Pages

Thursday, April 3, 2008

ဧည့်သည်ကြီး

ဆရာကြီး ဦးတင်မိုးအတွက်လို့
ညွှန်းသလိုလို ထည့်ရေးတဲ့အခါ
ငါ့ကဗျာလူတွေ ဖတ်ပါလိမ့်မယ်
ဒါပေမယ့် သူ့အကြောင်းမဟုတ်ဘူး။
ငါ့တို့ အကြောင်းပဲ။
(မဖတ်ချင်ရင် ဒီမှာပဲ ရပ်လိုက်ပါတော့...)

သူက ဒီလောက်ချစ်တဲ့ နိုင်ငံက ထွက်ပြေးခဲ့ရပြီး ပြည်ပြေးကြီးဖြစ်
ငါတို့ကလည်း ပြည်ပြေးလေးတွေဖြစ်၊
သူက ဟိုသည်နိုင်ငံသွား၊ ဟိုအိမ် သည်အိမ်နားတဲ့ ဧည့်သည်ကြီးဖြစ်ရသလို
ငါတို့က ဧည့်သည်လေးတွေဖြစ်၊
ခေတ်ကြီး ဆိုးနေပုံများ
ဆရာကြီး ဦးတင်မိုးဆုံးတယ်ကြားတော့
အကြီးအကျယ်စဉ်းစားရ
တိုင်းပြည် မပြန်နိုင်ဘဲ
ငါတို့လည်း ဘယ်မှာ ခေါင်းချရပါ့ ဆိုတာပဲ။

ဆရာကြီးက ထနောင်းပင်တန်းတွေနဲ့ အညာကိုလွမ်းသလို
ငါတို့ကလည်း ကန့်ကော်ပင်တန်းနဲ့ မြို့ပြညတွေကိုလွမ်းကြ
အိမ်နဲ့ မိသားစုနဲ့ ဝေးတဲ့ညတွေမှာ
တောင်စွယ် နေကွယ်တာမြင်ရင် သက်ပြင်းချ
လသာသာညတွေမှာ ငါ့တို့နှလုံးလည်း ယိုကျစီးဆင်း
ငါ့ အရိုင်းစိတ်တွေလည်း ခြံမသွင်းနိုင်တော့ဘူး။

ဆရာကြီးကဗျာတွေမှာ
အိမ်အလွမ်းတွေ သွေးစိမ်းရှင်ရှင် ပန်းထွက်နေတာမြင်ရ
လွမ်းစေတီ တည်ခဲ့ကြသူတွေကို
ငါနားလည်လာသလိုလို ရှိလာတယ်။
လွမ်းစေတီတွေက အလွမ်းတွေဌာပနာသလို
ဆရာကြီးကဗျာတွေကလည်း အလွမ်းတွေနဲ့ ပန်းခင်းလို ဝေဆာခဲ့
ဒီလိုသာ ငါတို့အားလုံးက လွမ်းစေတီတည်ကြေးဆိုရင်လည်း
ကမ္ဘာတလွှားမှာ လွမ်းစေတီတွေချည်းနေတော့မယ်
စိတ်ရှိလက်ရှိနဲ့ တို့ဝဋ်တွေ လွှတ်ချကြေးဆိုရင်လည်း
အလွမ်းထုထည်နဲ့ ပြည့်လျှံမောက်လို့ တာကျိုးသွားနိုင်လောက်တယ်။

ငါတယောက်တည်းမှ မဟုတ်ပါဘူး
(သိန်းသန်းချီလို့ပါ)
တို့နိုင်ငံသားတွေ ထွက်ပြေးနေကြရပုံများ
နေရာအနှံ့အပြားမှာ ဧည့်သည်ကြီးတွေလုပ်လို့
တချို့တွေလည်း ပတ်စ်ပို့တ်နဲ့ ပြေးလာတယ်
တချို့တွေက သေနတ်ကိုင်ပြေးတာရယ်နဲ့
တချို့တွေလည်း အမြစ်ချွတ် လက်ပလာ ပြေးတာပဲကွာတယ်။
စောပြေးတာရယ်၊ နောက်ကျပြေးတာရယ်ပဲကွာတယ်။
ကမ္ဘာတလွှားမှာ ဧည့်သည်ကြီးတွေ လုပ်နေကြတယ်
အချို့က အခန့်သားဧည့်သည်
အချို့က နင်းပြားဧည့်သည်
အချို့က နောက်ဖေးတံခါးက ၀င်လာရတဲ့ ကပ်ပါးပိုးဧည့်သည်
ဒီလိုနဲ့
လမ်းမမြင်တဲ့ တောအုပ်ထဲ သင်းကွဲသံနဲ့ ငါတို့အူကြတယ်
ငါတို့အသက်ရှုသံတွေနဲ့ ချွေးတွေ ခိုးခံရတော့ ငါတို့အူကြတယ်။
ငါတို့ အိပ်မက်တွေ ထင်တိုင်းမပေါက်တော့ ငါတို့အူကြတယ်။
မြို့ကြီးရဲ့ နံရံတွေကြားထဲလည်း မျက်စိလည် လမ်းမှားလို့ ငါတို့အူကြတယ်။
အချင်းချင်းဆုံတော့လည်း ဖြစ်ကြောင်းကုန်စင်နှောလို့ ငါတို့ အူကြတယ်။

ဒီလိုပဲပေါ့
ငါတို့က အပြောင်းအလဲကို စောင့်တယ်
ဘေးကခြံမှာ အသွားအပြန်လုပ်ရင်း အမြဲတမ်းဧည့်သည်ကြီး ဖြစ်လို့
ခဏငွေစုပြီးရင်ပြန်မယ်ဆိုပြီး အကြာကြီးဧည့်သည်ဖြစ်လို့
တခါတလေလည်း ယစ်ထွေထွေနဲ့ ဒုက္ခတွေမေ့ ဧည့်သည်ကြီးဖြစ်လို့
ဟင်းနီနီကို စုံမက်ရင်း ဧည့်သည်ကြီးဖြစ်လို့
အစုတ်အပြတ်နိုင်ငံကို ဂုဏ်လုပ်ရင်း ဧည့်သည်ကြီးဖြစ်လို့
ငါတို့ နောက်မျိုးဆက်တွေမှာ ဆော့ဝဲယားတွေ ကွာခြားသွားတာ ထိတ်လန့်နေရင်း
ဧည့်သည်ကြီးဖြစ်လို့...
ဒီလိုနဲ့ နှစ်တွေချို့လာခဲ့တယ်။ (အနှစ် ၂၀)

ပုဂ္ဂလိက ကိစ္စလေး
ပြန်တွေးပါတယ် ....
ကြင်နာတတ်တဲ့
သူ့ရင်ခွင်မှာတော့
ငါဧည့်သည်ကြီး မဖြစ်ချင်တော့ဘူး
ဒီတခါ.. ကျောက်ချထားလိုက်တော့မယ်။

ယောဟန်အောင်
ဧပြီ ၃၊ ၂၀၀၈။

6 comments:

Aung Tha Nge said...

``ဒီတညတော့ မင်းရင်ခွင်မှာ
အိပ်ဖို့ရောက်လာပြီ အချစ်ကလေးရယ် တံခါးဖွင့်ပါကွယ်...``
သီချင်းသံလေး သဲ့သဲ့လေးကြားရတယ်။ ကျောက်ချမယ့်အစား
စာနာနားလည်တတ်တဲ့
ချစ်သူ့ရင်ခွင်အောက်
ကျောက်ရုပ်ကလေးပဲ
ဖြစ်လိုက်ပါလား ဆရာယော။

ကောင်းကင်ကို said...

ကဗျာလေး ရင်ထဲထိတယ်ဗျာ။

Saung Yune La (aka) Way said...

ကဗျာအရမ်းကြိုက်တယ်ကိုယောရေ...ကောင်းတယ်ဗျာ.
ထိထိမိမိပါဘဲ

Anonymous said...

Great poem, I appreciate u..and all of u who love Myanmar.

လားရှိုးသူ said...

ကဗျာလေးက ရင်ထဲထိတယ်။

Pa Yit@Ye Yint said...

I just say ,it shows on the behalf of us as an exile without country,without mother and motherland.
But I glad,we have a small platform to share the knowledge and feeling each other like blogging.

Thank you KO ATN

Recent Comments