Pages

Thursday, February 19, 2009

နိုင်ငံသစ် မနက်ဖြန် (၁၁)။ လျှို့ဝှက် ဆွေးနွေးပွဲစပြီ။


သောတရှင် မိတ်ဆွေများခင်ဗျား

လူဖြူတွေဘက် ဘယ်လို စဉ်းစားနေကြတယ် ဆိုတာကို အတိုက်အခံ အေအင်န်စီ (ANC) ဖက်က မသိကြတာဟာ လိုအပ်ချက်တရပ်အဖြစ် အဲဒီတုန်းက အေအင်န်စီ (ANC) ဥက္ကဋ္ဌ အိုလီဗာတန်ဘိုက သဘောပေါက်ပါတယ်။ တဖက်က ဘယ်လိုစဉ်းစားနေမှန်း သိမှသာ သူတို့ဘက်ကလဲ ပြင်ဆင်နိုင် ကြမှာပါ။ သည်နောက်ပိုင်းမှာတော့ သူတို့က လူဖြူအစိုးရနဲ့ နီးစပ်တဲ့၊ လူဖြူတွေအကြား ပေါက်ရောက် သြဇာရှိသူတွေကို ဖိတ်ကြားပြီး တွေ့ဆုံခဲ့ကြပါတယ်။ သူတို့ ယခုလို တွေ့ဆုံနိုင်ဖို့ စိတ်ကူးရလာတဲ့အချိန်မှာ ရေကန်အသင့်၊ ကြာအသင့်လို့ ပြောရမှာပါ။ သူတို့ကို ပံ့ပိုးပေးမယ့်သူ တွေလည်း တွေ့လာခဲ့ရပါ တယ်။ ဒီနေရာမှာ အဓိကပံ့ပိုးပေးခဲ့ သူက ဂလိုဘယ်ဖီးလ် (Globalfield) လို့ခေါ်တဲ့ သတ္တုမိုင်းကုမ္ပဏီတခုက အကြီးအကဲ မိုက်ကယ်ရန်း ဆိုသူပါ။ သူက ဗြိတိသျှ စီးပွားရေးလောကမှာ ကျွမ်းကျင် နှံ့စပ်သလို၊ ဗြိတိန်ဝန်ကြီးချုပ် ဒေါက်ဂလပ်စ် ဟုမ်း ရဲ့ နိုင်ငံရေးအကြံပေးလည်း ဖြစ်ပါတယ်။ သူက တောင်အာဖရိကနိုင်ငံရှိ သတ္တုတွင်းတွေက အမြတ်ငွေ မျိုးမျိုးမြက်မြက်ရပြီး နောက် ပိုင်း၊ တောင်အာဖရိက နိုင်ငံရေး အပြောင်းအလဲတွေ အတွက် တခုခု ကောင်းရာကောင်းကျိုး လုပ်ပေးချင်တဲ့ စိတ်ကောင်းဝင်နေချိန်လည်း ဖြစ်ပါတယ်။

မိုက်ကယ်ရန်း နဲ့ အေအဲန်စီခေါင်းဆောင်တွေ လန်ဒန်မှာတွေ့ကြပါတယ်။ သူက -ခင်ဗျားတို့ အသားရောင် ခွဲခြားရေးစနစ် မကောင်းတာချည်းပဲ ပြောမနေနဲ့တော့ဗျာ၊ သူတို့ ဘယ်လို ကူညီဆောင်ရွက်ပေးနိုင်မလဲ ဆိုတာ မေးခဲ့ပါတယ်။ အေအင်န်စီ ခေါင်းဆေင် အိုလီဗာတန်ဘိုက ခဏစဉ်းစားပြီး၊ "ကျနော်တို့ အာဖရိကန်နာ လူဖြူတွေနဲ့ တွေ့ဆုံဆွေးနွေး ကြည့်ချင်တယ်၊ ခင်ဗျား ဘယ်လိုကူညီနိုင်မလဲ" လို့ ပြန်ပြောခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ မိုက်ကယ်ရန်း ဦးဆောင် ပံ့ပိုးပေးတဲ့ တွေ့ဆုံရေး အစီအစဉ်တွေ ဖြစ်လာ ခဲ့ပါတယ်။ မိုက်ကယ်ရန်းရဲ့ ကွန်းစ်ဂိုးလ်ကုမ္ပဏီက နေပြီး လျှို့ဝှက် ဆွေးနွေးပွဲတွေ ဖြစ်လာစေဖို့ ငွေထောက်ပံ့ပေး ခဲ့ပါတယ်။ အဲသည်အချိန်မှာ ကျန်တဲ့ ဗြိတိသျှ စီးပွားရေးသမားတွေ အများကြားထဲမှာတော့ အေအဲန်စီကို ထောက်ခံလိုစိတ် မရှိကြပါဘူး။ အေအင်န်စီကို အစွန်းရောက်တွေ လို့ ထင်နေကြပါတယ်။

မိုက်ကယ်ရန်းကိုယ်တိုင်က တောင်အာဖရိကကို သွားပြီး လူဖြူတွေထဲက တွေ့ဆုံသင့်သူတွေကို ရှာပါတယ်။ သမ္မတ ဘိုသာနဲ့ နီးစပ်သူတွေ၊ တောင်အာဖရိက လူဖြူအသိုင်းအဝိုင်းမှာ သြဇာကြီးသူတွေကို ချဉ်းကပ်ဖိတ် ကြားခဲ့ပါတယ်။ ဒီလိုနဲ့ အစိုးရ အကြံပေးလည်းဖြစ်၊ ပညာရှင်လည်းဖြစ်၊ ဘရိုဒါဘွန်းခေါင်းဆောင်တွေလည်း ဖြစ်ကြတဲ့ စီးပွားရေးပါမောက္ခ အက်စတာဟူဆီး တို့လို လူတွေက တက်တက်ºကွºကွ ဦးဆောင်ပါဝင်လာကြပါ တယ်။ ဒီအစည်းအဝေးတွေကို လျှို့ဝှက်အဆင့်အဖြစ် သတ်မှတ် ထားပြီး၊ အင်္ဂလန်နိုင်ငံ ဆမ်းမားဆက် ရှိုင်းယားဒေသက ကွန်းစ်ဂိုးလ်ကုမ္ပဏီကပိုင်တဲ့ အပန်းဖြေအိမ်ကြီးမှာ လုပ်ကြပါတယ်။ လန်ဒန်ရှိ ဟိုတယ်တွေ မှာလည်း လုပ်ခဲ့ကြပါတယ်။ အေအဲန်စီ (ANC) ဖက်က ကိုယ်စားလှယ် အဖွဲ့တွေကိုတော့ သာဘို အမ် ဘီကီ၊ အိန္ဒိယ လူမျိုး အေအဲန်စီခေါင်းဆောင် အာဇစ်၊ အာဖရိကန် ကွန်မြူနစ်ခေါင်းဆောင် ဂျက်ကော့ဇူးမားတို့က ခေါင်းဆောင် ကြပါတယ်။ အာဖရိကန်နာ လူဖြူတွေဖက်ကတော့ ဘရိုဒါဘွန်းခေါင်းဆောင်တွေက စီစဉ်ကြပါတယ်။

အစည်းအဝေးတွေက ပထမပိုင်းမှာ မယုံသင်္ကာစိတ်တွေ၊ တင်းမာမှုတွေ ရှိနေပေမယ့် ဆွေးနွေးမှု ကျယ်ပြန့် အရှိန်ရလာတာနဲ့ အမျှ သူတို့ကြားက အတားအဆီး၊ အဟန့်အတားတွေလဲ တစထက် တစ လျော့ပါးလာပါတယ်။ ၁၉၈၇ ခုနှစ် နိုဝင်ဘာလက စတင်လာခဲ့တဲ့ အစည်းအဝေး တွေဟာ ၁၉၉ဝ ခုနှစ် မေလရောက် တော့ ၁၂ ကြိမ် ရှိခဲ့ပြီလို့ ဆိုပါတယ်။ အစည်းအဝေး တက် ရောက်သူတွေကလည်း နေရာဌာနစုံက ပါပဲ။ ဘာသာရေးဂိုဏ်းချုပ်တွေပါသလို၊ သတင်းစာဆရာ၊ တက္ကသိုလ်ကျောင်းဆရာ၊ ပညာရှင် စသဖြင့် လူပေါင်းစုံ ပါဝင်ကြပါတယ်။ နောက်ဆုံး သမ္မတသစ် ဖြစ်လာသူ ဒီကလပ်ရဲ့ ညီတော်သူ ဝင်ပီ ဒီကလပ် တောင် ဒီအစည်းအဝေးတွေမှာ ပါဝင်တက်ရောက်ခဲ့ပါတယ်။

ဒီအစည်းအဝေးတွေမှာ ဆွေးနွေးတဲ့ အကြောင်းအရာကလည်း အစုံပါပဲ။ တောင်အာဖရိက နိုင်ငံရေး တိုးတက် ပြောင်းလဲမှု၊ နိုင်ငံတကာဖိအား သက်ရောက်မှု၊ စီးပွားရေး ပိတ်ဆို့မှု၊ လက်ရှိ စီးပွားရေး အခြေအနေ၊ မင်ဒဲလား ကို ပြန်လွှတ်ပေးရင် ဘယ်လိုဖြစ်မလဲ၊ အေအဲန်စီရဲ့ ကွန်မြူနစ်ဝါဒ အပေါ် သဘောထား၊ လက်နက်ကိုင်တော် လှန်ရေး စွန့်ဖို့ ရှိ-မရှိ၊ စသဖြင့် ကောင်းကျိုး ဆိုးပြစ်ပေါင်းစုံကို ဆွေးနွေးခဲ့ကြပါတယ်။ သူတို့ရဲ့ နံနက်ပိုင်း အစည်းအဝေးတွေက ပုံမှန်အစည်းအဝေး သဘောဆောင်ပေမယ့်၊ ညစာအတူစားချိန်၊ ညမီးပုံဘေး ဆွေးနွေးပွဲတွေကတော့ အလွတ်သဘောဖြစ်ပြီး ပိုလို့ လွတ်လပ် သက်ဝင်နေတတ်ပါတယ်။ မီးလင်းဖိုနဘေး ဆွေးနွေးပွဲတွေက တခါတလေ မနက်လင်းသွားတဲ့ အထိ ဖြစ်သွားတတ်ပါတယ်။

သူတို့ကြားရှိနေတဲ့ အထင်မှားမှုတွေ ရှင်းလင်းလာရုံမျှမက၊ ပုဂ္ဂိုလ်ရေး ရင်းနှီးမှုလည်း ရလာကြပါတယ်။ အရင်က အစိုးရ ဝါဒ ဖြန့်ထားတဲ့ အေအဲန်စီဆိုတာ လူဆိုးအကြမ်းဖက်သမားတွေ၊ အစွန်းရောက်တွေဆိုတဲ့ အမြင်လည်း ပျောက်လာခဲ့ပါတယ်။ အေအဲန်စီနဲ့ ညှိနှိုင်းရင် ဖြစ်နိုင်တယ်၊ သူတို့မှာ ဆွေးနွေးအဖြေရှာချင်တဲ့ ဆန္ဒရှိတယ်၊ စီးပွားရေး အမြင်မှာတောင် ပျော့ပြောင်းသူ တွေ ဆိုတာမြင်လာကြပါတယ်။

လာရောက်ဆွေးနွေးကြတဲ့ အာဖရိကန်နာ လူဖြူတွေဖက်ကလည်း တောင်အာဖရိကရဲ့ သမိုင်းသစ် ရေးနေကြတဲ့ ကိစ္စမှာ သူတို့အနေနဲ့ တစိတ်တပိုင်းက ပံ့ပိုးနေတယ် ဆိုပြီး ဂုဏ်ယူကြရသလို၊ ပဋိပက္ခဖြစ်နေတဲ့ လူမျိုး အုပ်စုတွေအကြား ပေါင်းကူး တံတားလိုလည်း ဆောင်ရွက်ပေးနိုင်ခဲ့ကြတဲ့အတွက် ဝမ်းမြောက်ကြရပါတယ်။ သူတို့အားလုံးမှာ တနည်းမဟုတ် တနည်း တောင်အာဖရိကနိုင်ငံကို စွဲမြဲချစ်ခင်ကြပုံချင်း တူညီကြတာကိုလည်း တွေ့လာခဲ့ကြရပါတယ်။ တဖက်မှာလည်း သူတို့ စွန့်စွန့်စားစား လျှို့ဝှက်လုပ်နေကြရတာဟာလည်း သည်းထိပ် ရင်ဖို ဖြစ်သလို၊ အန္တရာယ်လည်း တကယ်ရှိနေပါသေး တယ်။

ဒီလို ဆွေးနွေးပွဲတွေ လုပ်နေတာကို လူဖြူအစိုးရဖက်ကလည်း သိနေခဲ့ပါတယ်။ သမ္မတ ဘိုသာက နောက်ပိုင်း မှာ ဒီကိစ္စကို မမေး၊ မပြောတော့သလို ထောက်လှမ်းရေးဌာနအကြီးအကဲ နီးလ် ဘားနဒ်က သိနေပေမယ့် လည်း မတားတော့ပါဘူး။ ပထမပိုင်းမှာတော့ ဒီဆွေးနွေးပွဲတွေဟာ သူတို့အစိုးရပိုင်းက စီစဉ်ဆောင်ရွက်နေတဲ့ မင်ဒဲလားနဲ့ ဆွေးနွေးနေတဲ့ကိစ္စနဲ့ လာရှုပ်မှာကို စိုးရိမ်ခဲ့ကြတော့ သိပ်အားမပေးလိုပါဘူး။ နောက်ပိုင်းမှာတော့ တိုက်ရိုက်မဟုတ်ဘဲ၊ သွယ်ဝိုက်ပြီး လမ်းကြောင်း ဖွင့်ထားတဲ့အနေနဲ့ မျက်စေ့မှိတ်ထားခဲ့ပါတယ်။ ဆွေးနွေးပွဲတွေက နောက်ပိုင်းအရှိန်ရလာတာ နဲ့အမျှ ပိုလို့ ကျယ်ပြန့်လာခဲ့ ပါတယ်။ အတိုက်အခံလူဖြူပါတီ ခေါင်းဆောင်တွေ အေအဲန်စီနဲ့ အုပ်စုလိုက် ပြည်ပမှာ လာတွေ့ခဲ့ကြတာလည်း ရှိပါတယ်။ အေအဲန်စီဖက်ကလည်း အိမ်နီးချင်း နိုင်ငံ လူဆာကာမြို့တော်မှာ အတိုက်အခံလူဖြူပါတီ (၃၅) ခုက ကိုယ်စားလှယ် (၁၁၅) ဦးကို ဖိတ်ကြား ဧည့်ခံခဲ့တာအထိ ဖြစ်လာခဲ့ပါ တယ်။

ရင်းနှီးနားလည်မှုသာ မကပါဘူး။ ဆုပ်ဆုပ်ကိုင်ကိုင် လက်တွေ့ ပြနိုင်တဲ့ ရလဒ်တွေလည်း ပေါ်လာခဲ့ပါတယ်။ သူတို့ တညနေ အလွတ်သဘော စကားပြောပွဲကနေ တောင်အာဖရိကမှာ လူတိုင်းက ဂုဏ်ယူကြရတဲ့ အားကစား နည်းတမျိုးဖြစ်တဲ့ ကရစ်ကက် အသင်းအကြောင်း ရောက်သွားပါတယ်။ နိုင်ငံတကာက ဝိုင်းဝန်းသပိတ်မှောက် လို့ အင်္ဂလန်က နာမည်ကြီး အသင်းတခု သွားရောက်ကစားဖို့ ဖျက်လိုက်ရတဲ့ ကိစ္စကို ပြောဖြစ်ကြပါတယ်။ ခင်ဗျားတို့က ဒီလို အဓိပ္ပါယ်မရှိတာတွေလည်း လိုက်ပိတ်ဆို့နေတယ်လို့ အမ်ဘီကီကို လူဖြူတွေဖက်က အပြစ်ဖို့ကြပါတယ်။ ပထမတော့ ပျော်စေ၊ ပြက်စေ ပြောကြရင်း အတည်ဆွေးနွေးဖြစ်ပါတယ်။ အေအဲန်စီ ဖက်ကလည်း အားကစားကိစ္စကို လိုက်လျှောခြင်းအားဖြင့် တိုးတက်မှုရနိုင်တယ် ဆိုတာ မြင်လာခဲ့ပါတယ်။ ချက်ခြင်း ဖုန်းတွေဆက်၊ ဖက်စ်တွေပို့ကြပြီး ည ၁၁ နာရီလောက်မှာတော့ ကိစ္စတွေ ပြီးသွားခဲ့ကြ ပါတယ်။ ကရစ်ကက်ပွဲတွေ ကစားဖို့ စီစဉ်နိုင်ခဲ့သလို နားလည်မှုအရလည်း နောက်တဆင့်ကို တိုးတက်လာခဲ့ပါတယ်။

နောက်တပတ်မှာတော့ သမ္မတဘိုသာကို သူ့ဝန်ကြီးတွေက အကျပ်ကိုင် အနားပေးပြီးတဲ့နောက် ပြုပြင် ပြောင်းလဲရေး ကိစ္စတွေ အတွက် တာဝန်ကျလာတဲ့ သမ္မတသစ် အက်ဖ် ဒဗလျူ ဒီကလပ်တာဝန်ရှိလာခဲ့တဲ့ အကြောင်း ဆက်လက်တင်ပြ ပါမယ်။ အားလုံး ငြိမ်းချမ်းပျော်ရွှင်နိုင်ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

No comments:

Recent Comments