Pages

Monday, June 11, 2007

ဘလော့ဂို ပိုးဝက် (ဘလော့ကဗျာဆရာ) -၂

ဘလော့ဂိုပိုးဝက် ၂

စပိုက်ဒါမင်း ၁-၂-၃ ကို အားကျလို့မဟုတ်ပါဘူး။ ဆက်ရေးမယ်လို့စဉ်းစားထားပြီး ကြာနေတဲ့ အဆက်ကိုဆက်ရေး ဖြစ်တာပါ။ ပြီးရင်တော့ ၃-၄ တို့ လာဦးမလား မသိဘူး။ ရေးဖြစ်မယ်တော့ထင်ပါတယ်။

ဆက်မရေးဖြစ်တဲ့ အကြောင်းကလည်း အမျိုးမျိုးပါပဲ။ ကျနော် အမေရိကန်ကနေ ထိုင်းနိုင်ငံကိုပြန်ရောက်လာပြီး ကာလအတော်ကြာကြာ အင်တာနက်ကောင်းကောင်းသုံးလို့မရဘူး။ အီး-မေးလ်ချက်တာလောက်တော့ရတာ ပေါ့။ သို့သော်လည်း သူများဘလော့တွေကို သွားလည်ပတ်ဖို့၊ ကိုယ့်ဘလော့ထဲမှာ စိမ်ပြေနပြေထိုင်ရေးဖို့ကျ တော့ မလွယ်လှဘူး။ ဘလော့နဲ့ဝေးနေတော့လည်း နေထိုင်မကောင်းချင်သလိုလိုတော့ ဖြစ်တာပေါ့လေ။ နောက်ပြီး အလုပ်မအားတာလည်း ပါတာပေါ့လေ။ နောက်တော့ ကျနော်အိမ်မှာ ဟိုက်-စပိဒ်အင်တာနက် တပ်လိုက်တယ်။ ဟိုက်-စပိဒ်သာဆိုတယ်။ နယ်မြို့ကလေးမှာဆိုတော့ အင်တာနက်ကကျတဲ့ အခါကျလိုက်။ မရတဲ့အခါ မရလိုက်ဖြစ်ရတယ်။ နောက်ပြီး ပြဿနာတွေက ဆက်တိုက်လာပါလေရော... ယူကျု (Youtube) မှာ ထိုင်းဘုရင်မင်းမြတ်ကို ပုတ်ခတ်စော်ကားထားတဲ့ ဖော်ပြချက်အချို့ပါတယ်ဆိုပြီး၊ ပိတ်လိုက်ပါလေရော။ အခုအချိန်အထိပါပဲ။ ကိုယ့်ဘလော့မှာတင်ထားတဲ့ “ယူကျု”က ပုံတွေကိုတောင် ကိုယ် ပြန်ကြည့်မရတော့ဘူး ဖြစ်သွားတယ်။ Youtube ပိတ်ထားတာတော့ ယခုကာလတိုင်အောင်ပါပဲ။ ပိတ်ခါစက ဆီပုံးလို့ ကျနော်တို့ ဘလော့ဂါတွေ ခေါ်နေတတ်ကြတဲ့ C-Box တွေတောင် ဖတ်မရတော့ပါ။ အခုတော့ ပြန်ဖတ်လို့ရပါတယ်။ သို့သော်လည်း ဘန်ကောက်လိုမြို့ကြီးမှာတော့ Blog တွေကို ကြည့်နိုင်သော်လည်း၊ တလောကအထိ နယ်မြို့ ကလေးတွေမှာ ကျနော့ဘလော့ကိုတောင် ကျနော်ပြန်တက်ကြည့်လို့မရတော့ပါ။ အဲသည်တော့ ကျနော်လည်း ဆင်ဆာတည်းဖြတ်မှုရဲ့ဒဏ်ကို အတော်ခံလိုက်ရပါတယ်။ အဲသည်တော့မှ မြန်မာပြည်ထဲမှာ နေနေတဲ့ ကျနော် တို့ရဲ့ စာရေးဆရာတွေရဲ့ စာပေစီစစ်ရေးဆင်ဆာကြားက လှုပ်ရှား မီးနဲ့ကစားနေကြရတဲ့ဘ၀ကို အတော်စာနာ မိပါတော့တယ်။ ဆင်ဆာဆိုတာ အတော်ဆိုးသားပါလား။

ဆင်ဆာကိစ္စတွေဆိုလို့ ကျနော်ဖတ်ခဲ့ရတဲ့ဖြစ်ရပ်ကလေးတခုကို သတိရပါတယ်။
သောမတ်ဖရီးမင်းရေးတဲ့ “ကမ္ဘာပြားပြီ” ဆိုတဲ့ စာအုပ်ထဲကပါပဲ။ ဆရာကိုကျော်ဝင်းဘာသာပြန်တဲ့ မြန်မာမူ လည်း ရှိပါတယ်။

အဲသည်မှာ အဖြစ်အပျက်ကလေးတခုက သည်လိုဆိုပါတယ်။

အမေရိကန်နိုင်ငံမှာ CBS News ရဲ့ တနင်္ဂနွေမနက်သတင်းတင်ဆက်တဲ့ ဘော့ ရှစ်ဖာက ပြောပြတဲ့ အဖြစ် အပျက်ကလေးပါ။ အချိန်ကတော့ ၂၀၀၄ ခုနှစ်၊ အောက်တိုဘာလရဲ့ နေ့ရက်တရက်ပေါ့။ သူက သတင်း စတူဒီယိုထဲက ထွက်လာတော့ သူ့ကို လူငယ်ကလေးတဦးက စောင့်နေတယ်။ အင်တာဗျူးချင်ပါတယ်လို့ ဆိုလာတယ်။ ဒီလိုပါပဲ။ အမေရိကန်နိုင်ငံမှာ သတင်းဌာနတခုက မှတ်ချက်အပေးကောင်းသူ၊ ဝေဖန် ပိုင်းခြားသုံးသပ်နိုင်သူ တွေကို အခြားသတင်းဌာနကြီးတွေဖြစ်တဲ့ CNN, ABC, NBC စသဖြင့် သတင်းဌာန တွေကလည်း လူလွှတ်ပြီး မေးခိုင်းနေကြပါ။ ဒါပေမယ့် ဒီလူငယ်က ဒီလိုသတင်းဌာနကြီးတွေက မဟုတ်ပါဘူး။ သူက DC Online Journal လို့ခေါ်တဲ့ ကိုယ့်ဘာသာထောင်ထားတဲ့ အင်တာနက် အွန်လိုင်းသတင်းစာက သတင်းထောက်တဦးလို့ ကိုယ့်ကိုယ်ကို မိတ်ဆက်လာပါတယ်။ ဘော့ ကတော့ လက်ခံအင်တာဗျူး လိုက်တယ်တဲ့။ အင်တာဗျူးပြီးတော့ ဓါတ်ပုံ ရိုက်ပါရစေ ဆိုလာပြန်တယ်။ ကြည့်လိုက်တော့လည်း ကင်မရာ မတွေ့ရပါ။ ဘာနဲ့ ဓါတ်ပုံရိုက်မှာလည်း၊ ၀ါရင့် ဂျာနယ်လစ်ကြီး ဘော့ စဉ်းစားလို့မှမဆုံးသေး။ သတင်းထောက် ပေါက်စလက်ထဲက ဆဲလ်ဖုန်းကလေးက အရောင်လက်သွားပါတယ်။ ဖုန်းက ကင်မရာကလေးကို သုံးလိုက် တာပါ။ နောက်တော့ သူက သူရဲ့အင်တာနက် သတင်းစာကိုရှာဖတ်နိုင်မယ့် လိပ်စာကို ပေးခဲ့ပါတယ်။ သတင်းထောက်ကြီး ဘော့ကတော့ ဇဝေဇ၀ါနဲ့ ကျန်ခဲ့တာပေါ့။ ဒီလိုနဲ့ပဲ အိမ်ကိုပြန်ခဲ့ရတယ်။

နောက်တနေ့တော့ မှတ်မှတ်ရရဘော့က သတင်းထောက်လူငယ်လေးရဲ့ အင်တာနက်ဝက်ဆိုဒ်ကို စောင့်ကြည့် ဖြစ်တယ်လို့ ပြောပြပါတယ်။ ဘော့ရဲ့ဓါတ်ပုံရော၊ အင်တာဗျူးရော အတိအကျဖော်ပြထားပေးတာကို တွေ့လိုက် ရတယ်။ ဒါတွင်မက အခြားသတင်း၊ အမြင်တွေကိုလည်း (၃၀၀) ကျော်ရှိနေတာကို တွေ့လိုက်ရတယ်။ ဒီလောက်သတင်းတွေကို အချိန်တိုအတွင်း၊ မြန်မြန်ဆန်ဆန် စီစဉ်နိုင်တာက အံ့သြစရာ။

သည်လိုအကြောင်းကြောင့်ပဲ စာရေးဆရာ သောမတ်ဖရီးမင်းက အဲဒီလူငယ်သတင်းထောက်ဘီးလ် အာဒိုလီနို နဲ့ တွေ့ဆုံမေးမြန်းဖို့ အကြောင်းဖြစ်လာတယ်။ သူ့အတွက် စိတ်ဝင်စားဆရာဖြစ်လာတယ်။ ဒီလူငယ်ကလေး က သူ့အတွက် သတင်းစာတိုက်ထောင်လိုက်တာက ဘာမျှအရင်းမကြီးဘူး။ သူမှာရှိတဲ့ ပစ္စည်း ကရိယာတွေ ကလည်း ဘာမျှအဆန်းအပြား မပါဘူး။ MP 3 လို့ခေါ်တဲ့ အသံဖမ်းစက်ကလေးပါတယ်။ ဓါတ်ပုံရိုက်နိုင်တဲ့ ကင်မရာလက်ကိုင်ဖုန်းပါတယ်။ သည်လိုနဲ့ လူတဦးတည်းကကျဲနေတဲ့ သတင်းစာတိုက်ဖြစ်လာတော့တယ်။ လွန်ရော၊ ကျွံရော အရင်းအနှီးဒေါ်လာ (၂၀၀) မျှနဲ့ သတင်းမီဒီယာကြီးကို ထူထောင်နိုင်ခဲ့တယ်လို့ ဒီလူငယ်ကလေးက ပြောပြတယ်။

သတင်းနည်းပညာတိုးတက်မှု၊ နည်းပညာပေါက်ကွဲမှုတွေက အခြေအနေတွေကို ဒီလိုပြောင်းစေခဲ့တယ်။ လူတယောက်ထဲနဲ့လည်း သတင်းစာတိုက်ဖြစ်နိုင်သလို၊ သတင်းစာကြီးတွေက ဖော်ပြမပေးသေးတဲ့သတင်း တွေကိုလည်း ကိုယ့်ဘာသာတင်နိုင်တယ်။ ပင်မရေစီး မီဒီယာကြီးတွေက ပိုက်ဆံ၊ ငွေကြေး၊ အကျိုးစီးပွားကို ကြည့်ပြီး မဖော်ပြနိုင်တဲ့သတင်းတွေက အများကြီး။ ဒီကွက်လပ်ကို ဒီလိုလူငယ်သတင်းထောက်တွေက ၀င်ဖြည့်နေကြတယ်။ ဒီလူငယ်သတင်းထောက်က ပြောတယ်။ “တကယ်တော့ လွတ်လပ်တဲ့ဂျာနယ်လစ်ဆိုတာ ဘလော့လှုပ်ရှားမှုနဲ့ ညီအစ်ကိုဗျ။ ဒီနေ့ ဈေးကွက်စုတွေရဲ့အသံကို ဒီမီဒီယာကြီးတွေက မကြားချင်ဘူး။ မကြားချင်ယောင် ဆောင်နေတာလည်း ဖြစ်နိုင်ပါတယ်။ ဒီအသံကို ကျယ်ကျယ်လောင်လောင်ဖွင့်ပြနေတာ ကတော့ ဘလော့ဂါတွေပဲ” လို့ ပြောတယ်။ ကျနော်တို့လိုပေါ့ဗျာ။

ကျနော်တို့မှာ ရွေးချယ်စရာပိုလို့ များလာနေတယ်။ အရင်းအနှီးလည်း များများမလိုပါ။ ယခင်ကလို သတင်းစာ တိုက်ကြီးထောင်ရန် မလိုသလို၊ ကျနော်တို့လို ကဗျာပိုးထသူများအတွက်လည်း စာအုပ်ထုတ်၊ ကဗျာစာအုပ်ကို မရှိမဲ့ ရှိမဲ့ပိုက်ဆံကလေးစုပြီးရိုက်၊ မိတ်ဆွေများကို အတင်းလက်ဘက်ရည်တိုက် လိုက်ရောင်းနေဖို့ မလို တော့ပါ။ ကိုယ်ရေး၊ ကိုယ်ဖတ် ကြိုက်တာလုပ်လို့ ရနေပါပြီ။ စိတ်တူသူတွေက ရှာဖတ်လာလိမ့်မပေါ့။ ရေးဖို့သာ လိုပါတော့တယ်။

ဒါပေမယ့် သဘောတူ ဖတ်သူတွေက များသားပါ။ ဒီလိုနဲ့ ဒီနေ့ အမေရိကန်နိုင်ငံတွင် ဒေးလီးကို့စ် www.dailykos.com ကို ဖတ်နေသူတွေက သန်းနှင့်ချီ ရှိလာနေတယ်။ အချို့မျက်စေ့ကျနေသူများက ဒီဆိုဒ်ကို ၀ယ်ပါရစေလုပ်လာကြတယ်။ ကြော်ငြာထည့်ပါရစေဟု ဆိုလာကြတယ်။ ဒါပေမယ့် သူက မရောင်း ဘူး၊ ကျနော်ရေးချင်တာ ကျနော်ရေးနေတာ၊ ရောင်းဖို့မဟုတ်ဘူးဆိုပြီး အပြတ်ငြင်းလွှတ်တယ်။ (မှတ်ချက်။ ကျနော့ဆိုဒ်ကိုလည်း ရောင်းရန် မရည်ရွယ်ထားပါ။ ကြိုပြောထားတာပါ။)

ဘလော့ဂါများတွေရဲ့ အားကောင်းချက်က သွက်လက်ချက်ချာပါတယ်။ ကိုယ့်ဘာသာဆုံးဖြတ်ဖန်တီးနိုင်ခွင့်ရှိနေ တယ်။ သတင်းဌာနကြီးက မမြင်တာတွေကိုမြင်တယ်။ ဆင်ဆာတွေကို ကန့်သတ်ချက်တွေကို ဂရုစိုက်နေစရာ မလိုဖူး။ ဒီလိုနဲ့ ပင်မရေစီးသတင်းမီဒီယာ (Mainstream media) တွေက သူ့နောက်ကို လိုက်ဖို့ဖြစ်လာရတယ်။ ဘီဘီစီဆိုလျှင် ဘလော့ဂါတွေနှင့် တွဲဖွင့်ထားရပါပြီ။ ထိုင်းနိုင်ငံမှာရှိနေတဲ့ ဘန်ကောက်ပို့စ်၊ သည်နေရှင်း သတင်းစာတွေတောင် ဘလော့ဂါများအတွက် နေရာထားပေးလာရတယ်။

တလောက အမေရိကန်နိုင်ငံမှာ သမတရွေးကောက်ပွဲ ၀င်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေက သူတို့ ယှဉ်ပြိုင်မယ့် အကြောင်းကို ယခင်ကလို သတင်းစာရှင်းလင်းပွဲတွေလုပ်၊ ကြော်ငြာမနေကြတော့ဘူး။ သူတို့ လွှင့်ထားတဲ့ အင်တာနက်စာမျက်နှာထဲမှာပဲ ၀က်ဘ်ကပ်စ် (Webcast) လုပ်၊ ထုတ်လွှင့်ကြေငြာခဲ့ကြတာကို ထူးထူးခြားခြားတွေ့ရတယ်။ ပြီးပါလေရော။ တီဗွီ၊ သတင်းဌာနကြီးတွေကတောင် ဒီသတင်းတွေက သတင်းဦး၊ သတင်းထူးဖြစ်နေတော့ ကွန်ပြူတာဖန်သားပြင်ပေါ်က ပုံတွေကို တီဗွီကင်မရာကြီးတေနဲ့ ပြန်ရိုက်ပြီး၊ ထုတ်လွှင့်ခဲ့ကြရတာကို ကျနော် တွေ့ခဲ့ရတယ်။ ပင်မရေစီး မီဒီယာကြီးတွေ နောက်သို့ရောက်သွားပြီလောလို့ တောင် တချို့ပညာရှင်တွေကလည်း စောကြောမေးခွန်းထုတ်လာကြရတယ်။

အမေရိကန်အစိုးရနဲ့ သတင်းမီဒီယာကြီးများက ဆက်ဒမ်ဟူစိန်ကွပ်မျက်ပွဲကို စနစ်တကျနဲ့ အဆုံးသတ်ခဲ့ သယောင်ဖော်ပြနေကြစဉ်မှာပဲ၊ တယ်လီဖုန်းကင်မရာနဲ့ မှတ်တမ်းတင်ထားတဲ့ ဗီဒီယိုတခုကြောင့် မီဒီယာ လောကကြီး တခုလုံး သဲသဲလှုပ်ရှားဖြစ်ခဲ့ကြရတယ်။ ဗုံးကွဲသွားကြရတယ်။ ထိုင်းနိုင်ငံမှာလည်း တယ်လီဖုန်း ကင်မရာတွေနဲ့ ရဲတွေရဲ့လာဘ်ပေးလာဘ်ယူမှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို မှတ်တမ်းတင် ဖော်ပြ လာကြတာတွေ တွေ့လာရတယ်။ နည်းပညာကြောင့် ဆိတ်ကွယ်ရာမရှိ ဆိုရမလားပဲ။ စက်မှုနည်းပညာ တခေတ်ဆန်းမှုက ကျနော်တို့လူထုတွေအတွက် ပိုပွင့်လင်းလာစေတယ်။ ပိုအားရှိလာစေတယ်။ လူတယောက် က သတင်းစာတိုက်ဖြစ်နိုင်သလို၊ မီဒီယာလောကမှာ ခရာမှုတ်သူ (Whistle blower) တွေ များလာတယ်။ အမှန်တရားဆိုတာ တနေရာတည်းမှာ စုနေတာမဟုတ်ဘူးဆိုတာ ပေါ်လွင်လာပါတယ်။ အမှန်တရားက အများကြီးရှိနေနိုင်တယ်။ ရှုထောင့်စုံကရှိနေနိုင်တာကို ပြောလာကြတယ်။

ရှိစေတော့။
ကျနော်ဆိုချင်တာက ဘလော့ဂါတွေ ခေတ်ကောင်းလာလိမ့်မယ်။ ဆက်ရေးကြဖို့ပဲ လိုတယ်။ ကျနော်တို့ ဆဲလ်ဖုန်း၊ MP 3 Player ရှိရုံနဲ့ပဲ သတင်းစာတိုက် ကိုယ့်ဘာသာထောင်နိုင်သေးတယ်ဆိုရင်၊ ကဗျာဆရာတွေ အတွက် လက်သွေးဖို့နေရာ အများကြီးရှိနေတယ်။ စာရေးဆရာတွေအတွက်လည်း သူများပယ်ချဖို့ ပူပန်စရာ မလိုတော့ဘူး။ ကလောင်သစ်တွေလည်း ၀မ်းလျှားတချက်မှောက် ကဗျာတပုဒ်ထွက် လက်သွေးနိုင်ပြီပေါ့။ သူများဖတ်ဖို့ဆိုရင်တော့ နည်းနည်းကြိုးစားရမှာပေါ့။

ကျနော်ကတော့ ကိုယ့်နိုင်ငံက ဆင်ဆာစီစစ်ရေးကိစ္စတွေကိုပါ စဉ်းစားကြည့်မိနေတယ်။ ကျနော်တို့ နိုင်ငံမှာ စာရေးဆရာတွေက ရေးချင်တိုင်းရေးမရ၊ လက်တွေကို ချုပ်ထားခံနေရတယ်။ ပုံနှိပ်ဖော်ပြဖို့ နေရာလေး တကွက်အတွက် အတော်ခက်တယ်။ ဘာမဟုတ်သည်လေးနဲ့ပဲ ငွေမင်သုတ်ခံရတယ်။ ဆုတ်ဖြဲခံရတယ်။ နားမလည်လို့ ပယ်လိုက်တာလည်း ရှိနိုင်တာပေါ့။ တလွဲအဓိပ္ပါယ်ကောက်ပြီး ဖြုတ်ချထားခဲ့တာတွေလည်း ဖြစ်နိုင်တာပေါ့။ ကျနော်က ဒီကိစ္စတွေကို စဉ်းစားရင်း မြန်မာစာရေးဆရာ၊ ကဗျာဆရာတွေ ဘလော့ လုပ်ကြလျှင်ကောင်းမယ်လို့ စာရေးဆရာမ မမေငြိမ်းကို ပြောဖြစ်ပါတယ်။ ဒီလိုဆိုလျှင် စာပေစီစစ်ရေးကို ကျော်လွှားနိုင်မယ်။ ကိုယ်ကြိုက်လို့ ကိုယ်ရေးထားတာတွေကိုလည်း စုစည်းဖော်ပြနိုင်လိမ့်မယ်လို့ ပြောမိပါ တယ်။ virtual space လို့ခေါ်တဲ့ နယ်ခြားမဲ့တဲ့လေဟာမှာ ကျနော်တို့ ကဗျာတွေရေးကြတာပေါ့။ ဖတ်သူတွေက ဖတ်ကြမှာပေါ့။

မြန်မာစာရေးဆရာ၊ ကဗျာဆရာတွေ မပူကြနဲ့။ ဘလော့လာပြီလို့ ကျနော်က ကြွေးကြော်ချင်လာတယ်။
ဘလော့ဂို ပိုးဝက်တွေ ဖြစ်နိုင်ပြီမဟုတ်လား။ .....

ဒါပေမယ့်လည်း ဆရာမ ဒေါ်မေငြိမ်းက ပြန်ပြောပါတယ်။
“ရှင့် စာရေးဆရာတွေက ကွန်ပြူတာမှမရှိတာ။ အင်တာနက်ဆိုင်မှာ သုံးကြဖို့ဆိုတာကလည်း ဈေးကသေးတာ မဟုတ်ဘူး။ စိမ်ပြေနပြေ ဘလော့ထိုင်ရေးနေရင် ဘယ်သူကကျွေးထားမှာတုန်း။ မီးကရော မှန်မှန်လာလို့လား” လို့ ပြန်ပြောပါတယ်။
သည်လိုတော့လည်းဟုတ်သား......။

ယောဟန်အောင်
၂၀၀၇ ခုနှစ်၊ ဇွန်လ ၁၁ ရက်။


1 comment:

Anonymous said...

ko yaw han aung,
writers in our country are unlucky.
They don't have computer knowledge, proper internet access and opportunity for blogging. I feel sorry for them.

Some bloggers and writers in Rangoon (and abroad) can create the BLOGs for them. They deserve to have it and we also deserve to visit those blogs.
Hopefully, there will be some volunteer bloggers in the near future for our unlucky writers.

Recent Comments