Pages

Monday, July 28, 2008

အနှစ် (၂၀) က ပိုင်ဆိုင်ခဲ့တဲ့ မိသားစုအကြောင်း

တခါတလေတော့ ဘ၀ဆိုတာ ကြီးကြီးကျယ်ကျယ် စဉ်းစားလုပ်မိတာမျိုး ရှိသလို ဖြစ်ချင်တာ မဖြစ်ရတတ်တာမျိုးလည်း ရှိပါတယ်။ တလောကတော့ ညီမဆီက စာတစောင် ရောက်လာခဲ့တယ်။ သူက လွန်ခဲ့တဲ့ အနှစ် (၂၀) ကျော်က ကျနော်ပိုင်ဆိုင်ခဲ့ဖူးတဲ့ မိသားစုတခုအကြောင်းကို ခပ်ရိုးရိုး ဖွဲ့ထားလေရဲ့။ အနှစ် (၂၀) ဆိုတာ (၈၈၈၈) အရေးတော်ပုံအပြီး ကျနော်စွန့်ထားခဲ့ရတဲ့ မိသားစု အကြောင်းပါပဲ။ နှစ် (၂၀) အကြာ တချက်ပြန်ကြည့် မိတာပါ။



ကိုကြီး

လူကြုံရှိတယ်ဆိုလို့ စာတစောင် ရေးလိုက်ပါတယ်။ ဒီစာဟာ ကိုကြီးလက်ထဲ ရောက်ရင်ရောက်မယ်၊ မရောက်ချင်လည်း မရောက် နိုင်ဘူး။ ဒါပေမယ့် အနှစ် ၂၀ ကျော် မိသားစုနဲ့ ခွဲနေရတဲ့ ကိုကြီးအတွက် ညီမတယောက်ရဲ့ Report ပါပဲ။ နှစ် ၂၀ ခရီးကို မိနစ် ၂၀ ရေးပြရုံနဲ့တော့ မလုံလောက်ပေမယ့် ကိုကြီး သိချင်မလားလို့ပါ။

ပထမဦးဆုံးအနေနဲ့ အိမ်အကြောင်း ပြောပြမယ်နော်။ အခုနေတဲ့အိမ်ဟာ ၄၀' X ၆၀' ခြံမှာ ၂၄' X ၅၀' ဆောက်ထားတဲ့ တထပ်ခွဲ တိုက်ပုကလေးပါ။ အောက်ထပ်မှာ ဧည့်ခန်း၊ ထမင်းစားခန်း၊ အိပ်ခန်း ၂ ခန်း၊ မီးဖို၊ ရေချိုးခန်း၊ အိမ်သာပေါ့။ အပေါ်ထပ်မှာက hall type ပါပဲ။ ဖေဖေ၊ မေမေ၊ ညီမငယ်နဲ့ သားတို့ အိပ်ရုံပါ။ တကယ် လူအစုံသာ အိမ်မှာနေကြရင် တော့ အိပ်စရာ မလုံလောက်နိုင်ဘူး။ အကိုလတ် ပြန်လာရင်တောင် နဲနဲခက်နေပြီ။ အစိုးရက ပေးတဲ့ ချေးငွေ ၃ သိန်းနဲ့ ဆောက်ပြီး တဖြည်းဖြည်း မွမ်းမံခဲ့တာပါ။ မြို့ထဲနဲ့ ကိုယ်ပိုင်ကားဆိုရင် ၄၅ မိနစ်စာလောက် ဝေးတယ်။ အင်မတန်သွားလာ ရ ခက်ပေမယ့် အိမ်ဆိုတဲ့ အသိုက်အမြုံကြောင့် ရောက်အောင် ပြန်ကြရပါတယ်။ ချေးငွေကတော့ မဆပ်ပေးရသေးပါဘူး။ ဒါပေမယ့် ဖေဖေ မရှိတော့ရင် အစိုးရ ဂရန်ပိုင်းက အင်မတန် ရှုပ်မှာမိုလို့ တနေ့တော့ ဆပ်ပေးရဦးမယ်။ ဝေးလွန်းလို့ မြို့ထဲ မှာ တိုက်ခန်းပြောင်း နေမယ် စဉ်းစားဖြစ်ပေမယ့် ဖေဖေကတော့ သူသေမှ ပြောင်းကြလို့ ပြောပါတယ်။ သူ့ဌာနတူ ၀န်ထမ်း ပင်စားတွေ နေတဲ့ ရပ်ကွက်လေးပေါ့။ တာလမ်းပေါ် တက်လိုက်ရင် သူ့ဘော်ဒါ ပင်စင်စားတွေ အများကြီးကို ခင်တွယ်ရှာ တယ်နဲ့ တူပါတယ်။ ကားတစီးရှိရင် အဆင်ပြေနိုင်ပေမယ့် ထိန်းသိမ်းနိုင်သူ မရှိလို့ အခုအထိ မ၀ယ်ရသေးပါဘူး။

ဖေဖေ့အကြောင်း
ဖေဖေက အခုနောက်ပိုင်း ဆေးဝါးအရှိန်နဲ့ ကျန်းမာပါတယ်။ ဒူးကွေးလို့ မရတာနဲ့ ဒူးနာတာတော့ ရှိတာပေါ့။ BBC, VOA, RFA နားထောင်ပြီး အမြဲမေမေနဲ့ ရန်ဖြစ်လေ့ ရှိပါတယ်။ ဘုရားစာတွေ ရွတ်နိုင်ပေမယ့် တရားဘာဝနာတော့ မလုပ်နိုင်သေး ပါဘူး။ သူ့ကို ညီမကတော့ အငြိမ်းစားအိမ်တွင်းပုန်း နိုင်ငံရေးသမားတဦးလို့ စလေ့ရှိတယ်။ နိုင်ငံရေးကို စိတ်မ၀င်စားပေ မယ့် ဖေဖေနဲ့စကားပြောဖက် ရှိရအောင်၊ သူ မပျင်းရအောင်တော့ ညဖက် ဘာလေး၊ ညာလေး အဖော်လိုက်ပြောပေးရလေ့ ရှိတယ်။ ကိုကြီးရဲ့ အသံနဲ့ အမြဲတမ်း ထိတွေ့နေတာ တအိမ်လုံးမှာ ဖေဖေတယောက်ပဲ ရှိပါတယ်။ တိတ်တိတ်လေး ဂုဏ်ယူ နေလား။ တိတ်တိတ်လေး သတိရရနေလား ဆိုတာ သူကိုယ်တိုင်ပဲ သိမှာပါ။ ဒီ သြဂုတ်လဆိုရင် ၇၃ နှစ် ပြည့်မှာပါ။ သွေးတိုးအမြင့်စားနဲ့ ကြာကြာနေခဲ့တော့ ကျောက်ကပ်ကို နည်းနည်းထိပြီး ခြေလက်တွေတော့ ယောင်လေ့ရှိတယ်။ အစား အသောက်ကိုလည်း မဆင်ခြင်နိုင်၊ ကြိုက်တာကို ဇွတ်စားတတ်တယ်။ ဘာပဲပြောပြော ကြိုက်တာစား၊ ကြိုက်သလိုနေ၊ ကြိုက်သလိုလုပ် စိတ်ချမ်းသာ အောင်ပဲ ထားပါတော့တယ်။

မေမေ့အကြောင်း
မေမေကတော့ အလွန်ဝနေပြီဆိုပေမယ့် အခုထိ အလှကြိုက်တုန်းပါပဲ။ ကိုကြီးဆုပေးပွဲမှာ ထဘီအသစ်ချုပ်နေလို့ နောက်ကျနေတာမျိုးပေါ့။ သွားကတော့ အပေါ်-အောက်ပေါင်းမှ ၁၀ ချောင်းပဲ ရှိတော့တယ်။ ဒါပေမယ့် လှတုန်းပါပဲ။ ကျန်းမာရေးက သိပ်မကောင်းဘူး။ ညည်းခြေအိတ်မှာ ကျောက်ရှိတော့ ခွဲထုတ်ဖို့တော့ လိုတယ်။ အင်မတန်ကြောက်တတ် တာရယ်၊ လူခွဲ မရှိတာရယ်၊ အန္တရာယ် မပေးသေးတာရယ်ကြောင့် မစီစဉ်ရသေးဘူး။ အစားစားပြီးတာနဲ့ ချက်ချင်း ၀မ်း သွားလိုက်ရော ဆိုတော့ အူမကြီး အလုပ်မလုပ်လို့လားဆိုပြီး စိတ်ပူနေတယ်။ ပြီးခဲ့တဲ့ ၂-နှစ်က အစာအိမ်နဲ့ အူလမ်း ကြောင်း တခါစစ်ပြီးပြီ ဆိုပေမယ့် ထပ်စစ်ပေးပါဦးမယ်။ ဖေဖေနဲ့ အမြဲ BBC, VOA နားထောင်တာနဲ့ ပတ်သက်ပြီး ရန်ရှာတယ်။ ကြောက်တတ်တာကိုး။ ဒါပေမယ့် မနက် ဘုရားရှိခိုးရင်တော့ ကိုကြီးတို့မိသားစုအတွက် အမြဲဆုတောင်းတာ ကြားရပါတယ်။ ကိုကြီးကို တိတ်တိတ်လေး မေတ္တာလွှမ်းခြုံပေးနေတာပါ။ အခုထိ သားသမီးတွေကို လွှမ်းမိုးနိုင်တုန်း၊ အနိုင်ယူတုန်းပါပဲ။ ဘာပဲဖြစ်ဖြစ် ၀င်ငွေမကောင်းခဲ့တဲ့ ခင်ပွန်းသည်တယောက်ရဲ့ ဇနီး၊ သားသမီးများရဲ့ မိခင်၊ ကြံ့ကြံ့ခံ ဖတ်ဖတ်မောခဲ့ပြီဆိုတော့ မေမေ့ကိုလည်း သူ့စိတ်တိုင်းကျ အလိုလိုက်ထားပေးလိုက်ပါပြီ။ မေမေက အောက်တိုဘာကျ ရင် ၆၄ နှစ် ပြည့်တော့မှာပါ။ ကရုစိုက်တာ ကြိုက်တတ်တဲ့မေ့မေ့ကို အဲဒီနေ့မှာ သတိရရင်တော့ (ဖြစ်နိုင်ရင်ပေါ့) ဖုန်း ဆက်ပြီး wish လုပ်ပေးပါ။

ကိုလတ်အကြောင်း
ကိုလတ်အကြောင်းကို ကိုကြီး ဘယ်လောက်သိသလဲတော့ မသိဘူး။ ညီမတို့လည်း သိပ်မသိပါဘူး။ ကျောင်းတက်တော့ အိမ်နဲ့ ခွဲနေရတာ (သူက ရေဇင်းမှာ ကျောင်းသွားတက်တော့ ရန်ကုန်က မိသားစုနဲ့က ဝေးကွာသွားတယ်)၊ အခု နိုင်ငံခြား သွားနေတာရယ်နဲ့ အိမ်ကို သံယောဇဉ် မရှိတော့ပါဘူး။ ပိုက်ဆံပို့ချင်ပို့မယ်၊ ဖုန်းကတော့ ၃-လ တခါတောင် မဆက်တော့ ဘူး။ ဖေဖေ၊ မေမေက အမြဲတမ်း ရင်ပူ၊ စိတ်ပူရပါတယ်။ တခါတခါ စိုးရိမ်လွန်းရင် ညီမ အမျိုးသားကတဆင့် လှမ်းဆက် ခိုင်းပြီး သတင်းနားထောင်ရတယ်။ M. Sc ပြီးပြီး ၂-လ ပြန်လာလည်တုန်းက မိန်းမလိုချင်လာသေးတယ်။ မိန်းမယူချင်ပြီး ရည်းစားက မရှိသေးတော့ ခက်သားပဲ။ ဒါနဲ့ ညီမ သူငယ်ချင်း ................ က .................... နဲ့ စပ်ပေးသေးတယ်။ အသက်တွေကြီးတော့ မြင်မြင်ချင်းတော့ မကြိုက်တော့ဘူးလေ။ ဒါပေမယ့် ပြန်လာရင်တော့ ယူဖို့ စိတ်ကူးနည်းနည်း ရှိ တယ်တော့ တူပါတယ်။ မျိုးကောင်း၊ ချမ်းသာ၊ ပညာတတ်၊ ရုပ်ချောပေါ့။ ဒါပေမယ့် ဖူးစာ ရှိမှပါ။ ဒါပေမယ့် အိမ်ထောင် မပြုတော့ဘူး ဆိုရင်တော့ ညီမ တသက်လုံး ချက်ပြုတ်ကျွေးမွေးရတော့မယ့် စာရင်းထဲ ထည့်ထားလိုက်ရမပေါ့။ ကိုကြီး စကားကြုံရင်လည်း ဖေဖေ၊ မေမေတို့ကို ဖုန်းဆက်ဖို့ ပြောပေါ့။ သူက အခု ၄၁ နှစ် ပြည့်ပြီဆိုတော့ လူပျိုကြီး ဖြစ်သွားပါပြီ။

မောင်ငယ်အကြောင်း
မောင်ငယ်က ...... ဌာနမှာ SAE ပါ။ သူ့ဌာနက ၀န်ထမ်းမလေးနဲ့ပဲ ရတယ်။ ကုလားစပ်ဆိုတော့ ရုပ်က မလှဘူး။ သိမ်းထုပ် သေချာတော့ ဖြစ်ပါတယ်။ သူ့သမီးလေးက ၃-နှစ် ရှိနေပြီ။ ရုပ်ဆိုးလေးပေါ့။ သူတို့ မိသားစုက ၀န်ထမ်းပဲဆိုတော့ မရှိ မရှား ပေါ့လေ။ အခု သူတို့ဌာနကလည်း အရင်လို မထောတော့ဘူး။ လူကြီးက သိပ်မကျဘူးပေါ့လေ။ နိုင်ငံခြားထွက်ဖို့ ဆိုတော့ လည်း မောင်ငယ်က သူ့ခြေထောက်လေးအတွက် အားငယ်တယ်။ (သူ့ခြေထောက်က ငယ်စဉ်က ပိုလီယိုထိထားလို့ သိမ် နေတယ်) စက်ကြီးပြင်တာတော့ Expert ပါပဲ။ လူကြီးတွေ လက်စွဲပဲ။ အိမ်ကိုတော့ ရန်ကုန်ရောက်တာနဲ့ ပြေးလာပါတယ်။ သူက နယ်မှာတာဝန်ကျနေတာကိုး။ နာဂစ် မုန်တိုင်းတုန်းက ဆိုရင် မုန်တိုင်းတိုက်ပြီးတဲ့ ညနေရောက်အောင်ကို ပြေးလာ တယ်။ ငွေကြေးမတတ်နိုင်ပေမယ့် လူအင်အားလေးနဲ့ မိဘအိမ်ကို ကရုစိုက်ပေးပါတယ်။ ကိုကြီးကို အင်မတန် ဂုဏ်ယူ လေးစားသူပေါ့။ သူက အခု သြဂုတ်ဆို ၃၈ နှစ် ပြည့်ပြီ။

ညီမငယ်အကြောင်း
မာနကြီးတဲ့ အပျိုကြီးမပေါ့။ ၃၆ နှစ် ရှိနေပြီ။ ဖေဖေလုပ်ခဲ့တဲ့ ဘဏ်မှာ supervisor ဖြစ်နေပြီ။ ၄၀ ဆိုရင်တော့ Assistant Manager ဖြစ်ပါပြီ။ ဖေဖေ့အမွေ ဆက်ခံမယ့်သူလို့ ပြောရမလားပဲ။ စက်ချုပ်ပြီးတော့လည်း အိုစာမင်းစာ စုသေးတယ်။ ကျန်းမာရေး ထိခိုက်မှာစိုးရတယ်။ လောဘကလည်းကြီး၊ မာနကလည်းကြီး၊ ချောပြီးလည်း ယောက်ျားမရ ဖြစ်နေတယ်။ သူ့တူလေးတော့ အင်မတန်ချစ်ပဲ ကိုကြီးရေ။ နောင်တချိန်ကျရင်တော့ အပျိုကြီးမကို ကိုကြီးတို့ စောင့်ရှောက်ရမယ်နော်။ အားလုံး အိမ်ထောင်ကျရင် သူတယောက်ပဲ ကျန်မှာကိုး။ ဒါပေမယ့် ညီမလည်းသူ့ကို အင်မတန် အလိုလိုက် ဖြည့်ဆီးပေး ပါတယ်။ အတူနေ ညီမကိုး။

ညီထွေးအကြောင်း
သားမိုက်ကလေးကတော့ မလေးရှားက ပြန်လာပြီး ၂ ရက်အကြာမှာ မိန်းမတောင်းခိုင်းပြီး ၀ါတွင်းကြီးမှာ အိမ်ပေါ်က ဆင်းပြီး မိန်းမယူသွားပါတယ်။ သူ့မိန်းမက ................... တဲ့။ ဘွဲ့ရ ရုပ်ချောလေးပေါ့။ အလုပ်အကိုင်လေးနဲ့ပါ။ ဒါပေမယ့် အသိုင်းအ၀ိုင်းက ဆင်းရဲတွင်းနက်လွန်းပါတယ်။ သူက ဆင်းရဲတွင်းထဲ ခုန်ချဖို့လား၊ မိန်းကလေးကို ဆင်းရဲတွင်းထဲက ဆွဲထုတ်နိုင်မလား မသိဘူး။ မေမေကတော့ စိတ်ဆိုးလွန်းလို့ အိပ်ယာထဲ ဘုန်းဘုန်းလဲတာပဲ။ သူကတော့ ဘယ်သူယူယူ သဘောတူလေ့ မရှိပါဘူး။ အခုတော့လည်း ချွေးမ အိမ်ပေါ် ရောက်နေပါပြီ။ ညီထွေးလဲ စင်္ကာပူ ပြန်ထွက်သွားပြီ။ ပညာလိုင်းမဟုတ်ဘဲ ကားမောင်းအလုပ်ပါ။ စင်္ကာပူ ၁၀၀၀ Basic pay ပေါ့။ အစိုးရက ၂၀၀$ ဖြတ်၊ စားစရိတ်က ၃၀၀ $ ဖြတ် ဘာမှ သိပ်ကျန်မယ် မထင်ပါဘူး။ ဒါပေမယ့် ဒီမှာနေတာထက်စာရင်တော့ ကောင်းတော့လည်း သွားရပါတယ်။ မိဘ ကို တခါမှ မလုပ်ကျွေးဖူးဘူး ဆိုပေမယ့် တခါမှတော့ ဒုက္ခမပေးဖူးတော့လည်း ဖေဖေ မေမေက အသည်းတုန်အောင် ချစ်ကြပါတယ်။ သူက ၃၃ နှစ်ပြည့်တော့မှာပါ။

ညီမကြီးအကြောင်း
ဘ၀ကို ရိုးရိုးသားသား ဖြတ်သန်းဖို့ အိမ်ထောင်ပြုခဲ့ပေမယ့် အတူမနေနိုင်ဘဲ ဘ၀အခြေအနေအရ တနေရာဆီ ငွေရှာကြ တုန်းပေါ့။ အမျိုးသားနာမည်က ..................ပါ။ သားက .................... တဲ့။ ၂ နှစ် ပြည့်တော့မယ်။ ဂျပန်ကုမ္ပဏီတခုမှာ အလုပ်လုပ်ပြီး အခု ဒူဘိုင်းမှာ တာဝန်ကျနေပါတယ်။ ရိုးသားပြီး ညီမတို့ မိဘနဲ့တကွ မိသားစုကို လက်ရှိ လုပ်ကျွေးနေသူ ပါ။ အိမ်စားရိတ်က အလွန်ကြီးတော့ ညီမလည်း အခုထိ အလုပ်က မထွက်နိုင်သေးပါဘူး။ အခု ပုဂ္ဂလိက ဘဏ်တခုမှာ Sr. Manager ဖြစ်နေပါပြီ။ တာဝန်ပိုင်းအရလည်း အရေးပါပါတယ်။ ပုဂ္ဂလိကဘဏ်မိုလို့ အနာဂတ်ကတော့ မရေရာပါဘူး။

ကိုကြီးရေ
ညီမတို့ မိသားစုအနေနဲ့ စင်္ကာပူလောက် အခြေချဖို့ စဉ်းစားထားကြတယ်။ ဒါပေမယ့် ဖေဖေ၊ မေမေ၊ ညီမငယ်တို့ကို လက်ရှိ အနေအထားအရ ထားခဲ့လို့ မရနိုင်ပါဘူး။ အမျိုးသားက ဒူဘိုင်းလိုက်ခဲ့ဖို့ စဉ်းစားခိုင်းတာနဲ့တင် မစားနိုင်၊ မသောက်နိုင်၊ မပြောနိုင် ဖြစ်ကြလို့ အစီအစဉ်အားလုံး ပျက်ကုန်ရောပဲ။ ညီမကို အင်မတန်အားကိုးနေကြတယ်။ မိသားစု က တဖြည်းဖြည်းနဲ့ နည်းနည်းလေး ကျန်တော့တာကိုး။ နင်လိုက်ချင်လိုက်... ပိုက်ဆံပဲပို့လို့ ပြောပေမယ့် မဖြစ်နိုင်ပါဘူး။ ကျန်းမာရင် ကိစ္စမရှိပေမယ့် မကျန်းမာတဲ့ အချိန်မှာ သူတို့ မရပ်တည်နိုင်ပါဘူး။ အရေးအခင်းပြီးကတည်းက စက်ချုပ်ပြီး အိမ်စားရိတ် ရှာခဲ့ရတယ်။ ကိုလတ်ကို ကျောင်းထားပေးခဲ့ရတယ်။ ဒီဒဏ်တွေကြောင့် အကိုက်အခဲပျောက်ဆေးတွေ သောက်ရပြီး အစာအိမ်ထိခဲ့ရတယ်။ အခုဆိုရင် ညီမက ဆန်ပြုတ်သောက်ပြီး အသက်ရှင်နေတဲ့ သူပဲ။ ဒါပေမယ့် တခါတခါ ဘာကိုမှ မကြည့်ဘဲ ကိုယ့်ဟာကိုယ် လုပ်ချင်တာလုပ်နိုင်တဲ့သူ ဖြစ်ကြည့်ချင်ပါတယ်။ ကိုယ့်အိမ်လေးနဲ့ကိုယ်၊ ကိုယ့်မိသားစုလေးနဲ့ကိုယ် နေကြည့်ချင်တယ်။ ကိုယ့်ဘ၀လေးကို ဖန်တီးကြည့်ချင်ပါသေးတယ်။ ဒါပေမယ့် မလုပ်နိုင်ပါဘူး။ ဖေဖေ၊ မေမေ၊ ညီမငယ်တို့ကို ၀န်ထုပ်ဝန်ပိုးအဖြစ် တခါမှ မတွေးဘဲ စောင့်ရှောက်ခဲ့ပါတယ်။ သားသမီးဝန်ကို အပြည့်အ၀ ထမ်းဆောင်ခဲ့ပါတယ်။ မေမေမကြိုက်တာဆိုလို့ ယောက်ျားယူမိတာ တခုပဲ ရှိပါတယ်။

ကိုကြီးရေ..
ညီမတောင် ဒီနှစ်ထဲ ဘန်ကောက်ကို ဆေးလာစစ်မလို့ဟာ မုန်တိုင်းမှာ အမျိုးသားပြန်လာတာနဲ့ ပြင်ဆင်တာနဲ့ သိန်း ၂၀ လောက်ကုန်သွားတော့ မလာနိုင်တော့ဘူး။ ရှေ့နှစ်တော့ လာဖြစ်မယ်ထင်တယ်။ ညီမလည်း ခပ်၀၀ပါပဲ။ ကိုကြီးဓါတ်ပုံကို ကြည့်တော့လည်း မျိုးရိုးဂုဏ်ထိန်းတဲ့ပုံ ခပ်၀၀ပါပဲ။ တအိမ်လုံး ၀ကြပါတယ်။

ကိုကြီးရေ..
ဗုဒ္ဓဘာသာပီပီ နောက်ဘ၀ကို ယုံပါတယ်။ နောက်ဘ၀မှာ ကိုကြီးဟာ ဒီမိသားစုမှာ အကိုကြီးပဲ ပြန်ဖြစ်ပြီး အကိုကြီး အဖရာ တာဝန်တွေ ယူရမယ်နော်။ ညီမကတော့ ညီလေးအငယ်ဆုံး လုပ်မယ်လို့ စဉ်းစားထားတယ်။ ကိုကြီးတို့ မိသားစု ကျန်းမာချမ်းသာစွာ နေထိုင်ခြင်း သတင်းကောင်းဟာလည်း မိဘကျေးဇူးဆပ်တာပါပဲ။

ကိုကြီးရေ..
နောက်ဆိုလည်း ရေးဖြစ်မှာ မဟုတ်ပါဘူး။
ဖြည်းဖြည်းပဲ ဖတ်ပါ။ မိသားစုကို သတိရတဲ့အခါ ဖတ်ပါ။ စိတ်ညစ်ချင် ညစ်မယ်။ တခုခု ခံစားရချင် ရမယ်။
ချို.. ခါး... ရသာစုံတာဟာလည်း ဘ၀ပါပဲ။
ကိုကြီး လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်က ပိုင်ဆိုင်ခဲ့ဖူးတဲ့ မိသားစုတခု အကြောင်းပါ။

ပျော်ရွှင်ချမ်းမြေ့ပါစေ..

ညီမဂျီး
သူက ခုလို ခပ်နောက်နောက် ညီမဂျီးလို့ ရေးလာခဲ့တယ်။)

13 comments:

pandora said...

စာလေးကို ဖတ်ရတာ ဆိုးတယ် ဆိုတဲ့ သတင်းမျိုး မပါပေမယ့် ရင်ထဲမှာ နင့်ပြီး ၀မ်းနည်းစရာ ဖြစ်သွားရတာ အမှန်ပါ။
အထူးချွန်ဆုံး အားအကိုးရဆုံး ဖြစ်မယ့် သားကြီးတစ်ယောက်က အိမ်ကို ထားခဲ့ရတယ်။
စွန့်လွှတ်ခဲ့ကြရတာတွေက များလှပါပြီ။ မိသားစုတွေအားလုံး ချစ်ခင်တဲ့ မိတ်ဆွေဟောင်း မိတ်ဆွေသစ်တွေအားလုံး ဆုံတွေ့နိုင်ကြပါစေ။

ခင်မင်းဇော် said...

ဆရာယောရေ.......
ကျမကတော့ ဒီစာကို ဖတ်ပြီး မျက်ရည် ကျမိတယ်။ စိတ်ထဲမှာ လဲ မြင်ယောင်နေမိတယ်။
အဖေနဲ့ အမေကိုလေ...
ကျမက သူတို့ မျက်ရည်ကို ကိုယ်တိုင်ကြုံဖူးခဲ့တယ်..
အဲဒီအိမ်ကလေးကို လဲ ရောက်ဖူးခဲ့တာပဲ..
သတိရတယ်...

မေငြိမ်း said...

သူငယ်ချင်း..
ညီမဂျီးဆိုတဲ့ စာလုံးရောက်တော့ ကောင်းကောင်း မမြင်ရတော့ဘူး။ မျက်ရည်က ပါးအထိစီးကျလာတယ်။ ဘယ်တော့လဲ .. အဖေနဲ့ အမေကိုတော့ သားကြီးနဲပ ပြန်တွေ့ခွင့်ရစေချင်တယ်။

Kay said...

ဘာပြောရမှန်းတောင် မသိတော့ဘူး..မတိုင်ခင်လေးပဲ..မိသားစုသံယောဇဉ် အပူ တွေ အကြောင်း..တွေးမိ..ရေးမိ ထားတော့.. သမီး တယောက် ရဲ့ မိသားစု တာဝန် ယူတတ်ပုံ တွေ.. ပြီးတော့..ကျမတို့အားလုံး လိုလို ကို ကိုယ်စား ပြု နေတဲ့..လက်ရှိ..ဗမာ ပြည်က..မိသားစု လူနေမူ လေးတွေ.. အားလုံးက..လွမ်းစရာ တွေပါ လား..။
ဘာပဲပြော ပြော..အားလုံး..အစီအစဉ်..နေသားတကျ ရှိနေ ကြ သေးတဲ့..ကိုယောဟန်အောင်ရဲ့မိသားစု အတွက်.. စိတ်သက်သာ ရာ တခု တော့.. ရ နိုင် သေးတာပဲ နော်။

ဘလော့ ပေါ် ပြန်ရောက်လာတဲ့ အတွက် လည်း.. ၀မ်းသာ မိပါတယ်။ အစစအရာ ရာ..အဆင် ပြေ ပါစေ။
ခင်မင်လျက်-

Yaw Han Aung said...

တကယ်တော့ မိသားစုကိုယ်ရေးကိုယ်တာ ကိစ္စပါပဲ။ သို့သော်လည်း လူတိုင်းက မိသားစုတွေ ရှိကြတယ်၊ ဒီမိသားစုအပေါ် သံယောဇဉ်ရှိကြတယ်။ အချို့ မိသားစု တွေဆိုရင်လည်း ဒီထက်အဖြစ်ဆိုးနိုင်ပါတယ်၊ ဘာပဲဖြစ်ဖြစ် ဝေမျှခံစားလိုလို့ တင်ပေးလိုက်တာပါ၊ ကော်မန့်ထားပေးခဲ့သူ အားလုံးကို ကျေးဇူးတင်ပါတယ်။

နောက်တခုကလည်း တချို့က သူရဲကောင်းကြီးလုပ်နေ ပေမယ့်၊ ပြင်ပမှာက လူမမြင် သူမမြင် စွန့်လွှတ်ရုန်းကန် နေကြရသူတွေ ရှိတယ်ဆိုတာ ကျနော့်ညီမစာက ဖော်ပြနေသလိုပါပဲ၊

အောင်သာငယ် said...

ဒီဘ၀တွေ အားလုံးက ကွဲပြားစွာ တူညီနေကြတာပါပဲဗျာ။ အနှစ် ၂၀ ကြာခဲ့ပေမယ့် ဘာမှ မပြောင်းလဲခဲ့တဲ့ ဒီကောင်းကင်အောက်မှာ အားလုံး တူညီနေကြတာပါပဲ၊ အရှည်ကြာဆုံးနေ့တနေ့ကို မရောက်မချင်းပေါ့။

Nyein said...

ယောက်ျားဆိုတာ မျက်ရည်မကျရဘူး
အဲလို ကြွေးကြော်တတ်တဲ့ကျွန်တော်
ခုစာကို ဖတ်ရတော့ မျက်ရည်မကျပါဘူး၊ ဟဲဟဲ
စာမဆုံးခင်မှာ မျက်မှန်ကိုတစ်ခါသုတ်လိုက်ရပါတယ်
မျက်မှန်က မှုန်လာလို့
ကျွန်တော့်မျက်လုံးမှာလည်း မျက်ရည်စက်တွေ ဝေ့သီလို့
နေကောင်းကျန်းမာပါစေဗျာ
ကျွန်တော် NAE ပါ
ဒါဆို ဆရာယော သိကောင်းပါရဲ့
ကိုချော ရဲ့ ကဗျာ လေး ဖတ်ရတော့
အမှတ်တရ
ခင်ဗျားစာအတွက် ပြန်မျှဝေလိုက်ပါရဲ့



ကိုယ်လက်သန့်စင်ထားတဲ့နေ့
မောင်ချောနွယ်

ဒီမှာ
စာမဟုတ်တဲ့ စာတစ်စောင်
အော်သံတစ်ခု
ပင်လယ်နက်နက်ထဲက
လူတွေမမြင်သာတဲ့ ပင်လယ်နက်နက်ထဲကလာတာ
ဒါဟာ
သတင်းပို့ချက်တစ်ခု
သို့မဟုတ်
ရတနာကျွန်းရှိရာ ပြညွှန်မြေပုံတစ်ခု
အိပ်မက်တစ်ထောင်ညတွေပါတယ်
အမြဲစိမ်းသစ်တောတစ်ခုပါတယ်
ဆယ်ဘ၀စာ အမောမီးခိုးပါတယ်
ရွှေသားမီးလျှံတစ်ခုလည်းပါတယ်
ရေကန်လေးတစ်ကန်သာ တောင့်တတဲ့
ငန်းဖြူတစ်ကောင်ရဲ့
ဆန္ဒအပူတွေပါတယ်
တစ်ဝက်မှိုတက်ခံရတဲ့
နုပျိုမှုတွေပါတယ်
လက်ခံပါ
ဘာတစ်ခုမှ မပြန်ကြားရင်နေပါ
ဘာတစ်ခုမှ ဆောင်ကြဉ်းမပေးရင်နေပါ၊

ခဏလောက်တော့
နားဆင်ကြည့်လိုက်စမ်းပါ
သင့်ရဲ့ လူအဖြစ်ကို
အံ့သြထိတ်လန့်ဖွယ်ရာ
သင် … တွေ့ရှိရမှာဖြစ်တယ်။ ။

မောင်ချောနွယ်

ကောင်းကင်ကို said...

လွန်ခဲ့တဲ့ နှစ် နှစ်ဆယ်ကတော့ ဒီလောက်ကြာလိမ့်မယ်လို့ အစ်ကိုတို့ မထင်ခဲ့မိလောက်ဘူးနော်။ ဘယ်လောက် ဆက်ကြာဦးမလဲ မသိဘူးဗျာ။ မိသားစုတွေ အမြန် ပြန်ဆုံစည်းနိုင်တဲ့ခေတ် ရောက်ပါစေ

Nge Naing said...

ဆရာရေ-
ဆရာ့ ဘလော့ဂ်ကို အသစ်တင်ထားလို့ မကြာခဏ လာလာကြည့်ဖြစ်တယ်။ အသစ်တခါမှ တင်ထားတာမတွေ့လို့ နောက်ဆုံးတော့ ဆရာ အလုပ်များပြီး ဘလော့ဂ် ဆက်မရေးတော့ဘူး ထင်ပြီး မလာဖြစ်တာ တော်တော်ကြာသွားတယ်။ ဒီတခါ စမ်းလာကြည့်တော့ အသစ်တင်ထားတာနဲ့တွေ့လို့ လာရကျိုးနပ်သွားတယ်။ ဆရာ့ ပို့စ်ကို ဖတ်ပြီး စာသင်ခန်းကို စွန့်ခွာခဲ့ကြတဲ့အချိန်ကအနှစ် ၂၀ ကြာတဲ့အထိ အိမ်ပြန်ရောက်မှာ မဟုတ်ဘူးလို့ ဘယ်သူမှ ထင်ခဲ့လိမ့်မှာ မဟုတ်ဘူးဆိုတာ တွေးမိပြီး အနှစ် ၂၀ ဆိုတာကို မနေ့တနေ့ကလိုပဲ ထင်မှတ်မိတယ်။ ဒါကြောင့်မို့ အိမ်အကြောင်း ကျောင်းအကြောင်း ပြန်တွေးလိုက်တိုင်း ကိုယ်ကိုယ်ကိုယ်တောင် ကျောင်းစိမ်းယူနီဖေါင်းဝတ်ပြီး ကျောင်းတက်ခဲ့တာကိုပဲပြန်မြင်ယောင်မိပြီး ၁၀ ကျော်သက်အရွယ်မှာပဲ ရှိနေသေးတယ်လို့ ခံစားရပါတယ်။ အခုလို အိမ်က ပြောင်းအလဲတွေကို သိရတာနဲ့ ကိုယ်စွန့်ခွါလာခဲ့တဲ့ ကျောင်းမှာ ကိုယ်နဲ့တတန်းတည်းနေ ကျောင်းနေဖက်သူငယ်ချင်းတွေက ကျောင်းဆရာဆရာမတွေ ပြန်ဖြစ်နေကြတယ်ဆိုတာ သိရမှ လက်ရှိအသက်အရွယ်ကို ပြန်သတိဝင်လာတယ်။

ငြိမ်းဝေ said...

ကိုယော...
ခင်ဗျားမြေုာက်ပေးခဲ့လို့ အခုတော့ဘလော့ဂ်တခုနဲ့ 
အလုပ်တွေရှုပ်နေရပြီ၊ အသိမိတ်ဆွေကောင်းတွေလည်း
ရခဲ့ပြီ...တွေးမိတိုင်ကျေးဇူးတင်မိတယ်
ခင်ဗျားညီမလေးရဲ့ စာကိုဖတ်ရတာစိတ်မကောင်းဘူး၊
ခင်ဗျားတို့ ရဲ့ စာအုပ်ကိုကျနော့်စာကြည့်တိုက်အတွက်
တအုပ်လောက်မလှူနိုင်ဘူးလား...
ကိုဇော်မင်းကြီးကိုလည်းကျနော်သတိရတဲ့အကြောင်း
ပြောပေးပါ။
အားတဲ့အခါလာလည်ပါဦး

PhoeWunna said...

This letter touched me deeply. It made me feel for countless families across Burma, my motherland. Let's pull together for a meaningful change in Burma.

Anonymous said...

Hi Brother,

I almost cried during reading ur post as i have also being away from my loved family since 1997.
However, we have no other choice to stay with our family and it would be best to support them from a place that we could find more money at.

Cheers!!!!

Best regards,

စုစု said...

အစ်ကို.ညီမစာဖတ်ပြီး အရမ်းဝမ်းနည်းတယ်။ ခံလည်း ခံစားရတယ် သိလား။ ဘာလို.လဲဆိုတော့ ညီမမှာလည်း ညီမလေးတစ်ယောက်က အဲလိုပဲ အိမ်ကို သိတက်။ အစ်မတွေ အစ်ကိုတွေကို သိတတ်လွန်းလို.လေ။ ညီမကတော့ အဝေးကနေပဲ သိတက်နိုင်တော့တယ်။ အဝေးကနေ သိတက်တယ်ဆိုတာဟာ အနီးကပ် သိတက်တဲ့ သူ.ခြေဖျားလောက်ပဲ မှီမယ်ထင်ပါတယ်။

Recent Comments