Pages

Saturday, March 3, 2007

လက်ဖက်ရည်ဆိုင်


ဒီကဗျာက ရေးထားတာကြာပါပြီ။ (၁၉၉၀) လောက်ကတည်းကပဲ။ နောက်တော့ ပြန်ပြီးနည်းနည်းဖြည့်စွက် တာတွေ လုပ်ပါတယ်။ ကျနော်ဒီကဗျာရေးတော့ သူငယ်ချင်းတွေက သဘောကျကြတယ်။ ကျနော်တို့က လက်ဖက်ရည်ဆိုင် ယဉ်ကျေးမှုကိုလွမ်းတာ...။ တက္ကသိုလ်နယ်မြေက ဦးချစ်ဆိုင်ကိုလွမ်းတာ...။ ကျနော်တို့ နယ်စပ်ရောက်လာကြတော့ ဒီနယ်စပ်မှာရှိတဲ့ဆိုင်ကလေးနဲ့ပဲ အလွမ်းဖြေရတာပေါ့။
လူတွေက ဘိုင်ကျတယ်။ ဒါပေမယ့် ဒီဆိုင်မှာတော့ မဖြစ်မနေရောက်အောင် သွားထိုင်ကြတယ်။


လက်ဖက်ရည်ဆိုင်

လက်ဖက်ရည်ဆိုင်
စစ်ပြန်ကြီးတွေ စတိုင်နဲ့
ကိုယ်တို့လာထိုင်ကြတယ်။
တကယ်တော့
ဘိုင်ကျပြီး ငှက်ဖျားနဲ့ဆွေးနေတဲ့
ပြည်ပြေးကျောင်းသားတွေပေါ့...။

အီကြာကွေးအကျော်နဲ့
နက်စ်ကော်ဖီဖျော်ရောင်းတဲ့ဆိုင်ကိုပဲ
လက်ဖက်ရည်ဆိုင်ဆိုပြီး သူတို့ထိုင်ကြ
ရွာလမ်းမကို စတိုင်ကျကျ ရှုတတ်တယ်။

နယ်စပ်မျဉ်းပေါ်က ဈေးကလေးမှာ
မြို့စရိုက်ကိုပေးတာဆိုလို့ ဒီဆိုင်
လေသေနတ်တွေထိုင်ပစ်
ဦးချစ်ဆိုင်အလား ထင်လိုက်သေးတယ်။

ပြောက်ကျားဘောင်းဘီဂေါက်ဂက်နဲ့
မနက်ဆိုထွက်လာ
ရွာခမ်းလှည့်လည်တော်မူပြီး
လက်ဖက်ရည်ဆိုင်မှာ လသာတယ်...
ပြန်လာတော့ အချင်းချင်းပြောမကုန်
စုပေါင်းစပ်ပေါင်း အကုန်ကြိုက်ကြရတဲ့
အကြီးမ အငယ်မအကြောင်းလေ။

မြို့ဝေးပြဝေးမှာ အာသာဖြေဆေး
ဖျော်ဖြေရေးလည်း ဒီဆိုင်
မိဝေးဖဝေး သံယောဇဉ်ပေး
အိပ်မက်တွေမွေးတာလည်း ဒီဆိုင်။

ဒီလိုနဲ့....
တောင်ပြာတန်းနဲ့ ကျောပိုးအိတ်သီချင်းဆို
တနေရာကို သွားရဦးမယ်။
ကိုယ့်ကိုယ်ကို ခေတ်ကြီးလွယ်ထားပုံနဲ့ နှုတ်ဆက်
ထားရက်ရတော့မှာပဲ ဆိုင်ကလေးရေ...။

မလွမ်းလောက်ပါဘူး။
တံတားကြီး
ဘုရားကြီး
ချဲပွဲနဲ့ လူမိုက်တွေကြီးစိုးတဲ့ ရွာကလေးလေ...။

သေချာပါရဲ့
လက်ဖက်ရည်ဆိုင်
ကောင်တာထိုင်နေတဲ့ ပန်းကလေးဟာ
ပူပုံပန်းနဲ့ မှိုင်ငေးနေတော့မှာပဲ။
သူချစ်တဲ့ကောင်လေးဟာ
စစ်သွေးကြွ ဘာသာခြား၊ တရွာသားကျနော်လေ...။

ယောဟန်အောင် (၁၉၉၀၊ ၂၀၀၄)
ဒီကဗျာကို
 မြန်မာတီးရှော့ဖိုရမ်မှာလည်း တစ်ယောက်က တင်ထားပေးပါတယ်။

No comments:

Recent Comments