Pages

Wednesday, September 6, 2017

အမေရိကန်ကဗျာဆရာတဦးရဲ့ တကိုယ်ရေစကား (Monologue of an American Poet)

အဆုပ်ထဲက လေတွေလို
ချစ်ခင်ရသူတွေ ထွက်သွားကြပြီ
နောက်ဆုံး နှင်းပွင့်တွေကြားက ရေခိုးငွေ့တွေလို၊
အနက်ရောင် သစ်ကိုင်းများက ရေခဲများနဲ့
အချင်းချင်းရိုက်၊ တွဲအိကျနေ
သူမက ပြန်ရှူသွင်းလို့ မရနိုင်တော့ဘူး။

အပြုအမူ တခုပါပဲ။ ငါက ပါးကို ရေဆင်းပြွန်တခုရဲ့
သံချေးတက်ကိုယ်ထည်နဲ့
ပွတ်တိုက်ကြမ်းထော်စေတယ်။
ဘာကိစ္စမှ မရှိဘဲ၊ ငါရှိုက်ငိုတယ်။
သူမ ထွက်သွားပြီ။

မိတ်ဆွေတွေ ခွဲခွာသွားပြီ။
အတူခံစားခဲ့ကြရသူတွေ၊
အဖော်အပေါင်းတွေ၊
ငယ်ရွယ်တဲ့ ကွင်းပြင်များဆီကနေ
တချိန်က ဝေမျှစို့ခဲ့ကြတဲ့ နို့ချိုများကနေ
မတူခြားနား အခန်းအကန့်ငယ်များဆီ သွားကြပြီ။ 

မျှော်လင့်ချက်မဲ့၊ ပြုစုမှု အသားမကျသေးတဲ့ ခွေးသားပေါက်တကောင်လို
ပြန်မလာတော့မယ့် မိတ်ဆွေများအတွက်
ငါ တအီအီညည်းညူတယ်။

သူတို့ကို အသုံးမဝင်လှတဲ့ အကာလများမှာ ငါအဖော်ပြုခဲ့တဲ့ 
ချစ်ခင်ရတဲ့ မိန်းမပျိုများလို
မျှော်လင့်ချက်တို့ ထွက်ခွာသွားပြီ
သူတို့ရဲ့ အတွင်းခံဂါဝန်များပဲ ငါ့လက်ထဲမှာ ရှိတော့တယ်။
မျှော်လင့်ချက်များဆိုတာကတော့ တခဏတာ ထိန်းသိမ်းထားရုံလောက်ပါ။

သေချာခြင်းတို့ ထွက်ခွာသွားခဲ့ကြပြီ။
ငါမှတ်မိသေး၊ ငါ မြင့်မြတ်တဲ့ ကျိန်ဆိုမှုကို ပြုခဲ့ဖူးတယ်
ငါ့ရဲ့ မိုက်မဲတဲ့ခေါင်းကို နံရံနဲ့ တိုက်ခွဲလို့
ဒါမှမဟုတ် နံရံကို ငါ့ရဲ့ မိုက်မဲတဲ့ခေါင်းနဲ့ တိုက်လို့။
ငါ့ခေါင်းတွေ ပေါက်ပြဲ၊ သေချာတယ်…
ကွဲတော့ မကွဲခဲ့ဘူး။
နေပါဦး နံရံမှာ ဘာတဲ့လဲ ?
အယုတ်တမာကောင် လှောင်ပြုံးပြုံးနေပုံ
သူတို့ရဲ့ ပလာကျင်းမှုမှာ သူတို့က ရောနှော ပြောင်းလဲနေရင်း၊
ပိုစတာများ၊
သူရဲကောင်းတို့ရဲ့ ပုံတူကားများ ...

သေချာခြင်းတို့…
မင်းက ဘယ်မှာလဲ ?
နယူးယောက်
မင်းရဲ့ မဲမှောင်တဲ့ ကောင်းကင်က
လင်းယုန်တကောင်လို
ငါ့အပေါ်ဝဲနေ
အမေရိက၊ ငါ့ကို ယုံကြည်စမ်းပါ။
ငါ ပြီးသွားပါပြီ။
ငါ ပြီးသွားပါပြီ။
ပြီးသွားပါပြီ။

ငါဟာ သင်္ဘောတစင်းပါ
အခန်းများက ပျက်သုဉ်းတော့မယ့် အနံ့ရနေတဲ့
စေးထန်းထန်း ကုန်းပတ်ပေါ်က ကြွက်တွေကြောက်လန့်တကြား ခုန်ချနေတဲ့ [သင်္ဘောတစင်းပါ]။
ဟေး… စင်ရောတို့၊ မငိုကြွေးစမ်းပါနဲ့။
ငါ့ကို မသနား၊ မသနားစမ်းပါနဲ့။


ငါ့ရဲ့ချစ်ဖွယ် ခြေတံရှည် ဧည့်သည်တို့ စွန့်ခွာသွားကြပြီ။
သတ်မှတ်ထားတဲ့အတိုင်း သူတို့ရဲ့နေရာများကို ယူကြပြီ။
အသက်ကယ်လှေပေါ်မှာ ပထမနေရာယူနေကြပြီ…
နှုတ်ဆက်ပါတယ်။ ငါ့ရဲ့ မိန်းမပျိုတို့။
ပန်းသီးရောင် ပါးပြင်နဲ့ ငါ့ရဲ့သင်္ဘောသားများလည်း
ငါ့ကို စွန့်ခဲ့ကြပြီ။


သူတို့က ရှင်သန်နေလိုကြသေးတယ်
မျှတပါတယ်
သူတို့က ငယ်ကြသေးတာကိုး။
နှုတ်ဆက်ပါတယ်၊ ကလေးတို့။
ဆက်ပြီး လှော်ကြပါ။
မင်းတို့က ယောက်ျားကောင်းတွေပါ။


အသံကြောင်နဲ့ စက်အင်ဂျင်သံ ခပ်အုပ်အုပ်လည်း ခုတော့ ရပ်ဆိုင်းသွားခဲ့ပြီ။
မူးနေတဲ့၊ မတုန်လှုပ်တဲ့
ပါရမီရှိ မာလိန်မှူးတယောက်ပဲ
တံတားပေါ်မှာ သုန်မှုန်ရပ်ကျန်နေခဲ့။
မာလိန်မှူးဟာ မာလိန်မှူးပါပဲ။
ဒါပေမယ့် သူဟာလည်း၊ လေပြင်းနဲ့ကြမ်းရှနေတဲ့ အရေပြားပေါ် မျက်ရည်တွေ စီးကျလို့။ 

သူလည်းပဲ ငါ့ကိုစွန့်ပစ်သွားပြီ
သူလည်းပါတယ် ...
သူလည်းပါတယ် ...
ဟေး… အသက်ကယ်လှေတို့ အဆင်သင့်ရှိပါစေ၊
သင်္ဘော၊ နစ်တဲ့အခါ
သူ့ဘေးနားမှာ လှိုင်းဂယက်ဝဲတွေ ထနေမှာ။ 


လုံးဝ တယောက်တည်း
ဓားတလက်ထက်ပိုပြီး နာကျဉ်ရပေရဲ့။
ဒါပေမယ့် ငါနဲ့အတူ နစ်မြုပ်ရအောင် ဘယ်သူ့မှ မစုပ်ယူပါဘူး။
ငါ မင်းတို့အားလုံးကို ခွင့်လွှတ်ပါတယ်။
သေမင်းရဲ့ ရေမြုပ်တွေကြား လုယူခံခဲ့ရ 
အဲဒီ အယုတ်တမာ နံရံများကို ဖြိုချဖျက်ဆီးဖို့
မင်းတို့ကိုပဲ ငါ သေတမ်းစာအပ်နှင်းခဲ့ပါတယ်။ 


စကျင်ကျောက်သား ရေလှိုင်းဝဲဂယက်တို့ကြား ငါ့ လေမှုတ်တံပိုး ထိုးထောင်ထွက်နေ
ရဲဘော်တို့၊ ဆက်တိုက်ပွဲဝင်ကြ။ 


ယက်ဗ်ဂေနီ ယက်ဗ်တူရှင်ကို (Yevgeny Yevtushenko)
Translated by John Updike 

No comments:

Recent Comments