ညကတော့ တိတ်ဆိတ်နေတယ်
ငါ့ရင်ထဲတော့ မတိတ်လေဘူး
တခါတလေ မီးတောင်ပေါက်ကွဲသလို
ဘယ်လိုမှ မလွတ်နိုင်တာတွေးလို့
သိမ့်သိမ့်တုန်...
တခါတလေ နာရီသေးသေးလေးထဲမှာ
စက်သေးသေးတွေ လည်ပတ်လှည့်ပြေးနေတာမျိုး
ငါ့ရဲ့ ဂီတ စည်းချက်ခုန်
သေချာတာတော့ ပုံမှန်မဟုတ်လေဘူး။
ခရုတခုကို ကောက်ကိုင် နားထောင်ကြည့်တယ်
ပင်လယ်အသံ မကြားရလေဘူး
ငါ့ မုန်တိုင်းတွေ ခရီးလွန်နေခဲ့သလား
ပန်းတပွင့်ကို အာငွေ့ပေးပြီး
မန်းမှုတ်ကြည့်မိသေးတယ်
ဆောင်းအသေမှာ ပွင့်မလာခဲ့ဘူး။
ရင်ပတ်ကို တဒုန်းဒုန်းထုပြီး
ငါကိုယ်တိုင်က အစွမ်းကုန် တိုက်ခတ်ကြည့်သေးတယ်
အိပ်မက်တွေလည်း လေမလှုပ်မကြွ အသံဝင် ဆွံ့အနေခဲ့တယ်။
ငါဟာ... (အပျက်မြင်) မဖြစ်နိုင်တော့ဘူးချည်းပဲ တွေးနေမိ
အဲဒီကိစ္စမှာ (၀တ္ထုဆန်ဆန်)
သူကလည်း လက်ကိုင်ပုဝါပြုတ်ကျ မသွားခဲ့
တို့နှစ်ယောက်လည်း အခန်းထောင့်မှာ မတိုက်မိခဲ့
ငါက သူရဲကောင်းမဟုတ်ခဲ့သလို
သူကလည်း မင်းသမီးလေး မဟုတ်ခဲ့လေဘူး။
ဒီအချိန်မှာ ကြယ်နက္ခတ်တွေလည်း မထွန်းမပ
မြို့ကြီးတခုလုံး အစာငတ်ရေငတ် ငတ်နာကျလို့။
အပြောင်းအလဲတောင်းနေတဲ့
ကြွေးကြော်သံတွေတောင် ခြောက်ကပ်ကွဲရှလို့။
ဒီအချိန်မှာ ငါက (စိတ်ကူးယဉ်သမား ပီပီ) အနုရသကို ငတ်နေခဲ့
ဒီလိုနဲ့...
မသဲမကွဲ
နေ့နဲ့ည ငါ့ဘ၀က
ဒီရေလို တိုးလာတယ်
ဒီရေလို ပြန်ဆင်းသွားတယ်
ငြီးငွေ့ဖွယ် လည်ပတ်နေခဲ့
ဒီလိုနဲ့...
ပင်လယ်အသေမှာ
စင်ရော်တွေတောင် ပျင်းလို့ အဝေးကိုပျံထွက်သွားကြပြီ။
ခြောက်သွေ့သော ဆင်ခြင်တုံတရားနဲ့
ရူးသွပ်မှုလို့ပဲ သဘောထားလိုက်ပါတယ်။
နောက်ဆုံးမှာတော့ "ငါ့ရဲ့ မနောကံ အမှုကလေး" ကို
သိမ်းထုတ် မြိုချထားလိုက်တော့တယ်..
ယောဟန်အောင်
မတ် ၂၄၊ ၂၀၀၈။
2 comments:
အသံမဲ့ခဲ့ရတဲ့ အသံတွေ ကမ္ဘာ့နံရံတိုင်းမှာ ပဲ့တင်ပြန်နေပေါ့ ...။
Thnk U for Loso and appreciate for remind me about reality&Truth.
Post a Comment