Pages

Monday, July 9, 2007

ငါဟစ်ဟော့ပ် ဆိုရရင် ကောင်းမလား။

ငါ ဟစ်ပ်ဟော့ ဆိုရရင် ကောင်းမလား။
(ဒီကဗျာကို အသံထွက်ဖတ်ပါ။)

ငါပြောချင်နေတာ တော်တော်များ
ငါ ဟစ်ပ်ဟော့ဆိုရရင် ကောင်းမလားတွေး။

လူငယ်တွေကလည်း အချစ်အကြောင်းတွေချည်းပဲပြော...
ငါကလည်း နည်းနည်း ဆရာကြီး လုပ်ချင်နေတာနဲ့မော။
သူတို့ အိုင်ဒီယာ ပြောနေတာတွေလည်း သဘောမကျ...
မယ်လိုဒီ မဖန်ဆင်းနိုင်တဲ့ ငါ့လက်သံအစုတ်အပြတ်ကိုလည်း ဒေါပွ။
ရေးတဲ့ကဗျာတွေ မဂ္ဂဇင်း မရွေးတာလည်း တဒုက္ခ
နောက်ဆုံးတော့ ဘလော့ဂါ လုပ်ရတာပဲ မုချ....။

လမ်းရိုးဟောင်းကိုလည်း
မလိုက်ချင်ဘူး။
အဆန်းထွင်ချင်တဲ့ ဥာဉ်နဲ့ပဲ
ငါ့မှာရူး။
တော်လှန်ရေးနတ်ကလည်း ပူးသေး
ကလေးကလားတွေကြားထဲ
ကူးဝင်ကာ ပေါက်ကွဲမယ်...
ကိုယ့်ကိုယ်ကို ထင်တလုံးနဲ့ ကိုယ်ပြောချင်တာကို ကိုယ်ပြောမယ်။
ကိုယ့်ဒုက္ခကို တသသနဲ့ ရင်ဖွင့်တာကိုပဲ ဂုဏ်လုပ်ဆဲ။

ရိုးသားမှုကို တရွတ်ဆွဲ ကံအမြဲလွဲနေရတဲ့ ဘဝ
ချစ်သူကလည်း အထင်သေးရဲ့ ......
တံခါးတွေပိတ်ထား... ဘာမှ အစွမ်းပြခွင့်မရ
မိဘတွေကလည်း သက်ပြင်းချ
ပါရမီ မရှိလှတဲ့ ရပ်ကွက်ကလည်း
သူ့လို မမိုက်ကြနဲ့တဲ့ ဥပမာပြ ...
(အင်း....) ဂြိုဟ်သားတယောက်ပမာ ငါ့ဘ၀..
ငါပြောချင်နေတာကလည်း ဘယ်နေရာမှာ ပြောရပါ့...။

ကဗျာလေးရေးမိပါတယ်... လေးလုံးစပ် မဟုတ်ဖူးတဲ့ ရှုံ့ချ..
နိုင်ငံရေး ၀င်ဆွေးနွေးမိပါတယ်... အတိုက်အခံဆိုရင် နည်းနည်းမှ မဝေဖန်ရတဲ့ ပယ်ချ...
စာတိုလေးရေးမိပါတယ်... ရပ်တည်ချက် မရှိဖူးတဲ့ အုပ်စုလိုက် တွယ်ကြ...
ဘလော့မှာ တကုတ်ကုတ်ရေးမိပါတယ်... အရေမရ အဖတ်မရတဲ့ အလကား....။

ငါ့မှာ.....
မိုက္ကရိုဖုန်း လိုတယ်။
စင်မြင့်ကနားလိုတယ်။
သူများတကာ ဖျားသွားစေဖို့
စာသားတွေလည်း လိုတယ်။
ငါ့အစွမ်းရဲ့ ချီးမွမ်းခန်းလည်း
တခန်းတနားလေး ကြားချင်သေးတယ်..

ငါ့အတွက်လည်း ထွက်ပေါက်ဖြစ်...
ဒေါသတွေလည်း မြစ်မျောပစ်
အိပ်ပျော်နေတဲ့ ခေတ်ကိုလည်း
ထစ်ချုံးဖောက်ခွဲ လိုက်ချင်သေးတယ်။

ငါ့ကဗျာတွေက ကာရန်မဲ့
ငါ့စာသားတွေက “မာရု” လိုရင့်သီးခဲ့
မီးလောင်ပြင်က အပင်လို ခပ်ရိုင်းရိုင်းကြီးပြင်းခဲ့...
သဘာဝအတိုင်း အရိုးရင့်
ငါကိုယ်တိုင်က ဒေါသဆင့်
ခံစားမှု အရိုင်းထည်က
ငါ့ရင်နဲ့အပြည့် တိုးမြင့်။

လက်ညှိုးထိုးပြီး ပြောချင်
ရင့်ရင့်သီးသီး ပြောချင်
ပျက်စီးနေတဲ့ စနစ်ဆိုတဲ့
ခေတ်ကိုချည်း ပုံမချဘဲ
လူတွေပျက်နေတာလည်း ပြောချင်။

ငါက ငြိမ်းချမ်းရေးအကြောင်းလည်း ပြောချင်
အချစ်အကြောင်းလည်း ပြောချင်
သဘာဝပတ်ဝန်းကျင်၊ အမှန်တရားနဲ့ ရှင်သန်ခြင်းအကြောင်း
တရားမျှတမှုနဲ့ လွတ်လပ်မှု အကြောင်း၊
ခေတ်နောက်ကျနေတဲ့ လူအဟောင်းတွေကိုလည်း ပြောချင်။
နားမထောင်ရင် နားရွက်ဆွဲ
မနေနိုင်အောင်ပဲ ပြောချင်
သည်းခံနိုင်လွန်းတဲ့ လူတွေကိုလည်း
ဘုရားမဖြစ်နိုင်ကြောင်း ပြောချင်။
၂၁ ရာစု လူသားတွေအတွက်
ကမ္ဘာဦးတရားလည်း ဟောချင်။

(အင်း....) ရင့်သီးနေတဲ့ ငါ့ကဗျာတွေ
အချိုသတ်ဖို့
စိတ်ကောက်နေတဲ့ ချစ်သူလေးအတွက်
လိုအပ်လို့...
ကံကိုယုံနေတဲ့ သည်လူသားတွေ
တရားချဖို့
ဟောသည်ကောင် ယောဟန်အောင်က ပြောချင်နေတာများ
ငါ ဟစ်ပ်ဟော့ဆိုရရင် ကောင်းမလား။ ။

ယောဟန်အောင်
စက် ၅၊ ၂၀၀၃။ (ရေး) ဇွန် ၂၀၊ ၂၀၀၇ (ထပ်ပြင်)။

3 comments:

ဂျစ်တူး - gyit_tu said...

ကောင်းသလားမမေးနဲ့ ဒီကဗျာသိပ်ကြိုက်ခဲ့း)

chaos said...

လာလည်တာကြာပီ
ဒီကဗျာကိုဒီနေ့မှဖတ်မိတယ်
ကောင်းတယ်ကိုယောဟန်

Anonymous said...

kool!

Recent Comments