Pages

Friday, February 1, 2008

ဖခင်တိုင်းရဲ့ ဒုက္ခ (ပြန်လည်ဖြန့်ဝေခြင်း)

ကျနော်ရေးတဲ့ ဖခင်တယောက်ရဲ့ဒုက္ခကို ဖတ်ရလို့ ကိုအောင်သာငယ် ကလည်း သူ့ရဲ့ဖခင်ဒုက္ခကို ပြန်ရေးထားတာ ဖတ်ရ တယ်။ သူကတော့ သားချည်း (၃) ယောက် မွေးထားတဲ့သူ။ သူက ABSDF မှာ တပ်ရင်းမှူးအဖြစ် တာဝန်အကြာကြီး ယူခဲ့ ဖူးတယ်။ သူ့ခံစားချက်ကိုလည်း ပြန်ဝေငှလိုပါတယ်။

သားမွေးတာနဲ့ သမီးမွေးတာသာ ကွာပါတယ်။ ဖခင်တွေရဲ့ ခံစားချက်တွေကတော့ မကွာကြပါဘူး။

ဖခင်တိုင်းရဲ့ ဒုက္ခ

ဒီစာကတော့ ကိုယော ရဲ့ ဖခင်တယောက်ရဲ့ ဒုက္ခကို ဖတ်မိတော့ ရေးချင်စိတ် ပေါ်လာလို့ ရေးဖြစ်ခဲ့တာပါ၊

ကျနော့်မှာ သား (၃) ယောက်ရှိပါတယ်၊ အငယ်ဆုံးတယောက်ကတော့ အခု ဇန်န၀ါရီ (၂၃) မှာမှ မွေးတာပါ၊ သူ့ကို မွေးလို့ပဲ ကျနော့်မှာ Vacation (၂) ပတ်ရတာပါ၊ ဒါကြောင်မို့လည်း ကျနော့် ဘလော့မှာ ပို့စ်အသစ်တွေတင်ဖို့ အချိန်ရ ဖြစ်တာပါ။

ကျနော့် မိသားစုဘ၀ကို စဖြစ်တဲ့ အချိန်က ၁၉၉၆ ထဲမှာပါ၊ ကျနော့်ဇနီးသည် ကိုယ်ဝန်ရလာတော့ မွေးဖွားမယ့်ရက်ကို ဆရာ ၀န်က ခန့်မှန်းပေးပါတယ်၊ ၁၉၉၇ သြဂုတ်လ ပထမပတနဲ့ ဒုတိယပတ်ကြားထဲမှာတဲ့၊ ၁၉၉၇ ဆိုတာ ကျနော်တို့ရဲ့ ရှစ်လေးလုံး အရေးတော်ပုံ (၉)နှစ်မြောက်တဲ့နှစ်ဖြစ်ပါတယ်၊ ကျနော်ကတော့ နောက်သလို ပြောင်သလိုနဲ့ ... ဟေ့... မွေးချင်းမွေးရင် ရှစ်လေးလုံး ကိုးနှစ်မြောက်မှာ ငါ့သားကိုမွေးမယ်ကွာ-လို့ ကြွေးကြော်ခဲ့တယ်၊ တကယ်ကတော့ သား မွေး မှာလား၊ သမီး မွေးမှာလား တောင် မသိပါဘူး၊ ဒီလိုနဲ့ သြဂုတ်လ (၈)ရက်နေ့ မနက် ဆယ်နာရီခွဲမှာ ကျနော့်ဇနီးသည်က ကျနော့်ကို ဖုန်း ဆက်ပြောလာပါတယ်၊ -ပါပါး စနိုး ဗိုက်နာနေပြီ။ မွေးတော့မယ်ထင်တယ်၊ အိမ်ပြန်လာခဲ့။ ... ဒီလိုနဲ့ ညနေ (၅) နာရီ (၁၇) မိနစ်မှာ ကျနော့် သားကြီးကို ထိုင်းနိုင်ငံ ဘန်ကောက်မြို.မှာ မွေးဖွားခဲ့ပါတယ်၊ (သူ့ကို မွေးဖွားစဉ်က ဒုက္ခသည် မိသားစု အနေနဲ့ ကျနော်နဲ့ ကျနော့် ဇနီးသည် ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေကို သပ်သပ်ရေးပါဦးမယ်၊) ကျနော့် ဇနီးသည်က သားကြီးကို မင်းဆိုးအမျိုးမျိုးကို အောင်နိုင်သူအဖြစ် မြင်ချင်စိတနဲ့ -မင်းဆက်အောင်-လို့ အမည် ပေးခဲ့ပါတယ်၊ ရှစ်လေးလုံး (၉)နှစ်မြောက်တဲ့နေ့မှာ မွေးလို့ ကျနော်တို့ဥက္ကဌ ကိုမိုးသီးဇွန်ကတောင် -ငါတို့တိုက်ပွဲက ရှည်ကြာဦးမယ့် အဓိပ္ပါယ်ပဲလို့ ပြော ခဲ့ပါသေးတယ်၊

ဒီလိုနဲ့ ကျနော့်သားကြီး မင်းဆက်အောင်ဟာ ထိုင်းနိုင်ငံထဲမှာ ကြီးပျင်းခဲ့ရပြီး ၂၀၀၀ ခုနှစ် ဇန်န၀ါရီလမှာ အမေရိကကို အခြေ ချခွင့်ရခဲ့ပါတယ်၊ ထိုင်းနိုင်ငံမှာရှိနေတုန်းမှာ ထိုင်းစကားတချို့ကို နားလည်နေခဲ့တဲ့ ကျနော့်သားဟာ အမေရိကကို ရောက် တော့ အမေရိကန်စကားကို နားလည်ဖို့ ကြိုးစားရပါတော့တယ်၊ အမေရိကကို ကျနော်ရောက်တဲ့အချိန်မှာ သားကို နေ့ကလေး ထိန်း (Pre-School) မှာထားပြီး ကျနော်က တပတ် (၆) ရက် အလုပ်သွားလုပ်ရပါတယ်၊ ဒီလိုနဲ့ ကျနော့်သားဟာ နေ့စဉ်နဲ့ အမျှ အမေရိကန်စကားကို ကြားနေခဲ့ရပါတယ်၊ အဖေအမေက ဗမာလိုပြော၊ သူတက်ရတဲ့ ကျောင်းက အမေရိကန် လိုပြော။ သူ နားလည် ကြားနာဖူးတာက ထိုင်းစကား၊ အဲဒီလိုရှုပ်ထွေးနေတဲ့ ဘာသာစကား ပဋိပက္ခထဲမှာ သူ့ဖာသာ သူလျှာတွေ့သွား တာ ကတော့ အမေရိကန် စကားပါပဲ။ ဒါကတော့ ကျနော့် စိတ်ဆန္ဒလည်း မပါပါဘူး။

အိမ်မှာ ကျနော့်သားကို ကျနော်က ဗမာလိုပြော။ သူက ကျနော့်ကို အမေရိကန်လိုပြန်ပြော၊ သူ့ကို ဗမာလိုပြောခိုင်းတဲ့အခါ သူပြောတဲ့ဗမာစကားကို သူ့အမေက ရီ၊ ဒီလိုနဲ့ ကျနော့်သားဟာ ဗမာလို အပြောနည်းသွားခဲ့တယ်၊ ကျနော်ကလည်း စားဝတ် နေရေးအတွက် အလုပ်တွေ အချိန်ပြည့် လုပ်နေရတဲ့အခါ သားကို ဗမာလို သင်မပေးနိုင်ခဲ့ဘူး၊ ဒီလိုနဲ့ပဲ ဗမာပြည်သား မိသား စုက မွေးခဲ့တဲ့ ဗမာကလေးတယောက်ဟာ ဗမာစကားပြောဖို့ အရမ်းခက်ခဲနေတော့ရဲ.၊ တွေးမိတိုင်း ရင်ထဲမှာ တစစ်စစ် နာကျင်ကိုက်ခဲတယ်။

တခါတလေ အချိန်ရတဲ့အခါ သားကို ကျနော်က ပြောပြတယ် - သား မင်းဟာ ဗမာ။ မင်းဗမာ စကား ပြောတတ်ရမယ်၊ သူက ပြန်ပြောပါတယ် - I want to but Moemoe laugh at me whenever I speak in Burmese. That's why I don't want to speak Burmese. ကျနော်က သူ့ကိုရှင်းပြရတယ်၊ Hey! Don't take it like that, 'cause it is really very cute when you speak in Burmese and you have an accent. That is why your mom laugh at you and it is not really to be upset.

ဒါပေမယ့် ကျိန်းသေတာ တခုက ကျနော်တို့သားအဖနှစ်ယောက်ရဲ. ဆက်ဆံရေးမှာ ဘာသာစကားနှစ်ခုက ခြားနားခဲ့တာ ဘယ် လိုမှ ငြင်းလို့ မရနိုင်တော့ပါဘူး၊ အခါအခွင့်သင့်တယ်လို့ထင်တိုင်း ကျနော်တို့ရဲ့သမိုင်းကို သားကြီးနားလည်အောင် ကြိုးစားခဲ့တာ အခါခါ။ သူနားလည်သမျှ ကတော့ ဗမာစစ်တပ်၊ ဗမာအစိုးရ မကောင်းဘူး၊ သူ့အဖိုးနဲ့သူ့အဖွားကို ထောင်ချ တယ်၊ သူ့ဦးလေးကို ထောင်ချတယ်၊ မိသားစုတွေကို တကွဲ တပြားဖြစ်အောင်လုပ်တယ်၊ ဒါကလွဲလို့ အမေရိက သမိုင်းထက် ထူးခြားတယ်လို့ မထင်ပေဘူး၊

တခါခါ အမေရိကန် ပြည်တွင်းစစ်အကြောင်း၊ ကမ္ဘာစစ်အကြောင်း၊ သူ့ကျောင်းစာမှာ ပါလာတုန်း ကြုံကြိုက်တုန်း ဗမာပြည် ပြည်တွင်းစစ်အကြောင်း သူ့နားထဲ ကျနော် ထောင်းထည့်ခဲ့ဖူးတယ်၊ ဒါပေမယ့် သူ့အမေးတွေမှာ ကျနော့်မှာ ဖြေစရာမရှိ၊ ဝေဒနာအတိ။ ဘယ်သူက ပြည်တွင်းစစ်ကို စတာလဲ၊ ဘာ့ကြောင့်ပြည်တွင်းစစ်က ဖြစ်တာလဲ၊ ပါပါးက ဘာကြောင့် ပြည်တွင်း စစ်ထဲ ၀င်ပါတာလဲ။

ပြဿနာက သူ့မေးခွန်းအကုန်လုံးကို သူ နားလည်အောင် ကျနော်က မရှင်းပြနိုင်ဘူး။
အထူးသဖြင့် အမေရိကန်လိုပေါ့၊ ဗမာလိုတော့ ရည်ရည်လည်လည် ကျနော်ရှင်းပြနိုင်တာပေါ့။
ကျနော်က ဗမာလေ။

အောင်သာငယ်

No comments:

Recent Comments