Pages

Wednesday, July 11, 2007

Live Earth Day နေပျော်ဖွယ် မြေကမ္ဘာနေ့

နေပျော်ဖွယ် မြေကမ္ဘာနေ့
Live Earth Day (ဇူလိုင် ၇၊ ၂၀၀၇)

ကျနော်တို့ ဘလော့ဂါတွေ အများစုက ဇူလိုင်လ ၇ ရက်၊ ၁၉၆၂ ခုနှစ်က သွေးစွန်းခဲ့ရတဲ့ ကျောင်းသား လှုပ်ရှားမှု အကြောင်းနဲ့ ကျောင်းသားသမဂ္ဂ အဆောက်အဦဖြိုချခံရတဲ့ အကြောင်းကို ပြောကြတယ်။ ရေးကြ တယ်။ သမိုင်း ကို ပြန်မိတ်ဆက်ပေးကြတယ်။ သို့သော်လည်း ကျနော်ရေးချင်တာက ဒါမဟုတ်ပါဘူး။ ကမ္ဘာနဲ့ အ၀ှမ်း ခြိမ့်ခြိမ့်သဲသဲ ကျင်းပခဲ့တဲ့ နေပျော်ဖွယ် မြေကမ္ဘာနေ့အကြောင်းရေးချင်တာပါ။ သို့သော်လည်း ဒါဟာ ဇူလိုင် ၇ ရက် ကိစ္စကို သက်သက်လမ်းလွှဲတယ်လို့ စွပ်စွဲလာမှာလည်း စိုးရသေးတယ်။ ဒါကြောင့် အချိန်ကိုလည်း စောင့်ရပါသေးတယ်။ ကျနော်တို့က သမိုင်းပါမောက္ခ ဆရာကြီး ဒေါက်တာသန်းထွန်းပြောသလို “မအအောင်လို့ သမိုင်းသင်တာတော့ ဟုတ်ပါတယ်။” ဒါပေမယ့် အခြားကမ္ဘာမှာလည်း ဘာတွေဖြစ်ပျက်နေ တယ် ဆိုတာ မျက်ခြေမပြတ်သင့်ဖူး ထင်လို့ပါ။

ပြီးခဲ့တဲ့ မြေကမ္ဘာနေ့ကို ဇူလိုင်လ ၇ ရက်၊ ၂၀၀၇ မှာ ကမ္ဘာ့နိုင်ငံပေါင်း ၁၂၉ ခုမှာ ကျင်းပခဲ့ပါတယ်။ ကမ္ဘာနဲ့ အ၀ှမ်း စင်မြင့်ဖျော်ဖြေပွဲ စတိတ်ရှိုးတွေ၊ နာမည်ကြီး တီးဝိုင်း၊ အဆိုတော်တွေက လှုံ့ဆော် ဆောင်ရွက်ခဲ့ကြပါ တယ်။ ပွဲပေါင်း ၇,၀၀၀ ကျော် ခြိမ့်ခြိမ့်သဲသဲ ကျင်းပခဲ့ကြပါတယ်။ ထူးထူးခြားခြား တိုက်ဆိုင်မှုဖြစ်တဲ့ ဒီနေ့ကို (၇ ရက်၊ ၇ လ၊ ၂၀၀၇ ဆိုတော့ ၇ တွေ တိုက်ဆိုင်နေခဲ့ပါတယ်။) ကိုမှ ရည်ရွယ်ပြီး စည်းရုံးလှုပ်ရှားသူတွေက စီစဉ် ခဲ့ကြတာပါ။ မြေကမ္ဘာနေ့ဆိုတာ တခုရှိပါသေးတယ်။ ပုံမှန်အားဖြင့် ဧပြီလထဲမှာကျင်းပတာပါ။ သို့သော်လည်း ယခုနေ့ကိုတော့ LIVE EARTH DAY ဆိုပြီး ကျင်းပပါတယ်။ ရည်ရွယ်ကျင်းပတဲ့အကြောင်းအရင်းကတော့ ကျနော်တို့အတွက် အရေးပေါ်ဖြစ်လာနေတဲ့ ကမ္ဘာကြီးပူနွေးလာမှုအကြောင်း၊ သဘာဝပတ်ဝန်းကျင်ဖောက်ပြန် မှု အကြောင်းတွေကို လူအများက အရေးထားလာစေဖို့၊ လေးနက်ပြီး လှုပ်ရှားဆောင်ရွက်မှုတွေ၊ ကျင့်ကြံ ထိန်းသိမ်းမှုတွေ လုပ်လာစေဖို့ စည်းရုံးတဲ့ပွဲပါပဲ။

ဒီအခမ်းအနားတွေကို ကမ္ဘာတပတ်မြို့ကြီးအတော်များများမှာ ဂီတပွဲတွေနဲ့ စည်းရုံးဖျော်ဖြေတင်ဆက်ခဲ့ကြပါ တယ်။ ၀ါရှင်တန်၊ ရိုင်ယို ဒီ ဂျနီးရိုး၊ ဂျိုဟန် နစ္စဘတ်၊ လန်ဒန်၊ ဟမ်းဘဂ်၊ တိုကျို၊ ရှန်ဟိုင်း၊ ဆစ်ဒနီ စသဖြင့် မြို့ ကြီးတွေမှာ ကျင်းပခဲ့သလို၊ အမေရိကန်နိုင်ငံက ဒုတိယသမတဟောင်း အယ်လ်ဂိုးလို နာမည်ကြီးပုဂ္ဂိုလ်တွေ၊ မက်ဒေါနား၊ လီယိုနာဒို ဒီ ကပ်ပရီယိုလိုမျိုး နာမည်ကြီး အဆိုတော်၊ ရုပ်ရှင်မင်းသား၊ မင်းသမီးတွေက ပါဝင် ဆင်နွှဲခဲ့ကြပါတယ်။ ရုပ်မြင်သံကြားတွေကတဆင့် လူပေါင်း (၁၀) သန်းလောက်ကလည်း ကြည့်ရှုခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒီပွဲကို စည်းရုံးစီစဉ်ကြသူတွေက ဒီအခမ်းအနားရဲ့ ပမာဏဟာ ကမ္ဘာ့ဖလားဘောလုံးပွဲ (၁၀) ခုစာ မျှ ကြီးကျယ်တယ်လို့လည်း ဖော်ပြခဲ့ကြပါတယ်။ ကျနော်တို့ကတော့ မသိလိုက် မသိဖာသာဆိုရင်တော့ မကောင်းပါဘူး။

ဒီပွဲကို စီစဉ်ခဲ့တဲ့သူတွေရဲ့အကြောင်းကို ဒီ လိုက်ဖ်အတ်သ် အင်တာနက်စာမျက်နှာမှာ ရှာဖွေဖတ်ရှုနိုင်ပါတယ်။ သူတို့က ကျနော်တို့ ကာဘွန်လောင်စာတွေ လျှော့သုံးကြဖို့၊ ပတ်ဝန်းကျင်ညစ်ညမ်းအောင် မဖျက်ဆီးကြဖို့ လှုံ့ဆော်နေတာပါ။ အကြောင်းကတော့ ဒီနေ့ကမ္ဘာကြီး ပူနွေးလာမှုဟာ လျှစ်လျူပြုထားလို့ မရနိုင်တော့ပါဘူး။

မြန်မာနိုင်ငံမှာလည်း သဘာဝဖောက်ပြန်မှုဒဏ်တွေကို ဆိုးဆိုးရွားရွား စတင်ကြုံနေကြရပါပြီ။ ရန်ကုန်မှာ ရေကြီးတယ်။ မန္တလေးမှာ ရေကြီးတယ်။ လေဆင်နှာမောင်းတွေ တိုက်တယ်။ လေပြင်းမုန်တိုင်းကျတယ်။ မိုးတွေပိုကြီးလာတယ်။ ရေရှား မိုးခေါင်တဲ့နေရာက ပိုရေရှားမိုးခေါင်လာမယ်။ ပိုပူလာတယ်။ ဒါတွေကြုံနေကြ ရပါပြီ။ လွန်ခဲ့တဲ့ ရာစုနှစ်အတွင်း လောင်စာသုံးမှုနှုန်းက သိသိသာသာတိုးလာပြီး ကာဘွန်ဒိုင်အောက်ဆိုဒ် ထုတ်တာတွေလည်း ပိုများလာပါတယ်။ အောက်ဖော်ပြထားတဲ့ ဂရပ်ပြမျဉ်းတွေကို ကြည့်ရင် ၁၈-ရာစုက စလို့ အခုကာလအထိ ကြောက်ခမန်းတိုးတက် မြင့်လာတဲ့နှုန်းကို တွေ့ရမှာပါ။ ဒီပုံပြဂရပ်က ကုလသမဂ္ဂရဲ့ သဘာဝ ပတ်ဝန်းကျင်ပြောင်းလဲမှုဆိုင်ရာ နိုင်ငံများ ဆွေးနွေးပွဲ (UN Intergovernmental Panel on Climate Change) က ယူပြီး ဖော်ပြထားတာပါ။ ဒီ ဆွေးနွေးပွဲကို မကြာသေးခင်ကာလ ရန်ကုန်မှာ ရေတွေကြီးနေတဲ့ အချိန် မေလဆန်းပိုင်းက ဘန်ကောက်မြို့မှာ ကျင်းပခဲ့ပါသေးတယ်။ ဒီအကြောင်းတွေကို ဒီအင်တာနက် စာမျက်နှာမှာ ဖတ်နိုင်ပါတယ်။

အဲသည်တော့ ကျနော်တို့ ဖာသိဖာသာနေရင်လည်း မဖြစ်နိုင်ဘူးလား။ မဖြစ်နိုင်ပါဘူး။ ဒီနှုန်းအတိုင်း ကာဘွန် တွေဆက်သုံး၊ မီးခိုးတွေ ဆက်ထုတ်နေကြရင် နောင်နှစ် (၅၀) အတွင်းမှာတောင် ပြဿနာတွေကြီးကြီးမားမား ကြုံရဖွယ် ရှိနေပါတယ်။ ကျနော်တို့ သက်တမ်း၊ သို့မဟုတ် ကျနော်တို့ သားသမီးတွေရဲ့ သက်တမ်းမှာ သဘာဝ ကပ်ဆိုးကြီးတွေ ဆိုက်ဖွယ် ဖြစ်နေပါပြီ။ ဒါကြောင့် ကမ္ဘာတ၀ှမ်းလုံးမှာ ဒီနှစ် (၅၀) မတိုင်မီအတွင်း သိသိ သာသာ လျှော့ချနိုင်ကြဖို့ လှုံ့ဆော်နေကြတာပါ။

ကာဘွန်တွေကြောင့် ဘာကြောင့် ကမ္ဘာကြီးက ပူလာတာလဲ။ ပူတော့ ဘာတွေဖြစ်လာနိုင်သလဲ။ ဘာတွေ ဆိုးကျိုးကြုံရမလဲ။ ကျနော်နောက်တော့ ဆက်ရေးပါဦးမယ်။ ကျနော်တို့က နောက်ကျနေပေမယ့်လည်း နေပျော် ဖွယ် မြေကမ္ဘာနေ့ကို ဆင်နွှဲလိုက်ကြပါဦးစို့ဗျာ။



ယောဟန်အောင်

ဆက်ရေးပါဦးမယ်။ ....

1 comment:

kay said...

မှန်ပါတယ်..ကမ္ဘာကြီးအကြောင်းသင်ရင်း..ဗမာနဲ့ယှဉ်ကြဖို့ပေါ့..
ဆစ်ဒနီ ရှိုးမှာတော့..ဆေးသမားတွေကဲလို့ ၁၉ ယောက်တောင်အဖမ်းခံရတယ်တဲ့..ဘာပဲပြောပြော..အယ်လဂိုးနဲ့တကွ..ပတ်ဝန်းကျင်ထိမ်းသိန်းလှုံ့ဆော်သူများအား..အထူးပင်ချီးကျူးမိပါကြောင်း..
we have only one world လို့ဆိုသကိုး..

Recent Comments