ကျနော် ဘလော့ရပ်ကွက်ထဲ သွားကြည့်တယ်။ မြန်မာ ဘလော့ရပ်သူ၊ ဘလော့ရပ်သားတွေ များလာတာ အတော် ၀မ်းသာ စရာပဲ။ ကဗျာဆရာလည်းများတာ တွေ့ရတယ်။ (ကဗျာဆရာမတွေလည်း ချန်မထားပါဘူး။) အိမ်လည်ကျူးတဲ့ ကဗျာဆရာ တွေ၊ ဘလော့ရပ်ကွက်သားတွေလည်း ရှိတယ်။ (သူများတကာတွေ အိပ်နေတာကို အတင်းတံခါးခေါက်တယ်။)
ဒီလိုနဲ့ ကျနော် စဉ်းစားမိထားတဲ့ ကိစ္စလေးတခုကို ထုတ်ဆွေးနွေးကြည့်ချင်လာတယ်။ တခါက ကျနော့မိတ်ဆွေအချို့နဲ့ ဒီကိစ္စ ဆွေးနွေးဖူးသေးတယ်။ တေးရေးဆရာတချို့နဲ့လည်း စကားလက်ဆုံကျဖူးတယ်။ ကျနော့ ဟိုက်ပေါ့သီးစစ်ပေါ့။
ကျနော်တို့ မြန်မာ့ဂီတတွေမှာ ဘော့မာလေ တို့လို ရက်ဂေးသီချင်းတွေ စွဲစွဲမြဲမြဲဆိုသူ သိပ်မတွေ့ရဖူး။ နောက်ပြီး ဘလူးစ် သီချင်းဆိုရင်လည်း အတော်နည်းလှတယ်။ တယောက်က ရက်ဂေးအခွေတွေ ဆိုတယ် ကြားဖူးတယ်။ သိပ်မပေါက်လှဘူး။ ဒါကလည်း ကျနော် အကုန်မသိဘဲ ပြောနေတာ ဖြစ်နိုင်ပါတယ်။ ဈေးကွက် သဘောအရလည်း ဖြစ်နိုင်ပါတယ်။ ကျနော့် မိတ်ဆွေတဦး အပြောအရဆိုရင်တော့ “လူစုံ” ဆိုတဲ့ကောင်ကွာ သူ့အခွေတွေ အတော်ထွက်တယ်။ သီချင်းခွေတွေမှာ လည်း တယောက်တည်းမဟုတ်၊ လူစုံ။ တခွေတည်းမှာလည်း ဟန်တမျိုးတည်း မဟုတ်၊ ချိုချဉ်ဖန်ခါး အကုန် ပရိသတ် အကြိုက်လေး ထည့်ပေးလိုက်ကြတာကိုး။ ဒီလို ဘာကြောင့်ဖြစ်တာလဲ။ ကျနော်တို့ နိုင်ငံမှာ တေးရေးဆရာတွေ နည်းလွန်း နေပြီး၊ “ပြန်ဆို” တွေ ဘာကြောင့် များနေတာလဲ။ ကျနော်ခေါင်းထဲမှာတော့ မေးခွန်းတွေ အပြည့်ပါ။ ဘာဖြစ်လို့ ကိုယ်ပိုင် သံစဉ်က နည်းနေ တာလဲ။ မြို့မငြိမ်းလိုမျိုး ဘာဖြစ်လို့ နောက်တယောက်ထပ်မပေါ်နိုင်ရတော့တာလဲ။ စသဖြင့်ပေါ့...
ကျနော်တွေ့ဖူးကြုံဖူးလိုက်တဲ့ လူကြီးတွေရှိတယ်။ သူတို့က ပါလီမန်ခေတ် မှီလိုက်သူတွေ၊ ကျနော့အဖေအရွယ်တန်းတွေ ပေါ့။ အံ့သြစရာကောင်းတဲ့ အချက်က သူတို့ဟာ ဂီတတူရိယာတခုကို ပိုင်ပိုင်နိုင်နိုင် တီးမှုတ်တတ်နေကြတယ်။ ကွယ်လွန် ပြီဖြစ်တဲ့ ဘော့စတွန်တက္ကသိုလ်က ပါမောက္ခ ဒေါက်တာမြမောင်ဟာ မက်ဒိုလင်၊ စန္ဒယားသိပ်ကောင်းတယ်။ သူ့လက်သံက အတော်နု တယ်။ သူက စီးပွားရေပညာ ပါမောက္ခ ဖြစ်တာကတခြား၊ သူ့အနုပညာက တခြားပဲ။ တခါ ကွယ်လွန်ပြီဖြစ်တဲ့ ယခင် CRDB က ဦးတင်မောင်ဝင်းဟာလည်း စန္ဒယားအတီးကောင်းတယ်။ နုတ်တွေဘာတွေနဲ့ အကျအန တကယ့်ကျွမ်း ကျွမ်းကျင်ကျင်၊ နောက်ပြီး ပါမောက္ခ၀င်း (ကမ္ဘောဇ၀င်း) ဟာ လည်း စန္ဒယားတီးရာ၊ တယောထိုးမှာ ဆရာဖြစ်သင်လို့ရ လောက်အောင် အတီးကောင်းလှတယ်။ ဒါပေမယ့် ကျနော်တို့ မျိုးဆက်မှာ (မြင်သလောက်ပြောရရင် ကျနော့သူငယ်ချင်း မိတ်ဆွေတွေထဲမှာ) ဂီတထူးချွန်တာ သိပ်မတွေ့ရဘူး။ ဂီတာ အတီးကောင်းသူကတော့ တယောက်၊ နှစ်ယောက်လောက် ရှိပါတယ်။
ကျနော် အမေရိကန်မှာ ကျောင်းတက်တော့လည်း အတန်းဖော်တယောက်က ညနေဆိုရင် အပန်းပြေ ဆက်ဆိုဖုန်းမှုတ် လေ့ရှိတယ်။ သူ့ဂီတတေးသံက အဆောင်ထဲ လွင့်ပျံလို့ပေါ့။ ကျောင်းမှာ ကိုယ်ကျွမ်းကျင်ရာဂီတ၊ အနုပညာတွေ လုပ်ပြ ကြတဲ့ပွဲ (Talent show) ကျတော့လည်း အခြားဂီတ ကျွမ်းကျင်ပိုင်နိုင်သူတွေက မရှား။ ကျနော်ကတော့ ခပ်ရှက်ရှက်ပဲ ငြိမ်နေရတယ်ပေါ့။
ကျနော်ဟာ ဂီတာတော့ နည်းနည်းပါးပါး တီးတတ်ပါရဲ့။ ကျနော့အဖွားအဆိုအရ “ဒုံဗြတ်ဗြတ်၊ ဒုံဗြတ်ဗြတ်” လောက်ပေါ့။
ကဗျာကတော့ ဟိုခြစ်၊ သည်ခြစ်။ သတိထားလာမိတဲ့ ကျနော့်စဉ်းစားချက်တခုကတော့ ဘာဖြစ်လို့ ကျနော်တို့ လူငယ်တွေ မှာ ကဗျာဆရာ ပေါတာလဲ။ (များတာလဲ)။ ဂီတာတီးတတ်တဲ့ မြန်မာလူငယ်တွေ ဘာလို့ပေါတာလဲ ဆိုတာ စဉ်းစားမိ လာတယ်။
ကျနော် အထက်တန်းကျောင်းသား ဘ၀က ကျောင်းမှာ စန္ဒယားတလုံးတော့ ရှိပါရဲ့။ ကျနော်တို့ ထိခွင့် မရှိဘူး။ လူလစ် တုန်း အုပ်ထားတဲ့ ကတ္တီပါ အ၀တ်လှန်လို့ တုံတုံလောက် ဆော့ကြည့်ရတာပဲ ရှိတယ်။ ဆက်ဆိုဖုန်းဆိုတာ ဝေလာလေး။ ၀ယ်ဖို့ ဆိုတာကလည်း မတတ်နိုင်ပါဘူး။ သင်ပေးဖို့ဆရာကလည်း ရှားပါပေ့။ မြန်မာ့ရိုးရာ စောင်းဆိုတာလည်း ဈေးကြီးပြီး၊ လူငယ် တွေအတွက်က မိန်းကလေး စောင်းနဲ့ပိုးဖို့ သိပ်မနိပ်လှပါဘူး။ ဦးရှင်ကြီးဆရာ ထင်နေပါလိမ့်ဦးမယ်။ ဘင်ခရာ သင်တန်း တက်တော့ ပုလွေလေးမှုတ်၊ ဒရမ်လေးခေါက်ရတာမျိုး ရှိပါတယ်။
ဂီတာကျတော့ နည်းနည်း ဈေးပေါတယ်။ သူငယ်ချင်းဆီမှာ ကပ်တီးလို့ရတယ်။ သူကလည်း ဒါက အေ၊ ဂျီ၊ စီမိုင်နာ၊ စသဖြင့် သင်ပေးလို့ “မင်းဘယ်လမ်းသွားသွား၊ မင်းနောက်က လိုက်လို့နေမယ်” တို့ ပတ်ချာလည် ရောင်းကော့ဒ်လေးတွေ တီးလို့ ရလာခဲ့တယ်။ ကဗျာကတော့ အရင်းအနှီးနည်းတယ်။ ၀မ်းလျားတချက်မှောက်လိုက်ရုံပဲ၊ စာရွက်နဲ့ ဘောပင်က အသင့်။ (အမှိုက်ပုံးလဲ အသင့်)
ကျနော်ယူဆတာတော့ လူတိုင်းမှာ အနုပညာတခုခုကို ဖန်တီးလိုစိတ်ရှိကြဟန် တူပါတယ်။ မဖန်တီးရင်တောင်မှ ခံစားပေး နိုင်တာမျိုးပေါ့။
ဒါပေမယ့် အခွင့်အလမ်းအရ ကျနော်တို့ တချို့ကိစ္စတွေကို လက်လှမ်းမမီခဲ့ဘူး။ စန္ဒယားဆိုတာ တမြို့မှာတလုံးရှိရင် ကံကောင်း။ ဆက်ဆိုဖုန်းဆို ဝေလာဝေး၊ တယောတို့၊ ဗိုင်အိုလာတို့ ဆိုတာကတော့ ပိုမဖြစ်နိုင်လေဘူး။ ဒီလိုနဲ့ ဈေးသက် သက်သာသာနဲ့ရတာ အနုပညာကို ရှာကြံဖန်တီးရတော့တယ်။
ကဗျာရေးတယ်။
ဂီတာ နည်းနည်းခေါက်တတ်တယ်။ ဒီလိုနဲ့ ကဗျာဆရာတွေ များလာတယ် ထင်တာပဲ။
အခုတော့ ဘလော့တွေလည်း ရေးကြပါရဲ့။ ဘလော့ကို အခမဲ့ပေးထားတယ်ဆိုပေမယ့် မြန်မာနိုင်ငံထဲက ရေးသူတွေက တော့ ကုန်ကျစရိတ် မသေးလှဘူး ထင်တာပဲ။ ဒီလိုနဲ့ ဘလော့ဂါတွေများ၊ ကဗျာဆရာတွေများလာတယ် ထင်တယ်။
မိတ်ဆွေတို့ကလည်း ဘယ်လိုထင်သလဲ....
ဝိုင်းဆွေးနွေးပေးကြပါဦး။
ယောဟန်အောင်
6 comments:
အစ်ကိုက ကဗျာဆရာတွေ
များလာတယ် ဒါပေမယ့်
ွှအနုပညာ အစစ်အမှန်
မတွေ့ရလို့များ
စိတ်ပျက်ပီး ဒီပိုစ့်လေးဖြစ်လာတယ်လို့
ကျွန်မထင်မိပါတယ်
ဒါကလဲ ကျွန်မရဲ့ တစ်ဘက်သတ်အမြင်ပါ
ဟုတ်တာပေါ့..
အရိုးဆုံး စကား ပုံတခုလို.. ရေမြင့်တော့ကြာတင့်တဲ့။
တိုင်းပြည် အခြေအနေနိမ့်တော့.. ဘယ်မှာလဲ..စန္ဒရား.. ဂစ်တာတလုံးပိုင်ဖို့တောင်မလွယ်.. ခုခေတ် ရန်ကုန်မှာ ကလေးတွေ...အပြင် အနုပညာ ကျောင်းပို့တာ.. ကွန်ပြူတာ သင်တန်းပို့တာထက်..ပိုဈေးကြီးတယ်။ ( ပါလီမန် ခေတ်ကတော့..သိတဲ့အတိုင်း.. အဲဒီ စာ ထဲက ပုဂ္ဂိုလ်ကြီးတွေ ဆိုတာ လဲ.. အဲဒီခေတ် အခါက..ပညာတွေ အများကြီးသင်နိုင်တဲ့.. ကူရှင်ကျောင်းတွေတတ်နိုင်တဲ့..မြေပိုင်ရှင်.. အရာရှိကြီးငယ်တွေရဲ့..သားသမီးတွေ ဖြစ်ဖို့များပါတယ်)
အနှစ်ချုပ်ရရင်တော့.. အလွယ် ဆုံး ထွက်ပေါက်ကပဲ.. ၀ါသနာ ဖြေနိုင်တဲ့..အလွယ်ဆုံး အနုပညာ သမားတွေပဲ များလာတာပေါ့..) ဥပမာ.. အိုင်စီဝိုင်းက..လေဇီကလပ်က..ပီယာနိုသမားတွေ သွားကြည့်..ငယ်ငယ် ၄ -၅ နှစ်ထဲက..အိမ်က..ပိုက်ဆံတတ်နိုင်လို့..အတင်းသင်ပေး ရင်း.. ပီယာနစ် ကြီးတွေဖြစ်လာ ကြတာပါတဲ့) တိုင်းပြည်မှာ..ပေါပေါများများ..လွင့်လွင့်ကျယ်ကျယ်ဖြစ်လာ ရင်တော့... လူစုံ ..ပညာစုံ တွေ ထွက်လာမှာ..အသေအချာပါ။
(လူတိုင်းမှာ အနုပညာတခုခုကို ဖန်တီးလိုစိတ်ရှိကြဟန် တူပါတယ်။ မဖန်တီးရင်တောင်မှ ခံစားပေး နိုင်တာမျိုး။)
အဲဒါ သဘောတူတယ်။ ဖန်တီးလိုစိတ် ဒါမှမဟုတ် ဖန်တီးတာကို ခံစားပေးလိုစိတ် လူတိုင်းမှာ ရှိကြမယ်။ အနုပညာ အမျိုးအစားပဲ ကွာချင်ကွာမယ်။ တချို့အားကစားတွေ တောင်မှ အနုပညာဆန်တာပဲ။ တစ်ခုတော့ ရှိတယ်။ သံကွန်ခြာ အုပ်မိုးထားခံရတဲ့ ဦးနှောက် ဆိုတာကတော့ ဖန်တီးခြင်းဆိုတဲ့ စကားရပ်နဲ့ လားလားမှ မအပ်စပ်ပဲ။ ဖန်တီးဖို့ဖြစ်စေ ဖန်တီးတာကို ခံစားနိုင်ဖို့ဖြစ်စေ အတိုင်းအတာ တစ်ခုအထိ လွတ်လပ်မှု လိုအပ်တယ်။
စာချရေးတာ အရင်းအနှီးချင်းအတူတူဆိုရင် ဘာကြောင့် စကားပြေမရေးပဲ ပိုမိုရှုပ်ထွေးတယ် ထင်ရတဲ့ ကဗျာကို ပိုရေးကြသလဲ။ ပြောချင်တာတွေ ပိုပြင်းထန် ထိရောက်အောင်လို့လား။ တည့်တည့် မပြောနိုင်လို့လား။ ဒါဆိုရင်တော့ ကဗျာရဲ့ ၀ိသေသတွေ ပြန်ကြည့်ဖို့ လိုလာမယ်။ ကဗျာမှာမှ ဘာကြောင့် မော်ဒန်လဲ ပို့စ်မော်ဒန်လဲ။ သီချင်းဆိုရင်လည်း ဘာကြောင့် ဟစ်ဟော့ပ်လဲ။ ခေတ်ကြီးက မြန်လာတာ မွန်းကြပ်လာတာ ၀ှက်သထက် ၀ှက်လာတာတွေကို ခေတ်ပေါ် အနုပညာတွေက ကိုယ်စားပြုစီးဆင်းတယ်။ အဲဒီရေစီးကို အတင်းကာရော သွားဆန်လို့တော့မရ။
နောက်အကြောင်းရင်း တစ်ချက်ကတော့ စားဝတ်နေရေးဆိုတဲ့ primary issues တွေက ရုန်းမထွက်နိုင်တဲ့အခါ အနုပညာတို့ ဖန်တီးမှုတို့ဆိုတာ secondary အဆင့်မှာပဲရှိတယ်။
အတွေ့အကြုံနဲ့ယှဉ်ပြောရရင်တော့ ငယ်ငယ်က စန္ဒရားတီးတတ်ချင်ခဲ့တယ်။ ဆရာ တက္ကသိုလ်ဘုန်းနိုင် ၀တ္တုတွေမှာ ဇာတ်လိုက်က စန္ဒရားတီးတာ သိပ်အားကျတာပဲ။ သာမန်မိသားစုတစု ဘ၀နဲ့ စန္ဒရားဆိုတာမျိုးနဲ့က အလှမ်းဝေးခဲ့။ တက်ဖူးခဲ့တဲ့ ကျောင်းတွေမှာဆိုရင်လည်း ဂီတ ပန်းချီ ဘာမှ သင်ခွင့်မရခဲ့။ အခုထိလည်း အချိန်နဲ့ နပန်းလုံးနေရဆဲ။ အဲဒါတွေ လုပ်ခွင့်မကြုံ။ အခြေခံ ပညာရေးထဲမှာကိုက ကိုယ်ပိုင်အတွေးအခေါ်ရှိဖို့ စဉ်းစားဆင်ခြင်တတ်ဖို့ ဖန်တီးတတ်ဖို့အတွက်ကို ဘယ်လောက်အထိ ထည့်သွင်း အားပေးထားလို့လဲ။ အဲ.. ဘရိတ်အုပ်မှ။ ဟိုဘူတာ ပြန်ဆိုက်သွားလိမ့်မယ်။
ပြောတာများသွားပြီ။ မောတယ်။ တခြားလူတွေ အလှည့်ပေးဦးမှ။
ကျွန်တော့်အမြင်ကိုပြောရရင်တော့ အနုပညာနဲ့ ပတ်သတ်တာအားလုံးဖန်တီးမှု မြန်မာပြည်က အရမ်းအားနည်းပါတယ်။ အခြေခံပညာကျောင်းတွေမှာ အနုပညာသင်ကြားပေးတာတွေ မရှိသလောက်နည်းပါတယ်။ လူငယ်တွေက ကိုယ့်ဝန်းကျင်မှာသာ နီးစပ်မှုမရှိရင် ကိုယ်က ဘာကိုဝါသနာပါတယ်ဆိုတာ သိနိုင်တဲ့လူကနည်းပါတယ်။ အခြေခံကျောင်းမှာ ကိုယ်ဘာဝါသနာပါတယ်ဆိုတာ သိမှ အဆင့်မြင့်ပညာမှာ ဘယ်လိုင်းကိုလိုက်ပြီး အသက်မွေးဝမ်းကျောင်းရမယ်ဆိုတာကို သိနိုင်ပါလိမ့်မယ်။ နောက်တစ်ချက်က တက္ကသိုလ်တွေရောက်တော့လည်း အနုပညာအဖွဲ့တွေ၊ သင်တာတွေမရှိလေတော့ ဂီတနဲ့ပတ်သတ်တာကိုလေ့လာခွင့်ကနည်းသွားပြန်ပါရော။ ပါရမီပါလွန်းတဲ့သူတွေကသာ ဂီတနဲ့ပတ်သတ်ပြီး အတော်အတန် တတ်မြောက်သွားကြတာပါ။ လူတိုင်းက အနုပညာပါရမီမရှိတော့ သင်လို့တတ်မြောက်ထားရင်လည်း နည်းနည်းပါးပါးလူလူသူသူ တီးတတ်၊မှုတ်တတ် ရေးတတ်၊ဆိုတတ်ကြမှာပါ။ အဓိကကတော့ အခြေခံက ဖြည့်ဆည်းပေးတာနည်းလို့ပါ။
That's right,sayar yaw... Actually I was interesting in playing bedminton and playing piano when I was young. But I has no chance to be a good bedminton player. And also cannot play the piano very well... :(
ကိုယောဟန်အောင်ရေ
ဘယ်လိုအကြောင်းကြောင့်ဖြစ်ဖြစ် . . .
ဂစ်တာတီးသူတွေ
ကဗျာရေးသူတွေ များလာတာ အရှုံးထဲကအမြတ်လို့ပြောရမလားပဲ
သူသူကိုယ်ကိုယ်
ကဗျာရေးနေတဲ့အချိန်
ဂစ်တာတီးနေတဲ့အချိန်လေးမှာ
ညစ်ပတ်တဲ့စိတ်တွေကင်းနေလို့
နောက်ပြီး တကယ်ကောင်းတဲ့ ကဗျာတစ်ပုဒ်
သီချင်းတပုဒ်ဟာ
ကျည်တစ်ထောင့်လိုပဲ ထိရောက်မှုရှိလို့
Post a Comment