ကျနော့ကဗျာလေးကို ဆရာမမေငြိမ်းက ခံစားပြီး၊ မိုးမခအင်တာနက်ရေဒီယိုမှာတင်ထားတယ်။ ကျေးဇူးတင်ပါတယ် ဆရာမ။ ဒီဆောင်းပါးလေးကို ဒီနေရာမှာ မှတ်တမ်းအဖြစ် ပြန်ဖော်ပြလိုက်ပါတယ်။
သူငိုရင် တကမ္ဘာလုံးလှုပ်တယ်
မေငြိမ်း
သူငိုရင်
တကမ္ဘာလုံးလှုပ်တယ်။
သမီးရယ်
မငိုလိုက်ပါနဲ့
ဖေဖေ့ဘ၀ဟာ
တချိန်လုံး ကမ္ဘာလှုပ်ခဲ့ရသူပါကွယ်...။
သမီးကိုယ်တိုင်က ဖေဖေ့အတွက် ကမ္ဘာတစ်ခုပါကွယ်။ သမီးငိုတဲ့အခါ ဖေဖေဟာ နိုင်ငံမရှိတဲ့လူတစ်ယောက်ရဲ့ ဘ၀ကို ပိုငတ်လာသလို ခံစားရတယ်။ သမီးသိလား.... ဒီမှာ ဘယ်လောက်ပဲ သာယာနာပျော်ပါစေ။ ဒါ ဖေဖေ တို့အတွက် တကယ့်ပျော်စရာမြေမဟုတ်။ တကယ်က ဖေဖေတို့ရှိနေရမှာက ဖေဖေတို့ရဲ့သွေးသားတူ အဆွေအမျိုးတွေရှိတဲ့၊ ကိုယ့်မြေဆီမှာ ရှိရမှာ။ အဲဒီမှာ သမီးရဲ့အဖိုးအဖွား အဒေါ်ဦးလေးတွေ၊ ရှိနေတာ။ သမီး ...သိရဲ့လား။ ပြီးတော့ အဲဒါကမှ ဖေဖေတို့ရဲ့ တကယ့်ဘ၀၊ မေတ္တာတရားနဲ့ တည်ဆောက်ထားတဲ့ ကမ္ဘာပါ သမီးရယ်။ အဲဒါဟာ အမိမြေပေါ့။ ဒါပေမယ့် အဲဒီကမ္ဘာကို ဖေဖေဆုံးရှုံးခဲ့ရတယ်။
နောက်တော့နှစ်ကာလတွေ အများကြီး....အတုန်တုန်အလှုပ်လှုပ် ကမ္ဘာ-ကမ္ဘာတွေထဲ ဖေဖေလူးလူးလိမ့်လိမ့် မျော။ ဗြုန်းကနဲ....ကမ္ဘာသစ်တစ်ခုနဲ့ တည့်တည့်ဝင်တိုး။ ဖေဖေ့အတွက်တော့ ချစ်ခြင်းမေတ္တာနဲ့ ပတ်သက်ရင် အစွမ်းကုန် ငတ်မွတ်နေရှာတဲ့၊ ဖေဖေ့အတွက်တော့ သူဟာ...ဖေဖေ့ရဲ့ နိုင်ငံတော်၊ ကမ္ဘာသစ်တစ်ခုပါ။ အဲဒါ သမီး မေမေပေါ့။ သူ့ခမျာ ဖေဖေ့ရဲ့မပြည့်သေးတဲ့ ခန္ဓာတစ်ခြမ်း ဖြစ်လာရရှာတယ်။ ဖေဖေကတော့ သူ့ရဲ့ အဖြည့်မှာ ပြည့်စုံ။ ဟော....နောက်တော့ ဖေဖေနဲ့ မေမေပူးပေါင်းပြီး၊ နောက်ထပ်ကမ္ဘာသစ်လေးတစ်ခု ထပ် ဖန်ဆင်း။ သမီးကျတော့ ဖေဖေရဲ့ဖြစ်တည်မှုကို ပြီးပြည့်စုံသွားစေတဲ့ ကမ္ဘာကြီးတစ်ခုလုံးပေါ့ကွယ်....။
xxxx
သမီး... မသိဘူး။
လိုအင်ဆန္ဒဆိုတာ ငိုလို့ရခဲ့တာမရှိဘူး။
ဖေဖေ့ဘ၀ဟာ
အပြာ...ဘီလူးအပြာဂီတ
လုံခြုံမှုနဲ့ တည်ငြိမ်မှုဆိုတာ
ကမ္ဘာရွာကြီးမှာ ဘယ်မှာရလို့တုန်း။
ဂလိုဘယ်လိုက်ဇေးရှင်းကာလကြီးပါ သမီးရယ်။
ဘ၀တွေထဲ ဖေဖေတို့ကိုယ်တိုင် ဘယ်လောက်ငိုကြွေးခဲ့ကြသလဲဆိုတာ သမီးမသိပါဘူးကွယ်။ လွတ်လပ်ရေးနဲ့ ငြိမ်းချမ်းရေးရဖို့ နည်းမျိုးစုံနဲ့တိုက်ပွဲဝင်ရင်း အသက်စွန့်သွားတဲ့ ဖေဖေတို့ရဲ့ ရဲဘော်သူငယ်ချင်းတွေအတွက်..
ဘ၀တစ်ခုလုံးကို ပြည်သူလူထုအတွက်သက်သက် ပေးဆပ်နေတဲ့ အမေတစ်ယောက်အတွက်....အစိုးရဆိုးရဲ့ နှိပ်စက်မှုအောက်မှာ လူပီသတဲ့ဘ၀တွေကို အဆုံးရှုံးခံနေကြရတဲ့ ပြည်သူလူထုကြီးအတွက်... ပြီးတော့၊ သား သမီးတွေကို နိုင်ငံရေးထဲထိုးအပ်လိုက်ရရှာတဲ့ မိဘတွေအတွက်...အဲသလိုပဲ မိဘတွေကို နိုင်ငံ့အရေးထဲ ထိုးပေးလိုက်ရရှာတဲ့ သားသမီးတွေအတွက်....ဖေဖေတို့ ဘယ်လောက်ငိုခဲ့ပြီးပြီထင်လဲ...သမီးရေ။ ခုထိတော့ လိုတာတွေကို ဘာတစ်ခုမှ မရသေးပါဘူး သမီးရယ်။ လူမဲတွေအတွက်တော့ သူတို့ရဲ့ အဖိနှိပ်ခံဘ၀နဲ့ ငတ် မွတ်ရသမျှအတွက် ရင်ဖွင့်ညည်းစရာဟာ Blues ဂီတတဲ့။ ဖေဖေ့မှာတော့....ကိုယ်တိုင်ကိုက Blues တေးသွား တစ်စပါ။ အခုထိ... ပြည်သူလူထုကို ကယ်တင်ဖို့ မဆိုထားနဲ့။ မျက်ရည်တို့ ဆိပ်သုဉ်းရာအရပ်ကိုတောင်မှ ရှာ မတွေ့နိုင်သေးသူ...။
xxxxx
ဖေဖေတို့မက်ခဲ့တဲ့ အိပ်မက်တွေ အကြောင်းပြောပြဦးမယ်။ ဒါပေမယ့် သမီး မငိုရဘူးနော်။ ဘယ်တုန်းကမှ လူ သတ်ဖို့ မစဉ်းစားခဲ့တဲ့ ခေတ်ပညာတတ် လူငယ်လေးတွေပေါ့သမီးရယ်..။ သေနတ်တွေထမ်းလို့ တောတွေ ဖြတ်၊ တောတွေဖြတ်နဲ့ ခရီးကြမ်းတွေထပ်ခဲ့ကြတယ်။ တချို့က ကျဉ်းကျဉ်းကျပ်ကျပ်နံရံလေးဘက်တွေထဲ အိမ်မြှောင်တွေ၊ ပိုးဟပ်တွေအဖြစ်၊ မက်တာမက်ဖောဆစ်တွေ ဖြစ်ကြ။ အဲဒီလူငယ်လေးတွေဟာ ရှိနေကြရတဲ့ နေရာဒေသတွေ မတူလဲ၊ အိပ်မက်ကတော့ တူကြတယ်၊ သူတို့အိပ်မက်ထဲမှာ ငြိမ်းချမ်းသာယာတဲ့နိုင်ငံနဲ့ ပျော် ရွှင်တက်ကြွတဲ့ နိုင်ငံသားတွေပါတယ်။ စိုပြေစိန်းလမ်းတဲ့ သူတို့ရဲ့မြေမှာ သူတို့အားလုံး အတူတကွရှိကြတဲ့ မြင် ကွင်းပါတယ်။ ဒီလောက်ပါပဲ သမီးရယ်....။ သမီးရယ် ....သူတို့တွေဟာ သိပ်ရိုးစင်းခဲ့ကြပါတယ်။ ပြီးတော့ ဒါဟာ လူသားအားလုံးရဲ့ အိပ်မက်လည်းဖြစ်တယ်လို့ ဖေဖေယုံတယ်။ ဒါပေမယ့် သမီးရယ်.....
အိပ်မက်တွေဆိုတာလည်း
တကယ်မဖြစ်ဘူး။
ကမ္ဘာကုန်သွယ်ရေးမျှော်စင်ကြီးလည်း
ဒေါင်းဂျုန်းလို ထိုးစိုက်ဆင်းခဲ့ရ
လူ (၃၀၀၀) ကျော် အိပ်မက်တွေဟာ
တမဟုတ်ချင်း ပြာဖြစ်သွားတယ်။
ဘာကြာသေးလို့လဲ သမီးရယ်။
ဒါနဲ့ပဲ
ဗုံးမိုးကြဲ
အာဖဂန်မှာလည်း သေကြပြန်တာပဲ။
xxxx
ဆက်ဒမ်ဟူစိန်ရဲ့ အကြမ်းဖက်မှုကို ဖြေရှင်းနိုင်ဖို့တဲ့။ အီရတ်မှာ သွေးချောင်းစီးသွားတယ်။ ဘယ်လိုလဲ....အဲဒီမှာ တကယ်ပဲ ပြေလည်သွားပြီလား။ အမေရိကားမှာ ကမ္ဘာ့ကုန်သွယ်ရေးမျှော်စင်ကြီး အတိုက်ခိုက်ခံရတော့ အာဖဂန်နစ္စတန်မှာ အလောင်းတွေပုံသွားတယ်။ ကဲ...တကယ့်တရားခံကို လက်စားချေ နိုင်ပြီလား။ အဏုမြူဗုံးနဲ့ ဟီရိုရှီးမားအလွမ်းဇာတ်တောင် မျက်ရည်မခြောက်သေးခင်၊ ဓါးစာခံပြည်သူတွေ ခမျာ မှာပဲ၊ အလဲလဲအကွဲကွဲ။ အမြဲတမ်းကံဆိုးရရှာသူတွေက ပြည်သူလူထုပဲ။ တဘက်သတ်ဇာတ်က နာလှချည့်။ ဒီလို အလွမ်းဇာတ်ထဲမှာပဲ အမုန်းဇာတ်ကောင်တွေ၊ ပေါက်ဖွားခဲ့တာ...။ ဟစ်တလာ...စတာလင်... ချောင်ချက် စကူး.... ပိုပေါ့.....တို့ကနေ...နေ၀င်း၊ ခင်ညွန့်၊ သန်းရွှေအထိ...။ ပြောနေရတာကိုက အနာလိုကိုက်တယ် သမီး ရယ်။ ပြီးတော့ မီးလိုလောင်မြိုက်တယ်။ တကယ်တော့ ငိုကြွေးတောင်းဆိုနေရတာကိုက ကိုက်ခဲလောင်မြိုက် နေရခြင်းတွေလေ..။ ဒါကြောင့်......
သမီးငိုတာ တောင်းဆိုတာမှန်း ဖေဖေသိတာပေါ့။
တောင်းတာမပြည့်ရင် ဒေါသဖြစ်ပြန်ရော၊
စိတ်ကြီးသူတွေရဲ့ ဒေါသတွေက အမုန်းတွေဖြစ်
အမုန်းတွေက ရက်စက်မှုတွေဖြစ်
ရက်စက်မှုတွေကို ရက်စက်မှုတွေပြန်ဖြစ်
မေတ္တာကို သိပ်မပြောကြတော့ဘူး။
အချစ်လည်း သိပ်မပြောကြတော့ဘူး။
ဈေးကွက်နဲ့ စစ်ပွဲပဲ ပြောကြတယ်။
သမီးရေ...
မငိုပါနဲ့
ဖေဖေချစ်ပါရဲ့။
xxxxx
ကမ္ဘာကြီးမှာ ပိုယှက်နွယ်လာ
ဘာတွေမှန်းမသိတဲ့ သတင်းတွေက ပိုများများလာ
ဖေဖေ့နေရာနည်းနည်းလာ
သမီးရေ...
ကမ္ဘာ့ရွာမှာ အိုးအိမ်မဲ့
ဖေဖေလည်း သမီးတောင်းတိုင်းပေးနိုင်ရဲ့ မထင်ပါဘူးကွယ်။
xxxx
သမီးရေ.....လောလောဆယ်တော့ ကမ္ဘာကြီးက သတင်းခေတ်ဆိုပဲ။ ရသဆိုတဲ့ စကားလုံးလည်း မျိုးတုန်းတော့ မယ်ဆိုပဲ။ ဒါပေမယ့် ဖေဖေကတော့ လောကကိုချစ်တတ်သူတွေ၊ ရေမြေသဘာဝကို မြတ်နိုးတတ်သူတွေ၊ ချစ်ခြင်း မေတ္တာကို ယုံကြည်သူတွေဆီမှာတော့၊ ရသဆိုတာ ဘယ်တော့မှ မကွယ်နိုင်ဘူးလို့ ယုံပါတယ်။ ပြီးတော့ ရသ ဆိုတဲ့ ခံစားတတ်မှုကပဲ၊ လောကကို ကောင်းကောင်းစောင့်ရှောက်နိုင်စွမ်းတယ်လို့ ယုံတယ်။ ဒါကြောင့်ပဲ ဖေဖေ အသက်၀၀ရှုနိုင်နေတယ် ထင်ပါရဲ့..သမီးရယ်။ ဒါပေမယ့် ရသခမျာ တဖြည်းဖြည်း အင်အားနည်းလာတယ်ဆိုတာ ကိုတော့ ဖေဖေလက်ခံရမှာပါ။ ဘာလို့လဲဆိုတော့ ဖေဖေတို့ရဲ့ ကမ္ဘာ့ရွာခေတ်ကြီးကိုယ်တိုင်က အရသာနည်းလာ တာ၊ အရသာ သိပ်မရှိတော့တာလေ......။ ဖေဖေဖြင့် အချစ်ဆိုတဲ့စကားလုံးကိုတောင်မှ လွမ်းလာမိပါရဲ့။ ပြီးတော့ သမီးတို့ခေတ်မှာ အချစ်ဆိုတာကို မသိကြတော့မှာစိုးတယ်။ အထူးသဖြင့် ဖေဖေက မေမေ့ကို ချစ်သလိုအချစ်မျိုး သမီးလေးဘ၀မှာ မရဖူးလိုက်မှာကိုလည်း စိုးတယ်။
သေချာတာကတော့.......
သမီးကြီးလာရင်
အလွန်ရိုးသားတဲ့ ဆက်ဆံရေးတွေ
အလွန်ကျိုးကြောင်းဆီလျော်တဲ့ အဖြစ်အပျက်တွေ
အလွန်လွယ်ကူတဲ့ ဘ၀တွေ ရှိလေတော့မှာ မဟုတ်ဘူး။
အကျဉ်းအကျပ် (dilemma) ဆိုတာရယ်
ကပ် (Crisis) ဆိုတာရယ် ခဏခဏကြားရလိမ့်မယ်။
xxxxx
ကမ္ဘာ့ရွာခေတ်ကြီးထဲမှာတော့ ဖေဖေ့အတွက် အစစအရာရာဟာ ဆန်းပြားနေတယ်။ အပေးအယူဆိုတဲ့ စကား လုံးနဲ့လည်း ရင်းနှီးနေရတယ်။ ဖေဖေတို့ဘ၀တွေထဲမှာတော့ အယူအတွက် မစဉ်းစားဘဲ၊ ကြည်ကြည်ဖြူဖြူ ပေးခဲ့ရတာ အပုံအပင်လို့ ထင်တာပဲလေ၊ ပြီးတော့.... မေတ္တာတရားနဲ့ရင်းနှီးပေးဆပ်ပြီး ဖြတ်သန်းခဲ့တာလည်း၊ ရာသီပေါင်းများစွာ။ အခုတော့..... ဖေဖေတို့ခမျာ တခြားကမ္ဘာက ဂြိုဟ်သားတွေလို....။ လမ်းပျောက်ပါတယ်.. ..သမီးရယ်။ ပြီးတော့ အဲဒါက ဘ၀ပျောက်တာလည်း ဖြစ်တယ်။ အဲဒီအထဲမှာ........
တချို့က ခန္ဓာကိုယ်ရောင်းစားတယ်။
တချို့က ရက်ဇူမင် (Resume) ရောင်းစားတယ်။
တချို့က သိက္ခာကိုရောင်းစားတယ်။
တချို့က နိုင်ငံကိုပါရောင်းစားနေကြတယ်။
လက်မှတ်ထိုးတဲ့လက်ဟာ မြို့ကိုဖျက်သတဲ့
ချိန်ခွင်နဲ့ ငွေကိုင်တဲ့လက်တွေလည်း မထူးပါဘူးကွယ်။
သူများတွေက အာဂျင်ဒါ (Agenda) တင်ပို့တယ်။
ယဉ်ကျေးမှုတင်ပို့တယ်
တချို့ကျတော့လည်း ကျွန်တွေပြန်တင်ပို့တယ်။
သဘာဝပတ်ဝန်းကျင်ပြန်တင်ပို့တယ်။
မြစ်တွေ ပြန်တင်ပို့တယ်။
သမီးရေ ဖေဖေတို့ရဲ့ ရဲဘော်ထူးအိမ်သင်ကတော့ သူ့အမေကို တိုင်တည်ရှာတယ်။
ကိုယ်မှန်တယ်ထင်ရင်ပြီးရော
ခေါင်းမာတတ်တဲ့ အကျင့်ကဆိုး
အသက်သာကြီးလို့သွားတယ်
ကျနော့အိပ်မက်တွေ မပြောင်းလဲ
အမေရဲ့ ဒုက္ခအိုးလေး အသည်းကွဲ...တဲ့။
ပြီးတော့
ပိုက်ဆံတစ်ပြားမှ မရှိလည်း သူသိက္ခာရှိချင်သေးသတဲ့။
ကဲ...သမီးရေ။ ဖေဖေကတော့ လိုချင်တာကို ငိုတောင်းနေတဲ့ သမီးလေးကိုပဲ တိုင်တည်ပါရစေတော့ကွယ်။
သမီးဖေဖေက ရောင်းစားဖို့ ဘာရှိလို့တုန်း
မာနချမ်းသာတာနဲ့ပဲ ငတ်နေရ
ဒါကိုပဲ
သမီး အမွေရမှာပဲ
မေမေကတော့ ကြောက်နေရဲ့။
မေငြိမ်း (ဒီဇင်ဘာ၊ ၂၀၀၆)
ယောဟန်အောင်ရဲ့ “သူငိုရင် တကမ္ဘာလုံးလှုပ်တယ်“ကဗျာကို ခံစားရေးဖွဲ့ပါတယ်။
1 comment:
ဆရာမ မေငြိမ်းရဲ့ ဆောင်းပါးကို မိုးမခမှာ ဖတ်လိုက်ရကတည်းက ဒီကဗျာလေးကို နှစ်သက်စွာ မှတ်မှတ်ရရ ရှိခဲ့ပါတယ်။
အခု ကဒေါင်းညင်သာရဲ့ ဘလော့ကတဆင့် ဆရာယောဟန်အောင် ဆိုတဲ့လင့်ခ်ကို ၀င်ကြည့်မိရာက ဒီဘလော့ကို ရောက်လာခဲ့တာပါ။
သူငိုရင် တကမ္ဘာလုံးလှုပ်တယ် … တဲ့ … ဖွဲ့တတ်ပါပေ့ ကဗျာဆရာရယ် …
သမီးရေ
မငိုပါနဲ့
ဖေဖေချစ်ပါရဲ့ … ဆိုပေမဲ့ … သမီးလေးကတော့ ခုထိ ငိုနေတုန်းပဲ ထင်ပါရဲ့နော်။
ကျမ ဘလော့တွေ တော်တော်များများ မရောက်တာကြာပြီ၊ မဖတ်ဖြစ်တာကြာပြီ … ဒီနေ့တော့ ဆရာယောဟန်အောင်ရဲ့ ဘလော့ကို အချိန်ပေးပြီး ဖတ်ဖြစ်ပါတယ်။
ဒီဘလော့ဖတ်ရတဲ့အတွက် ကဒေါင်းညင်သာကိုလည်း ကျေးဇူးတင်တယ်၊
ကဗျာတွေအတွက် ဆရာယောဟန်အောင်ကိုလည်း အထူး ကျေးဇူးတင်ပါတယ်ရှင်။
Post a Comment