံပြောင်းလဲမှုလို့ ယူဆထား တဲ့ အောက်မှာ အယူအဆရေးရာအရ၊ ရေစီးကြောင်းအရ အတော်ပြောင်းနေတာကို သတိထားမိလိုက်ပါ တယ်။ သာဘို အမ်ဘီကီက သူ့ရဲ့ အေအဲန်စီ ဥက္ကဌထံကို ဘယ်လိုသတင်းကောင်းတွေ သယ်သွားရမလဲလို့ ဒီလန်းဂ်ကို မေးခဲ့ပါတယ်။ ဘရိုဒါဘွန်းအဖွဲ့ ဥက္ကဋ္ဌ ဖြစ်သူ ဒီလန်းဂ်ကတော့ ဒီလိုပြောပါတယ်။ "တောင်အာဖရိက နိုင်ငံမှာ အပြောင်းအလဲဖြစ်ဖို့ အခြေအနေတွေက ရင့်မှည့်နေပြီ။ ဒီလို အပြောင်းအလဲဟာလည်း တကယ်လုပ်မှရတော့မယ်။ ဒါပေမယ့် အာဖရိကန်နာ လူဖြူတွေအတွက် လူမျိုးရေး ဝိသေသ လက္ခဏာ၊ ပညာရေး၊ ဘာသာရေး၊ ဘာသာစကား လွတ်လပ်မှုတွေ ထိန်းသိမ်းခွင့်ရဖို့တော့ လိုတယ်။ ခွင့်ပြုဖို့လိုတယ်" လို့ ပြောခဲ့ပါတယ်။
ဒီလန်းဂ်က တောင်အာဖရိကပြန်ရောက်တော့ သူတာဝန်ယူနေတဲ့ တက္ကသိုလ်တခုရဲ့ ကျောင်းအုပ်ကြီး တာဝန် က နှုတ်ထွက်ခဲ့ ပါတယ်။ အကြောင်းကတော့ ဘရိုဒါဘွန်းဥက္ကဌအဖြစ်နဲ့ လူမျိုးအချင်းချင်း သင့်မြတ်မှုရလာစေဖို့ အားကျိုးမာန်တက် လုပ်နိုင်ဖို့လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း သူလုပ်ဆောင်ရတဲ့ အခြေအနေကတော့ အကန့် အသတ် ရှိနေသေးတာ အမှန်ပါပဲ။ သူဆွေးနွေးပြောဆိုလိုတဲ့ ကိစ္စတွေကိုလည်း လူအများစုက လက်မခံနိုင်ကြ သေးပါဘူး။
ဒီလန်းဂ်ကတော့ အခုလိုယုံကြည်မှုချို့တဲ့နေရတာဟာ၊ အဓိပ္ပါယ်ရှိတဲ့ အပြန်အလှန်ဆက်ဆံရေးတွေ မရှိလို့ ဖြစ်ရတာလို့ မြင်ပါ တယ်။ ဒါကြောင့် အပြန်အလှန်ဆက်ဆံရေး တိုးတက်လုပ်ရမယ်လို့လည်း မြင်ပါတယ်။ သမ္မတဘိုသာကိုလည်း သူ့အမြင်တွေ ဆွေးနွေးပါတယ်။ အခြားထိပ်တန်းဝန်ကြီးတွေနဲ့လည်း အမြဲဆိုသလို ဆွေးနွေးခဲ့ပါတယ်။ ပြောရမယ်ဆိုရင် ဘရိုဒါဘွန်းအဖွဲ့က လက်ခံထားတဲ့ အမြင်က လူဖြူတွေရဲ့ နိုင်ငံရေး ပါတီဖြစ်တဲ့ အမျိုးသားပါတီထက်တောင် ရှေ့ရောက်တယ်လို့ ဆိုနိုင်ပါတယ်။ သူ့အမြင်ကို လက်ခံကြတဲ့ အစိုးရ ခေါင်းဆောင်တွေလည်း ရှိလာကြပါတယ်။ ဒါပေမယ့်လည်း ဘိုသာ မသေမချင်း အပြောင်း အလဲတွေ ဖြစ်ဖို့က မလွယ်လှပါဘူး။ သူက သမိုင်းဝင်အပြောင်းအလဲကြီးတခုကို ဖန်တီးချင်ရင် ဖန်တီးနိုင်တဲ့ အခွင့်အရေး ရသော်လည်း၊ သူက ဆက်သွားလိုတဲ့ ဆန္ဒမရှိပါဘူး။ မင်ဒဲလားနဲ့ တွေ့ဆုံစဉ်က သူကိုယ်တိုင်အကဲဖြတ်နိုင်သော်လည်း သူက အပြောင်းအလဲတွေအတွက် သတ္တိမရှိတော့ပါဘူး။ အချို့ပါလီမာန်အမတ်တွေက ဒီလန်းဂ်ကို လူစုပြီး သူပုန်ထဖို့အထိတောင် ပြောကြပါသေးတယ်။ သူက လက်မခံပါဘူး။
တချိန်တည်းမှာပဲ အေအဲန်စီဖက်ကလည်း တောင်အာဖရိက လူဖြူအစိုးရအပေါ် သြဇာလွှမ်းမိုးနိုင်တဲ့သူတွေကို ဖိတ်ခေါ် ဆွေးနွေးတာတွေ လုပ်လာခဲ့ပါတယ်။ အခြေအနေအပေါ် အားမလို အားမရဖြစ်နေကြတဲ့ အတိုက်အခံ ပါလီမာန်အမတ်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ ပညာရှင်တွေ၊ ကျောင်းသားတွေက အေအဲန်စီဌာနချုပ်ကို သွားဆွေးနွေးတာတွေ ရှိလာခဲ့ပါတယ်။ သမ္မတ ဘိုသာကတော့ အခုလို သွားတွေ့နေတဲ့ ကိစ္စတွေကို မကြိုက် ကြောင်း အတိအလင်းပြောပါတယ်။ နိုင်ငံတော်ရဲ့ ရန်သူ အဖွဲ့အစည်းနဲ့ တွေ့ဆုံတာ သစ္စာဖောက်မှုဆိုပြီးလည်း စွပ်စွဲခဲ့ပါတယ်။ တားမြစ်ထားတဲ့ ကြားထဲကပဲ လျှို့ဝှက်ဖိတ်ကြားစာ တွေက တောင်အာဖရိကနိုင်ငံထဲကို ရောက်လာကြပါတယ်။ အချို့သူတွေကလည်း တားမြစ်ထားတဲ့ကြားက အန္တရာယ်မရှိသလို၊ ပြောင်နီးပါး လာတွေ့နေခဲ့ကြပါတယ်။ အေအဲန်စီဖက်က စဉ်းစားချက်ကတော့ လူဖြူအစိုးရထဲမှာ ဘယ်လိုစဉ်းစားနေတယ် ဆိုတာ မသိရင်၊ သူတို့ဖက်ကလည်း ပြင်ဆင်ထားမှုတွေ လိုအပ်လိမ့်မယ်လို့ ယူဆပြီး ဒီလိုဆောင်ရွက်နေခဲ့တာ ဖြစ်ပါတယ်။
နောက်တပတ်မှာတော့ အခုလို ဆွေးနွေးပွဲတွေကနေ သူတို့နားလည်မှု ပိုမိုရရှိလာကြတဲ့အကြောင်း၊ ယခင် မမြင်ထား၊ မစဉ်းစားထားတဲ့ အချက်တွေလည်း တွေ့လာခဲ့တဲ့အကြောင်းတွေကို ဆက်လက်တင်ပြပါမယ်။ အားလုံး ငြိမ်းချမ်း ပျော်ရွှင် နိုင်ကြပါစေ။
(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)
Labels:
ဆောင်းပါးများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment