Pages

Friday, December 21, 2007

အယူသည်းသူ (၀တ္ထုတို)

ဘလော့မိတ်ဆွေများခင်ဗျာ...
တောင်တန်း၊ သစ်ပင်ကို ကျနော် ဆက်ရေးပါမယ်။ သို့သော်လည်း ယခုတလော အလုပ်များနေတာရယ်၊ စာအချို့ ရှာဖတ် ချင်တာရယ်ကြောင့် နည်းနည်း အချိန်ယူရပါလိမ့်မယ် ထင်ပါတယ်။ ယခု (၁၉၉၂) ခုနှစ်က ဒေါင်းအိုးဝေမှာ ကျနော်ရေးခဲ့တဲ့ ၀တ္ထုတို လေးတပုဒ်ကို တင်ပေးလိုက်ပါတယ်။

အယူသည်းသူ

“သား... ကြောင်ကလေးကို အဲသည်လောက်ကြီး မဆော့နဲ့လေကွယ်။ ကြောင်ဆိုတာ အင်မတန်ဝဋ်လည်တတ်တယ်။”

မေမေက မီးဖိုးမှာ ထမင်းချက်ရာကနေ ကျနော့်ကို လှမ်းပြောတယ်။ ကျနော် ၆ နှစ်သား အရွယ်ပဲပေါ့။ ကျနော်ကတော့ ကြောင်ကလေးရဲ့ လက်တဖက်ကို တရွတ်ဆွဲပြီး လျှောက်ပြေးနေတယ်။ ကြောင်ကလေးကတော့ ခြေတဖက်ထော့နင်း ထော့နင်းနဲ့ တရွတ်ဆွဲ လိုက်ပါလာတယ်။ ပါးစပ်ကတော့ တညောင်ညောင် အော်မြည်နေတယ်။

ကျနော်တို့အိမ်မှာ ကြောင်တွေ အများကြီးမွေးခဲ့ဖူးတယ်။ သားဆက် ဆက်ပြီးတဆက် ပေါက်ဖွားကြ၊ သေဆုံးသွားကြနဲ့ ကြာတော့လည်း မေ့လျှော့သွားကြတာပဲ။ အခု ကြောင်ကြီးကတော့ မှတ်မိနေသေးတယ်။ တကယ့် ရုပ်ဆိုးဆိုး ၀တုတ် တုတ်ကောင်ကြီး၊ အရောင်ကမဲနေလို့ ငမဲ၊ သားကြီး စသဖြင့် နာမည်မျိုးစုံ ခေါ်ခဲ့ကြတယ်။ နံနက်လင်းစ ခြင်ထောင် ဘေးပတ်လည်မှာ တတောက်တောက် ပြေးဆော့တတ်တဲ့ အရွယ်ကစပြီး အသက်ရလာတော့လည်း တည်ငြိမ်လာတဲ့ ကောင်ကြီးပဲ။ အမြဲလေးလံထိုင်းမှိုင်း အိပ်ငိုက်လို့၊ လက်တွေ ခြေတွေကို လျှာနဲ့ ပွတ်သပ် သမ်းဝေနေလို့၊ တကယ့်ကို ကြောင်ပြင်းကြီးပါပဲ။

“ကြောင်ပြင်းကြီး ထထ...လာစမ်း...လာ”

အိပ်ပျော်နေတဲ့ ကြောင်ကြီးကို ကျနော် အတင်းနှိုးခဲ့တယ်။ တကယ့်ကို လေးလေးကန်ကန်နဲ့ တ၀ါးဝါး သမ်းဝေလို့။ ကျနော် ကတော့ သားကြီးကို စရတာ အလွန်တရာ ပျော်ရွှင်နေတယ်။ သူအိပ်နေရာကနေ အနှောင့်အယှက်ပေးလိုက်လို့ ဒုက္ခ ရောက်နေပုံကိုလည်း ကြည့်ပြီး ကလေးဘာဝ ပျော်ရွှင်နေတယ်။ လက်တချောင်းကို အမြန်တရွတ်ဆွဲ ပြေးရင်းပေါ့။

သည်ကောင်ကြီးက ဘယ်လောက်ပဲ စိတ်တိုတို လက်သည်း မထုတ်ရှာဘူး။ လူကိုလည်း အတော်ခင်ရှာတယ်။ ကျနော်က ကြောင်တွေနဲ့ ကစားရင်း သူတို့ သဘာဝကို သိလာတယ်။ သူတို့နားရွက်နှစ်ဖက်ကို သားရေကွင်း (ရာဘာကွင်း) နဲ့ ပတ်ထားလိုက်ရင် သူတို့ဟာ နားရွက်နှစ်ဖက်ထောင်ပြီး လှုပ်ရှားမရတော့ဘူး။ ငြိမ်နေတယ်။ အတော့ကို အကျပ်အတည်း တွေ့နေပုံပါပဲ။ ဘာဖြစ်လို့ လက်နဲ့ မဖယ်ရှားပစ်နိုင်သလဲ။ ကျနော် မသိဘူး။ ခေါင်းတရမ်းရမ်း နားရွက်တထောင်ထောင်နဲ့ ကသိကအောင့် ဖြစ်နေတယ်။ အဲ့ဒါဆိုရင် ကျနော်သည်လို ဆော့ပြီး ပျော်နေရော၊ လူကဖြုတ်ပေးမှပဲ သူတို့ထွက်ပြေးနိုင် တော့တယ်။

အဲသည်နေ့ကတော့ မေမေက မီးဖိုမှာ မအားရဘူး။ ဧည့်သည်လာမှာမို့ ချက်ပြုတ် အလုပ်ရှုပ်နေတယ်။ အဲသည်နေရာကပဲ..
“သား... မလုပ်နဲ့လေ၊ ကြောင်ကို မဆော့နဲ့လေ..
ကြောင်မွေးတွေ ၀င်ရင် ရင်ကျပ်မယ်..” လှမ်းလှမ်းပြောနေတယ်။

ကျနော်ကတော့ ကြောင်ကြီးကို ဆွဲပြေးလိုက်၊ နားရွက်ကို သားရေပင်နဲ့ ပတ်လိုက် လုပ်နေတယ်။ တခါတလေ ကြောင်ကြီးရဲ့ လက်ကိုလည်း သားရေပင်နဲ့ ပတ်စီးထားလိုက်တယ်။ သားကြီးကတော့ စိတ်ဆိုးပေမယ့် လက်သည်း မထုတ်ရှာဘူး။

နောက် ဧည့်သည်တွေလာတော့ ကျနော်အာရုံပြောင်းသွားတယ်။ လူစိမ်းတွေကြားမှာ ဖေဖေ့ဘေးမှာ ခပ်ရို့ရို့လေး ကွယ်ရပ်လို့။ မေမေက ...“သားကြီး လာစမ်း... ကျောင်းမှာ ဘာသင်ရသလဲ၊ ကဗျာ ဆိုပြလိုက်စမ်း...” စသဖြင့် ဧည့်သည် တွေကို ကြွားနေပေမယ့် ကျနော်ကတော့ ရှက်ပြီး နောက်မှာပဲ ကွယ်ပုန်းနေတယ်။ ဒါကိုပဲ သူတို့ရယ်မောနေကြပြန်တယ်။

ဧည့်သည်တွေနဲ့ ဘုရားသွားလိုက်၊ မြို့ထဲသွားလိုက်နဲ့ ကျနော်ပျော်နေပြန်ရော။ ကျနော့ ကြောင်ကြီးကတော့ ဒုက္ခပေးသူ ကင်းလို့ အနားရတဲ့ အချိန်ပဲပေါ့။ နောက်ရက်တွေမှာ မေမေက စပြီး သတိပြုမိတယ်။

“သားကြီး.... ကြောင်ကြီးလေ၊ ထော့နင်းထော့နင်းနဲ့ ဘာဖြစ်လာသလဲ မသိဘူး။”
“သံစူးတာ၊ ဒါမှမဟုတ် သူတို့ အချင်းချင်း ဖိုက်ထားတာ ဖြစ်မှာပေါ့” ကျနော်က ပြီးစလွယ် ပြောလိုက်တယ်။ မေမေ့စကား ကို ပေါ့ပေါ့ပဲ ထားမိတယ်။ ကျနော့်မှာ ကြောင်ကြီးထက် အရေးကြီးတာတွေ ရှိနေတယ်။ ကျနော့်ရဲ့ ကစားစရာအသစ်တွေ ရနေတုန်းပေါ့။

ညနေ ဖေဖေပြန်လာတော့ ကြောင်ကြီးကို ကြည့်မိတယ်။ လက်တခုလုံးဟာ ပုပ်ရောင်ကိုင်းလို့၊ အဲသည် အထက်မှာတော့ ကျနော်ချည်ထားတဲ့ သားရေပင်က ရစ်ပတ်စည်းနှောင်လို့၊ ကျနော် စည်းထားတဲ့ သားရေပင်ကြောင့် သွေးအသွားအလာ ရပ်ပြီး ပုပ်သွားခဲ့ပုံပါပဲ။ ဘယ်လောက်ကြာကြာ ခံစားနေရမယ်မှန်း ကျနော် တကယ် မသိခဲ့ဘူး။ မေ့လျော့နေခဲ့တယ်။ ဘယ် လောက်နာကျင်နေခဲ့မယ် ဆိုတာ ပြောပြစရာ မလိုတော့ပါဘူး။

ကျနော် မျက်နှာထားစရာ မရှိတော့ဘူး။ ဖေဖေကတော့ တချက်လှမ်းကြည့်တယ်။
ဘာမှ မပြောဘူး။

အဲသည် အကြည့်ကိုက ကျနော့ကို ဘယ်လောက် ဒေါသထွက်နေတယ်ဆိုတာ ပါတယ်။ မကြာခင် ကျနော် အရိုက်ခံရတော့ မယ်။ မေမေကလည်း တဖြစ်တောက်တောက်နဲ့။
“သား... နင်ဝဋ်လည်မှာ မကြောက်ဖူးလား။ ကြောင်ကလေးကို မသနားဘူးလား... သား။”

ကျနော် ဘာမှ မပြောတတ်ဘူး။ အရိုက်ခံရမှာပဲ။ ကျနော် အရိုက်ခံရတာ ကြောင်ကလေးလောက် မနာမှန်း၊ နည်းသေးမှန်း ကျနော် သိပါတယ်။ ဒါပေမယ့် ကြောင်ကြီးကို တကယ်ပဲ သနားတယ်။ ကျနော် ငိုနေတော့တယ်။ မျက်စိထဲက မထွက်တော့ ဘူး။ ဖေဖေ ဓားသွေးနေတာ။ ကြောင်ကြီးကို ၀ိုင်းချုပ်နှောင်ငင်ထားကြတာ။ ကဲသွာ... မထူပါဘူး။ ဖေဖေက မျက်နှာကို ခပ်တင်းတင်း လွှဲလိုက်တာ။ ပြီးတော့ လက်တချောင်း ခုန်ထွက်လွင့်စင်သွားတာ။ မေမေကတော့ ငိုနေတယ်။ ဖေဖေကတော့ အတော်မောပန်းသွားခဲ့ပုံပဲ။ ကျနော်လည်း ငိုနေတယ်။ ကြောင်ကြီးကတော့ ပတ်တီးစည်းပြီးစ လက်ငုတ်တိုကလေးကို လျှာနဲ့ လျှက်နေတယ်။ သူလည်း ပြင်းပြင်းထန်ထန် ခံစားနေရသလိုပဲ။
........ ....... ........

“ကျနော် ငယ်ငယ်က မေ့လျှော့နေခဲ့တာဗျာ၊ တသက်လုံး အဲသည်ကြောင်ကြီး လက်တဖက် မရှိဘဲ နေသွားရတယ်။ အဲဒါ မြင်တိုင်း ကျနော်ဝမ်းနည်း မဆုံးဘူး။ ကျနော့်ကြောင့် ဖြစ်ရတာ။ ကျနော့်ကြောင့် ဖြစ်ရတာဆိုပြီး အခုထိ စိတ်ထဲ တနုံ့နုံ့နဲ့ ဗျာ။

ကျနော်ထင်တယ်။ ကျနော် တချိန်ချိန် ၀ဋ်လည်မယ်ထင်တယ်။ အဲဒါကြောင့် ရန်သူမိရင်တောင် အနှိပ်စက် မခံနိုင်ဘူး။ ကျနော် ၀ဋ်လည်မှာတော့ ကြောက်တယ်ဗျာ...”

လက ထိန်ထိန်သာနေတယ်။
ကျနော်နဲ့ ဘေးချင်းကပ်ရက် ကျင်းထဲက ကိုအေးခိုင်ကို ရှေးဟောင်းနှောင်းဖြစ်တွေ ပြောပြနေမိတယ်။ သူကတော့ စူးစိုက် နားထောင်နေတယ်။
“၀ဋ်ဆိုတာ တကယ်ရှိမယ်ထင်တယ်။
အဲသည်လို ပြန်ခံစားရမှာမျိုးတော့ ကြောက်တယ်ဗျာ...” ကျနော်က ထပ်ပြောလိုက်မိပြန်တယ်။
“မဟုတ်တာဗျာ.... ဒီလောက်လည်း အတွေးခေါင်မနေစမ်းပါနဲ့...” နှစ်ယောက်သား စကားကို တိုးတိုးပဲ ပြောနေကြတယ်။ တချက် တချက် မီးရှို့ထားတဲ့ မြေသင်းနံ့တွေ ပျံ့လာတယ်။ အခု ကျနော်တို့ဟာ မာနယ်ပလောရဲ့ အပြင်ဘက် ခံစစ်စည်း တောင်ကုန်းတခုပေါ်မှာ အတော်ကြာခဲ့ပြီ။

ရန်သူဟာ မနယ်ပလောကို သိမ်းပိုက်ဖို့ အရူးအမူး ကြိုးစားနေကြတယ်။ အင်အားတွေ ဖိသုံးပြီး ၀ိုင်းပတ်ဖို့ ကြိုးစားနေတယ်။ သူတို့ တပ်ရင်းတွေ တရင်းပြီး တရင်း တက်လိုက်၊ ကျရှုံးလိုက်နဲ့ပေါ့။ သူတို့ဟာ ရဲဘော်လေးတွေရဲ့ အသက်တွေနဲ့ ခင်းပြီး ထပ်တက်ဖို့ ကြိုးစားနေကြတုန်းပဲ။ ကျနော်တို့လည်း မာနယ်ပလောရဲ့ ခံစစ်ကြောင်းထဲမှာ ပြောက်ကြားနဲ့ ဖြတ်တောက်ရေး တိုက်ပွဲဆင်လိုက်၊ တောင်ကုန်းတွေမှာ နေရာယူလိုက်နဲ့၊ တိုက်ပွဲတွေ အတော်ကြုံခဲ့ကြပြီ။ တောင်ယာတွေ အားလုံး မီးလောင်ပြင် ကျို့တို့ကျဲတဲနဲ့ချည်း။ ရန်သူ တက်လာရင် မြင်ကွင်း သတ်ကွင်းရှင်းအောင် မီးရှို့ထားတာတွေ၊ မိုင်းတွေကွဲတာ၊ လက်နက်ကြီးတွေ ကွဲတာကြောင့် သည်တော သည်တောင်တွေဟာ အညိုအမဲ စွဲနေတော့တယ်။ ကျနော်တို့ တပ်ဖွဲ့ကတော့ သည်ည တောင်ကုန်းကလေးတခုပေါ်မှာ ကျင်းတွေတူးပြီး နေရာယူထားကြတယ်။ ညနေစောင်းကထဲက ရန်သူလာရင် သိနိုင်အောင် မိုင်းတွေ ဆင်ထားခဲ့ကြတယ်။ ကျင်းတွေထဲမှာ ကိုယ်စီထိုင်ရင်း ရောက်မိရောက်ရာ စကားပြောနေကြတယ်။

သည်ညကျမှ လထိန်ထိန်သာနေတယ်။ အဝေးမှာ တောင်ကမူ၊ တောင်ကမူတွေဟာ နက်မှောက် ကွက်ကြားလို့။ ဟိုး.. ခပ်လှမ်းလှမ်းမှာတော့ တောမီးတွေလောင်နေတဲ့ တောင်ခါးပန်း တခုဟာ လှလိုက်တာလေ...။ တောမီးတွေဟာ အရှိန် ပြင်ပြင်းပဲ လောင်ကျွမ်းနေကြတယ်။

မာနယ်ပလောဟာလည်း တော်လှန်စစ်မီးပုံကြီးပဲ။ ဒီမီးပုံကြီးကို ကာကွယ်ဖို့၊ ဒီက တောမီးတွေ တရှိန်ရှိန် အဆက်မပြတ် လောင်သွားနေစေဖို့၊ ဒီက မီးပွားတွေကို လောင်စာပြည့်နေတဲ့ လူထုကြားထဲ လက်ဆင့်ကမ်းသွားကြဖို့ ကျနော်တို့အားလုံး သဘောပေါက်ထားကြတယ်။ ဒီဒေသမှာ တောမီးတွေလောင်နေတာ တော်လှန်စစ်မီးတွေ လောင်နေတာဟာ သည်လို အညိုအမဲစွဲ၊ ဒဏ်ရာတွေ ရနေတာဟာ မျက်ရည်ကျလျှက် စပါးတွေစိုက်နေတာပါပဲ။ မကြာခင် ပြည်သူတွေနဲ့ ရိပ်သိမ်းကြ မယ်လေ....။

အဝေးက ခြုံပုတ်တွေဟာ တစ္ဆေဆန်ဆန် လှုပ်ရှားနေကြတယ်။ ပိုးစိမ်းကြူး အရောင်တွေဟာ တလက်လက် ပြေးလှုပ် လင်းလက် တောက်ပနေကြတယ်။ လရောင်ကတော့ အတော်ကြီး ၀င်းလက်ဖွေးပြောင်လို့၊ ဂေါက် ဂေါက် ဂေါက် ဂေါက် မည်တဲ့ ငှက်သံတွေ၊ တောက်တဲ့ အော်သံတွေ တခါတခါ ကြားနေရတယ်။ ညရဲ့ အေးမြမှုနဲ့ လရောင်က ဒါဟာ စစ်မြေပြင် တခုရဲ့ ညမှန်း ထင်ရက်စရာ မရှိဘူး။ အဝေးကြီးပဲ.... ဘယ်ဘက်ကို လက်ညှိုးထိုးပြရမယ်မှန်း မသိတော့ဘူး။ အဲသည်မှာ ကျနော်တို့ကို သတိရနေသူ တယောက်တလေ ရှိကောင်း ရှိမှာပဲနော်....။

“ကျနော့်စိတ်ထဲမှာ တမျိုးကြီးပဲ။ ကျနော့်ကို တယောက်ယောက် တအားသတိရနေတယ် ထင်တယ်။ ခင်ဗျား တယ်လီ ပက်သီ ဆိုတဲ့ ဆဋ္ဌ အာရုံကို ယုံသလား..ဗျို့ အောင်နိုင်..”
ကိုအေးခိုင်က ကျနော့်ကိုလှမ်းပြောတယ်။ သူ့မျက်နှာကျ ၀ိုင်းဝိုင်းဟာ အခုတော့ ပင်ပန်းမှုဒဏ်တွေနဲ့ သွယ်လျလို့။ ၀က်ခြံ တဖု နှစ်ဖုလည်း သီးနေတယ်။ မုတ်ဆိတ်တွေ နှုတ်ခမ်းမွေးတွေလည်း ရှည်လျား နေကြပြီ။ သူ့ မျက်ခုံးထူထူကြီးတွေက ကြုံ့ဝင်ပြီး တစုံတခုကို လေးလေးနက်နက် စဉ်းစားနေပုံရတယ်။

“ဖြစ်ချင်လည်း ဖြစ်မှာပေါ့ဗျာ... ပြောဖို့တော့ ခက်သားပဲ။ ဥပမာ... ရန်သူလာမယ်ဆိုရင် ကြိုတင် မသိုးမသန့် ဖြစ်တာမျိုးတွေ၊ တခါတလေ ရုပ်ရှင်ထဲမှာ ပြတတ်တယ်။ တိုက်ဆိုင်မှုတွေ... မှန်ကျကွဲတာတွေလေ...ပြောဖို့ ခက်သားပဲ။ ကျနော်လည်း ခင်ဗျားလိုပဲ... ဒီည တမျိုးချည်းပဲနော့...”

“ကျနော်တို့ တောထဲ တောင်ထဲ နေတာကြာတော့လေ သားရိုင်းကောင်လိုများ ဖြစ်လာသလား မသိဘူး။ ကျနော် တခါ တလေ အေးချမ်းတဲ့ မိသားစုဘ၀လေးကို လွမ်းတယ်။ ဘယ်လိုပဲ ခက်ခက်ခဲခဲ ရုန်းကန်ရစေဦးတော့။ နေချင် သေးတယ်။ လိုချင်တယ်။ ဘ၀ဆိုတာ သည်လိုချည်းပဲ ပေါ့ဗျာ....” ကျနော်က ညည်းလိုက်တယ်။

“အေးပါဗျာ... ဘ၀ဆိုတာ သည်လိုပါပဲ...”
ကိုအေးခိုင်ကလည်း ပြန်ညည်းပြန်တယ်။ ကျနော်တို့ တောထဲမှာ စစ်တိုက်နေကြတယ်။ ငတ်ပြတ်လို့၊ ပင်ပန်းလွန်းလို့ ဆိုပြီး ညည်းသံတွေ မထွက်နိုင်တော့ဘူး။ တခါတခါ တောင်တွေပေါ်မှာ ခြေတရွတ်ဆွဲ သွားနေရ။ လူက ဖုတ်သက်နဲ့ အသက်ရှင် သလား အောက်မေ့ရလောက်အောင် တရွေ့ ရွေ့၊ ရေတွေငတ်လို့ လည်ချောင်းတွေ ကွဲရှလို့၊ ယားနာတွေလည်း ပေါက်နေ ကုန်ကြပြီ။ တခါတလေလည်း ဗုံးကျည်တွေ တ၀ုန်းဝုန်း ကွဲတဲ့ကြားထဲမှာ သီချင်း သံပြိုင်ဆိုလို့။ မောင်း ခလုတ်တွေ အဆက် မပြတ် ကွေးညှစ်လို့။ ညာသံ ပြိုင်တူပေးလို့။ ရန်သူရဲ့ ရဲဘော်လေးတွေ ညည်းညူသံကိုကြားတယ်။ သနားမိသားပဲ။ မတတ် နိုင်ဘူး။ ကျနော်တို့ ပစ်သတ်ခဲ့ရတာပဲ။ အဲဒါဟာ ဘ၀ပါပဲ။

စစ်ဆိုတာလည်း ကျနော်တို့ ဘ၀တွေနဲ့ လာဆက်စပ်နေပြန်တယ်။ ကျနော်တို့ နိုင်ငံသားတွေက ၀ဋ်ပဲ ထင်ပါရဲ့။ ကျနော် တို့ နိုင်ငံက ကံကိုဆိုးပါတယ်။ ကိုအေးခိုင် ညည်းနေတယ်။ ကျနော်လည်း စဉ်းစားနေတယ်။ ပြည်မ တနေရာရာမှာ ကျနော် တို့ကို ပြင်းပြင်းထန်ထန် မျှော်လင့်နေကြသူတွေ ရှိကြမယ်။ ငိုက်မျည်းနေတဲ့ အိမ်အပြန် ဘတ်စ်ကားတစီးပေါ်မှာ၊ ပလက် ဖောင်းတခု အပေါ်မှာ။ စက်ရုံတခုထဲမှာ။ စစ်ကြောရေး စခန်းတခုထဲမှာပေါ့။ ဘယ်လိုတွေများ ရုန်းကန်နေကြ မှာ ပါလိမ့်။ ထီလက်မှတ် စာရွက်တရွက် အပေါ်မှာ။ ထွီကနဲ ခပ်ထုတ်လိုက်တဲ့ တံထွေးထဲမှာ။ ဘုရားစင်ပေါ်က ကြေးစည်သံ ထဲမှာ။ ဆန့်ကျင်မှုတွေ ပါဝင်နေမှာပါပဲ။ အရင်လိုပဲ မီးတွေ လောင်နေမှာပါပဲ...

“မဟုတ်ဘူးဗျ... အဲသည်လို မဟုတ်သေးဘူး ထင်တယ်။ ဒါဟာ အနာတွေမှာ ဆိုပါတော့... ၀ဋ်နာ ကံနာရှိတယ်လေ။ ကျနော် ထင်တာကတော့ ကုသလို့ရတဲ့ အနာမျိုးပဲဗျ။ ၀ဋ်တော့ မဟုတ်ဘူး။ ကျနော်တို့ ကုသလို့ ရရမယ်။ အဲသည် ဆေးဝါးပဲ လိုအပ် တာပါပဲ...” ကိုအေးခိုင် ငြိမ်နေပြန်တယ်။

သစ်ရွက်တွေက လေတိုက်ရင် မာခေါက်ခေါက်နဲ့ လိမ့်ပြေးနေတယ်။ ညရဲ့ အေးချမ်းငြိမ်သက်နေတဲ့ ဒေါနတောင်တန်းကြီး ဟာ စစ်ပွဲကြီးကြောင့် နွမ်းလျအားကုန် သွားခဲ့တာမျိုး မဟုတ်ဘူး။ မနက်ဖြန်မှာ အပင်သစ်ပေါက်ဖို့ အားယူနေတာမျိုးပဲ ဖြစ်တယ်။

“ကျနော်တို့ ဒီရောဂါကို ကုသနေကြတာပဲလေ.... အဲသည် တိုက်ပွဲတလျှောက်မှာ ကျနော် မပြီးဆုံးခင်၊ ကျချင်ကျသွားမယ်။ ဒါပေမယ့် တနေ့မှာတော့ အောင်မြင်တဲ့အခါ သမိုင်းဝင်စရာလည်း မလိုပါဘူး။ ကျနော် နိုင်သလောက် ၀န်ထမ်းရတာပဲ ကျေနပ်တယ်။”

“ဟုတ်တယ်.... ကျနော်တို့ ရဲဘော်တွေတော့ မပြောတတ်ဘူး။ ကျနော်တော့ တိုက်ပွဲတပွဲပြီးတိုင်း ကျေနပ်တယ်။ ကိုယ့် တာဝန် ပိုကျေလာသလိုပဲ... ထောင်ထဲက ရဲဘော်တွေထက်စာရင် အများကြီး သက်သာပါတယ်ဗျာ...”
“ကျနော်လေ... တော်လှန်ရေးပြီးရင် ပန်းကလေး ဘာလေး စိုက်စားပြီး နားချင်ပြီ။ မိသားစုကလေးနဲ့ ပေါ့။ ပင်ပန်းပြီဗျာ”

ကျနော်လည်း ခပ်လေးလေးနဲ့ စကားပြန်စတယ်။
“ဒါပေမယ့် ကိုအောင်နိုင်၊ ခင်ဗျားကတော့ ခုထိတက်ကြွတုန်းပဲဗျ...”
“ဒါကတော့ တာဝန်တွေကိုးဗျာ...”
ကျနော် ပြန်ပြောပြီး အကြာကြီး ငြိမ်သက်နေတယ်။ ကြောင်တကောင် သားကောင်ရှာခါနီး ငြိမ်သက်မှုမျိုး မဟုတ်ဘဲ ပျံ့လွင့် ပြီး ကိုယ်နဲ့စိတ် ကင်းကွာနေတာပါပဲ။ ကိုယ်စီ ငြိမ်သက်နေကြတယ်။ တခြား တဖက်က ရဲဘော်တွေ ဘယ်လို ရှိမယ် မပြော တတ်ဘူး။ ကျနော်တို့ မိုင်းတွေထောင်ခဲ့လို့လည်း စိတ်ချနေနိုင်ခဲ့ကြတယ်။

“ဒါနဲ့.. ခင်ဗျား မပန်းဝေကို ဘယ်တော့လောက် ယူဖြစ်မယ် စိတ်ကူးသလဲ...”
ကိုအေးခိုင် ရုတ်တရက် လှမ်းမေးလိုက်တယ်။ ကျနော် ဗုံးတလုံးကွဲသွားသလိုပဲ ခုမှ အလန့်တကြား ဖြစ်မိတယ်။ ဘုရားရေ... ကျနော် အကြာကြီး မေ့လျှော့ခဲ့ပါပေါ့လား။

ကျနော် ဟိုဘက်ဒေသမှာ စစ်ကြောင်းဆင်းစဉ်က မပန်းဝေနဲ့ ကျနော်တွေ့ခဲ့ကြတယ်။ သူမ မျက်လုံးတွေဟာ ကျနော် တွေ့ဖူးသမျှထဲမှာ တကယ့်ကို အရိုးသားဆုံးပဲ။ လေးထောင့်ကျကျ မျက်နှာလေးဟာ သိပ်အချောကြီး မဆိုသာပေမယ့် ခန့်ပြီး အိနြေ္ဒရတယ်။ နှီးခမောက်ကလေး တလုံးဆောင်းပြီး ပုဆိုးတထည် ပခုံးပေါ်တင်လို့၊ ခြံထဲက ပြန်လာတဲ့ တနေ့က ကျနော် သူမကို ချစ်ကြောင်း ပြောပြခဲ့တယ်။ စမ်းရေတွေဟာ ကျောက်တွေကြားမှာ တိုးဝင်လို့ နက်နက်ရှိုင်းရှိုင်း ပုန်းကွယ် ချင်နေ ကြတယ်။ သူမကတော့ ရှက်ပြီး တုတ်တချောင်းနဲ့ ဘေးက ခြုံတွေကို ရိုက်လာတယ်။ ညနေခင်းဟာ ငှက်သံတွေ ဆူညံလို့ပေါ့။ ဘာလို့များ ကျနော် သည်ညမှာ မေ့လျှော့နေခဲ့ရတာလဲ...။ ကျနော့်ကို သူမ အပြင်းအထန် သတိရနေမည်လေ... ကွမ်းတော ကြီး အစပ်က ရေနံချေးသုတ်ထားတဲ့ အိမ်ကြီးတလုံးထဲမှာ မပန်းဝေ ကျနော့ကို လွမ်းနေမည်။

“ဘယ်လို လုပ်မလဲဗျာ.... ကျနော် ဘယ်လို လုပ်ရမှာလဲ...ကျနော်လည်း အားတာမှ မဟုတ်တာ...”
ကျနော်က နာကျဉ်သလိုပဲ အဖြေပြန်ပေးနိုင်တော့တယ်။
“အကို မြို့မှာ ရီးစားတွေ အများကြီး ရှိလား။ ရှိမှာ ပါပဲ။ ပန်းဝေလေ စောင့်ဆိုတော့ အစ်ကို့ကို စောင့်နေပါ့မယ်။ ဒါပေမယ့် အစ်ကို့ကိုတော့ စိတ်မချဘူး။ ဝေးလည်း သွားရော၊ မေ့သွားမှာပဲလို့ချည်း ထင်နေတယ်။ အစ်ကိုတို့ မြို့ပြန်ကျတဲ့ နေ့ကျ ရင် လည်း ခေါ်သွားရဲမှာ မဟုတ်ပါဘူး။”

မပန်းဝေက ချောင်းစပ်မှာ ခြေထောက်ဆင်းထိုင်ရင်း ညည်းနေတယ်။ သူမ ဘယ်လောက်ခံစားနေရမယ်ဆိုတာ ကျနော် သိတယ်။ အခု စကားလုံးတွေဟာ ဖွဲ့နွဲ့ပြောနေတာ မဟုတ်ပါဘူး။ ခံစားမှုကြောင့် အသက်ဝင်နေကြတာ...။ ရိုးသားစွာနဲ့ပဲ ဘ၀ကို စဉ်းစားပြီး၊ ရိုးသားစွာနဲ့ပဲ ဖြေရှင်းခဲ့ကြတယ်လေ...။

“မြို့မှာ ကိုယ်ရီးစားတွေ ရှိတာပေါ့။ ဒါပေမယ့်ကွယ်... ကျန်ရစ်ခဲ့ပါပြီ..” ပြီးမှ ကျနော် သူမကို နှစ်သိမ့်ရတယ်။
“ပန်းဝေ... ကိုယ်ကတိပေးပါတယ်ကွယ်...
ချန်မထားပါဘူး။ ကိုယ်တနေ့ ပြန်လာခေါ်မယ်လေ။ ကိုယ် ပန်းဝေကို အချစ်ဆုံးပါပဲ။ ကိုယ်သစ္စာ မဖောက်ပါဘူးကွယ်။ တပ်ထဲမှာ ခွင့်တောင်းပြီးတော့ပေါ့...” သူမ အပြုံးတွေက အားမရှိလှဘူး။ ညှိုးဖျော့နေကြတယ်။
“ ကွယ်... ပန်းဝေရယ် ... ခက်တာပဲ”ကျနော့် အသံလည်း ညှိုးဖျော့နေတယ်လေ...

ရွာကျဉ်းကျဉ်းကလေးထဲမှာ ဆေးမှူးကောင်လေးနဲ့ ကောင်မလေး ရွာသူတယောက် သတင်းဟာ ခိုင်လုံပျံ့နှံ့နေတော့တယ်။ ပန်းဝေတို့ အမေကြီးဟာ ကျနော့ကို ချစ်ရှာတယ်။ တကယ့် သားအရင်းတယောက်လိုပဲ။ ဂရုစိုက်ပြီး အရိပ်တကြည့်ကြည့် နဲ့ပဲ။ သူဟာ ဒီသတင်းကို သူ့သမီးနဲ့ ကျိတ်ကျိတ်တိုးတိုး မေးပြောလိမ့်မပေါ့။ ကျနော်တို့ တပ်အခြေချ ပြောင်းရတော့ ဘာမှ မပြောသာပေမယ့် သူ့မှာ ကျနော့်ကို မသွားစေချင်ဘူးဆိုတာ သိသာတယ်လေ...။

ကျနော် မပန်းဝေတို့ အမိုးကိုလည်း အင်မတန်အားနာနေတယ်။ စကားတခွန်း ပြောရမှာ မပြောနိုင်လောက်အောင်ဘဲ၊ အမိုး ကလည်း ကျနော့်ကို အားနာနေပြန်တယ်။
နှစ်ယောက်စလုံး မပွင့်လင်းကြပုံဟာ အကြာကြီးပဲ။ အကြာကြီးပဲ။
ကျနော်တို့ ထွက်လာတဲ့နေ့က အားလုံးငိုကြတယ်။

သည်လောက် လပြည့်ထိန်ထိန်သာနေတဲ့ညမှာ သူမ ဘယ်လိုမှ အိပ်ပျော်နေနိုင်မှာ မဟုတ်ပါဘူး။ အမိုးတောင် အိပ်ပျော်ချင် မှ အိပ်ပျော်လိမ့်မယ်။ အလားတူ ကျနော့်စိတ်တွေ သည်ညလှုပ်ရှားနေပုံက တခုခုကို တုံ့ပြန်နေတာမျိုး၊ အဝေးအရပ်ကို လှိုင်း တွေ လွှင့်ထုတ်နေတာမျိုးပဲ ဖြစ်လိမ့်မယ်။

“သားရယ်.... စပါးတောင်မှ စိုက်သူစိုက်ပြီး၊ စားချင်မှ စားရတာပါ။ ကံတရားပဲပေါ့ကွယ်။ အမိုးတို့ ကံကြုံကြရင်တော့ ဆုံကြရ မှာပေါ့ကွယ်...”

အခု ကျနော်လည်း သည်လိုပဲ အလားတူ ကိုအေးခိုင်ကို ထပ်ညည်းပြလိုက်တယ်။
“ဘယ်လိုလုပ်ရမလဲဗျာ...
နှစ်ယောက်လုံးရဲ့ ကံတရားပေါ့”

ကျနော်တို့ နှစ်ယောက်လုံး ငြိမ်သက်နေကြပြန်တယ်။ သည်စစ်မျက်နှာမှာ ဘယ်လောက်ကြာခဲ့ပြီ ဆိုတာ လက်တွေချိုးရေ ကြည့်တယ်။ ကျနော်တို့ တောင်တွေတက်လိုက်၊ မောဟိုက် ပင်ပန်းနေကြ၊ စိတ်တင်းကျပ်မှုနဲ့ လျှင်လျှင်မြန်မြန် ရွေ့ပြောင်း နေကြ၊ ကတုတ်ကျင်းတွေတူးကြ၊ နေ့ရက် အတော်များများဟာ ကျနော်တို့ကိုယ် ကျနော်တို့ တည်မြဲနေဖို့ ကြိုးစားကြရင်း အရာရာ မေ့လျှော့ထားခဲ့ကြတယ်။
မပန်းဝေကိုလည်း အကြာကြီး မေ့လျော့ထားခဲ့မိတယ်။

စစ်ဆိုတာ ကိုယ့်ကိုယ်ကို ရှင်သန်ဖို့ ကြိုးစားကြရတာချည်းပဲ။ သည်လိုနဲ့ အားလုံးကို မေ့လျှော့ဖြတ်ကျော်နေကြရတယ်။ ဘယ် လောက်ကြာမယ် ဆိုတောတော့ မပြောနိုင်လောက်အောင်ပါပဲ။

သည်ညမှာ တိုက်တိုက်ဆိုင်ဆိုင်ပဲ၊ ကျနော့ကြောင်ကြီးကို ဖျပ်ကနဲ သတိရလာပြန်တယ်။ ကျနော် မေ့လျှော့ပေါ့ဆမှုကြောင့် လက်တဖက် ဖြတ်ခံရတဲ့ ကြောင်ကြီးလေ...
ကျနော် ကြောင်ကြီးရဲ့ လက်မှာ သားရေပင် တခု ပတ်ချည်ထားခဲ့တာလေ.. မပန်းဝေကိုလည်း ပြင်းပြင်းထန်ထန် သတိရ လာပြန်တယ်။

သံယောဇဉ်တွေဟာ သတင်းတွေ ခေါက်တုန့်ခေါက်ပြန်ပို့ နေသလိုပါပဲ။

ရုတ်တရက် အတွဲလိုက် သေနတ်သံတွေကို နီးနီးကပ်ကပ်ပဲ ကြားလိုက်ရတယ်။ အခြားတပ်စိတ်ဘက်က ပေါက်ထွက် လာတဲ့ သေနတ်သံများပဲ။ ကျနော့ရှေ့မှာတော့ တွားတက်လာတဲ့ ရန်သူ နှစ်ဦးလေ။ ကျနော် မျှော်မှန်းထားတဲ့ မိုင်းတွေက ပေါက်ကွဲခဲ့ပုံ မရဘူး။

ကျနော့်ဆီက ပေါက်ကွဲပြီး ကျည်ဖူးတွေ ခုန်ထွက်သွားကြတယ်။ ကောင်းကင်တခုလုံးမှာ ပေါက်ကွဲဆူညံနေကြတယ်။ မီးခိုး ဖုံတွေဟာ လွင့်ပျံခုန်တက်လို့။

ကျနော်တို့ ရှင်သန်ဖို့၊ တော်လှန်တဲ့ မာနယ်ပလော ရှင်သန်ဖို့၊ ပြည်သူတွေရဲ့ အိပ်မက်တွေ ရှင်သန်ဖို့ ကျနော် သေနတ်ပစ် နေတယ်။ ရဲဘော်တွေလည်း ပစ်ခတ်နေကြတယ်။

စစ်ဆိုတာ သည်အဓိပ္ပါယ်ပါပဲ။ ကျနော်တို့ ပစ်တဲ့ ကျည်ဆန်တွေဟာ အားလုံးကို ကာကွယ်ဖို့ပေါ့။ အားလုံးကို ရှင်သန်စေဖို့ ပေါ့။ မပန်းဝေနဲ့ အမိုး အပါအ၀င်လေ...။

ရန်သူ့ဆီက လက်နက်ကြီးတွေ တ၀ုန်းဝုန်း ကျကွဲနေတယ်။ ကျနော် ကျင်းထဲခေတ္တ ငြိမ်သက်နေရပြန်တယ်။ အလင်းရောင် တွေ၊ ပေါက်ကွဲသံတွေ ဖုံလုံးတွေကြားမှာ ကျနော် ရေငတ်နေတယ်။ အလားတူ မပြတ်ဆက်သွယ်နေတဲ့ သံယောဇဉ်ကြိုး တွေ အတိုင်း မပန်းဝေရယ်၊ ကျနော့်ကြောင်ကြီးရယ်ကို အရူးအမူးသတိရနေ မိပြန်တယ်။ နောက်ဆံတင်းလို့။

အလို... မပန်းဝေဆီမှာလည်း ကျနော့သံယောဇဉ်ကြိုးတွေ နှောင်ထားခဲ့ပါပေါ့လား။

လက်နက်တွေ ပေါက်ကွဲနေဆဲပဲ။ ကျနော် ပြန်ထကြည့်တယ်။ လက်နက်ကြီးတလုံးဟာ ကျင်းဝမှာ ၀င်းလက်ပေါက်ကွဲသွား တယ်။ ကျနော်ဟာ ရင်ဝမှာ ပူကနဲ ဖြစ်ပြီး လွင့်စင်သွားခဲ့ပေါ့။

ကျနော် မြေပေါ် ပြန်ကျတာနဲ့ ကျနော်ထရပ်ပြီး တဟုန်ထိုး ပြေးထွက်လိုက်တယ်။
ကျနော် သေနတ်ကို ကောက်မိသလား။ မကောက်မိဘူးလား သတိမထားမိတော့ဘူး။

ကျနော် အမြန်ပြေးလွှားနေတယ်။ ကျနော့်ကြောင်ကြီးလက်မှာ သားရေပင်တွေ ချည်နှောင်ထားခဲ့တယ်။ ကျနော် ပြေးလွှား နေတုန်းပဲ။ အမြန်ဆုံးနှုန်းနဲ့... ကျနော် မေ့လျှော့ပတ်ထားခဲ့တဲ့ ကြောင်ကလေးရဲ့ သားရေပင်တွေကို ဖြုတ်ပေးဖို့။ ကျနော် မေ့လျှော့ထားခဲ့တဲ့ ဆီကို...။

ကျနော် ပြေးလွှားနေတယ်။ အမြန်ပြေးလွှားနေတယ်။ ပြေးလွှားနေတုန်းပဲ. အမြန်ဆုံးနှုန်းနဲ့...
ကျနော် ..... ....

ယောဟန်အောင်

ဒီဝတ္ထုတိုကို ရေးဖြစ်တာ (၁၉၉၂) လောက် ဖြစ်မယ်။ ABSDF ဒေါင်းအိုးဝေစာစောင်မှာ ဖော်ပြတော့ “သူအောင်” ဆိုတဲ့ ကလောင်နာမည်နဲ့ ဖော်ပြခဲ့တယ်။ (ဒေါင်းအိုးဝေစာစောင်၊ တွဲ-၃၊ မှတ်-၁၊ ဇန်-ဖေ/ ၁၉၉၂)
၁၅-နှစ်လောက် ကြာခဲ့ပြီပေါ့။ ဘာကြောင့်မှန်း မသိဘူး။ ဒီဝတ္ထုတိုလေးကို ပြန်ပြီး ဖော်ပြချင်စိတ် ဖြစ်လာတယ်။ ကျနော့စာတွေကို ပုံမှန်စောင့်ဖတ်ပေးနေတဲ့ ဘလော့မိတ်ဆွေတွေ အတွက် ခရစ္စမတ် လက်ဆောင်လို့ပဲ သဘောထားပါဗျာ။ မြန်မာပြည်တနေရာရာမှာ ကျနော်တို့ကို သတိရနေသူတွေလည်း ရှိကောင်း ရှိနိုင်ပါရဲ့။

2 comments:

SUE NITT said...

Dear,brother !!!! I felt really sorry for the said cat and this is Ko Aung Naing falut when he encounter as a child,but he did not attend to be like worse,by this moment he is also thankful to describe that event so that we can tell our children to love the cat and to take care while playing with the pet.(after i finished my reading the whole,i would make another comments if I have,,,,,,,,,,,,,,thank U brother....!!! ( THIDAR,jap)

Unknown said...

အဲဒါ တကယ့်အဖြစ်အပျက်လားခင်ဗျ

Recent Comments