Pages
Saturday, May 4, 2013
ကဗျာ့အိုးဝေ ကိုငြိမ်းဝေ... ကျနော့်ကဗျာ မီးတွေလောင် မီးတွေလောင်ကို ခံစားထားခြင်း။
ကဗျာ့အိုးဝေ ဧပြီ ၂၃၊ ၂၀၁၃ ခုနှစ်။ ကိုငြိမ်းဝေ (RFA) ချစ်ခင်လေးစားရတဲ့ သောတရှင်များ၊ မင်္ဂလာပါ ခင်ဗျာ။ အခုရက်တွေမှာ ကျနော်နဲ့ ဆုံတွေ့ရတဲ့ ကဗျာဆရာများနဲ့ စကားလက်ဆုံကျတဲ့ အခါတိုင်း ကျနော်တို့တိုင်းပြည်ရဲ့ များပြား ရှုပ်ထွေးလှတဲ့၊ အဖြစ်အပျက်တွေ အကြောင်း အမြဲလိုလို ထည့်သွင်းပြောဆိုမိခဲ့ကြပါတယ်။ အဖြစ်အပျက်တွေကလည်း များမှများ၊ တကယ့်ကို ရှုပ်ထွေးမှ ရှုပ်ထွေး၊ ဥပမာ တချို့သောမြို့နယ်တွေမှာ လူတစုက ကားတွေ၊ ဆိုင်ကယ်တွေနဲ့ ရောက်လာပြီး အိမ်တွေကို မီးရှို့၊ လူမျိုးရေး ဘာသာ ရေး ပဋိပက္ခ ကြီးထွားလာရအောင် လုပ်ခဲ့ကြတဲ့ကိစ္စမျိုး၊ တခါ အင်တာနက် ဖေ့စ်ဘုတ်မှာ ဘာသာရေး ကျဉ်းမြောင်းသူ၊ အစွန်းရောက်သူတွေက သတင်းမှား သတင်းလိမ်တွေ တရစပ်တင်ပေးနေခဲ့ကြတဲ့ကိစ္စ၊ အဲသလို ကိစ္စမျိုးတွေကို ကျနော် တို့ စိတ်မကောင်းခြင်း ကြီးစွာနဲ့ မပြောချင်ကြသည့်တိုင် ပြောခဲ့၊ ကြားခဲ့ကြရပါတယ်။ ကဗျာဆရာဆိုတာကလည်း လူတွေနဲ့ ဆက်စပ်ထိတွေ့မှု အတိမ်အနက်အပေါ် မူတည်ပြီး၊ ကဗျာတွေ ရေးဖွဲ့ကြရတာ ဖြစ်လို့ အဲသလိုအကြောင်းအရာမျိုးတွေအပေါ် ကဗျာဆရာတွေ စိတ်ဝင်စားကြ၊ ပြောကြရတာ ကောင်းတော့ ကောင်းပါ တယ်။ ဒီအချိန်မျိုးမှာ ကျနော်ခင်မင် လေးနက်ရတဲ့ ကဗျာဆရာတယောက်ရဲ့ ကဗျာလေးကို ကျနော်အချိန်ပြည့်လိုလို သတိရနေမိပါတယ်။ သူ့ကဗျာလေးကို သတိရနေတယ်ဆိုပေမယ့် ကဗျာတပုဒ်လုံး ကျနော့်မှာ မှတ်သားထားတာ မရှိလို့ ခေါင်းစဉ်ကိုပဲ ကျနော်မှတ်မိနေခဲ့တာပါ။ သူ့ကဗျာလေးရဲ့ ခေါင်းစဉ်က မီးတွေလောင် မီးတွေလောင်... တဲ့။ ကျနော်တို့ ပြည်သူတွေ အရူးမီးဝိုင်းသလို စီးပွားရေးမီး၊ လူမှုရေးမီး၊ နိုင်ငံရေးမီးလောင်မြေတွေအကြား ဖြတ်သန်းနေရတဲ့ အချိန်မှာ ကျနော် အဲသည် ကဗျာလေးရဲ့ ခေါင်းစဉ်ကို သတိရနေခဲ့မိတာပါ။ အခုတော့ ကဗျာတပုဒ်လုံးကို ရှာလို့တွေ့ပါပြီ။ ဒီကနေ့ အဲဒီကဗျာလေးကိုပဲ တင်ဆက်ဖို့ ရည်ရွယ်ထားပါတယ်။ ရေးဖွဲ့တဲ့ဆရာက ဆရာယောဟန်အောင် ဖြစ်ပါတယ်ခင်ဗျာ။ နားဆင်ကြည့်ကြရအောင်ပါ။
 မီးတွေလောင် မီးတွေလောင်.. 
အချစ်ရေ.. မီးတွေလောင် မီးတွေလောင်.. 
ကန္တာရ မြေကောတွေက မိုးရေကို စောင့်ရင်း မီးတွေလောင် 
ကမ်းရိုးတန်းလှိုင်းတွေက မုန်တိုင်းကို စောင့်ရင်း မီးတွေလောင်
 တောင်တန်းတွေက သက်တန့်ပန်းရောင်စုံကို စောင့်ရင်း မီးတွေလောင် ငါ့ရင်ထဲမှာလည်း မေတ္တာရေစင်ကို စောင့်ရင်း မီးတွေလောင်။ 
ဘဝတိုတိုကို ကြာမြင့်ချိန်နဲ့ မချိန်ဆပါဘူး
 ဖြစ်ရပ်တွေနဲ့ပဲ တိုင်းတာသတဲ့ 
စကားတလုံးတိုင်းဟာ ဖြစ်ရပ်တခုကို ဖန်ဆင်း 
အမုန်းတရားနဲ့ ကွေကွင်းရခြင်းဟာလည်း
 ပြင်းထန်လွန်းတဲ့ မီးတွေလေ...။ 
အာဃာတနဲ့ ဒေါသတွေကလည်း မီးတွေပေါ့ 
အဲသည်မီးစတွေက တော်လှန်ရေးကို မွေးဖွား 
တရားမျှတမှုအတွက် မီးလှန် ပြန်တိုက်ကြ
 တောမီးတွေလောင် မီးတွေလောင်... 
မခံမရပ်နိုင်ခြင်းနဲ့ အငတ်ဘေးကလည်း 
မီးပြင်းဆူပွက်မှာ
 ရေနွေးအိုးလို ငွေ့ခိုးတွေကန် 
သူတို့ကပဲ သံဃာနဲ့ လူထုတွေကို လမ်းမပေါ် တွန်းထုတ်ခဲ့တယ်... 
ဝမ်းမီးတွေလောင် မီးတွေလောင်.... 
အကြောက်တရားနဲ့ ဝိသမလောဘတွေကလည်း မီးတွေပေါ့ 
ကြံဖန်လိမ်ညာ အာဏာမြဲဖို့ မီးတွေတိုက်တယ်...
 မောဟမီးတွေ ဟုန်းဟုန်းလောင်။ 
ငါက မီးတောက်ဖျော့ဖျော့လေး လှုံလို့ စောင့်နေရင်း 
အထီးကျန်ခြင်းကို စစ်ခင်းလို့ စောင့်နေရင်း
 တောင်တန်းနဲ့ မြို့ပြဝတ်မှုန်ကူးဖို့ စောင့်နေရင်း 
စာတအုပ်ကို စိတ်မပါ့တပါ ဖတ်လို့ စောင့်နေရင်း
 စာအုပ်ထဲက စာမျက်နှာတွေ မီးထတောက်တယ်။
 ရေဒီယိုတွေလည်း မီးတွေလောင် 
သတင်းစာတွေမှာလည်း မီးတွေလောင် 
အချစ်ကဗျာတွေတောင်မှ 
စစ်ခေါ်သံနဲ့ မီးတွေလောင်။ 
အချစ်ရေ.. မီးကြွင်းတွေ မထားခဲ့ပါနဲ့
 ပေါ့ဆမီးတွေ ခဏခဏလောင်.. 
အချစ်ရေ သတိမလစ်ပါနဲ့ 
တို့မီး ရှို့မီးတွေ ခဏခဏလောင်... 
အချစ်ရေ မျက်စောင်း မထိုးလိုက်ပါနဲ့
 လောင်စာအပြည့်နဲ့ ယောဟန်အောင် 
တရားမကပ်နိုင်သေးတဲ့ကောင် 
ငါ့ရင်ထဲမှာ မီးတွေလောင်။ ။ 
 သောတရှင်များ ခင်ဗျား။ ဆရာယောဟန်အောင်ရဲ့ မီးတွေလောင် မီးတွေလောင်..ကဗျာထဲမှာ ဟောသည်ကဗျာပိုဒ်ကလေး ပြန်နားထောင်ကြည့်ပါ။
အာဃာတနဲ့ ဒေါသတွေကလည်း မီးတွေပေါ့ 
အဲသည်မီးစတွေက တော်လှန်ရေးကို မွေးဖွား 
တရားမျှတမှုအတွက် မီးလှန် ပြန်တိုက်ကြ
 တောမီးတွေလောင် မီးတွေလောင်... 
မခံမရပ်နိုင်ခြင်းနဲ့ အငတ်ဘေးကလည်း 
မီးပြင်းဆူပွက်မှာ ရေနွေးအိုးလို ငွေ့ခိုးတွေကန် 
သူတို့ကပဲ သံဃာနဲ့ လူထုတွေကို လမ်းမပေါ် တွန်းထုတ်ခဲ့တယ်...
 ဝမ်းမီးတွေလောင် မီးတွေလောင်.... 
အကြောက်တရားနဲ့ ဝိသမလောဘတွေကလည်း မီးတွေပေါ့
 ကြံဖန်လိမ်ညာ အာဏာမြဲဖို့ မီးတွေတိုက်တယ်...
 မောဟမီးတွေ ဟုန်းဟုန်းလောင်.... တဲ့။ 
မှန်တာပေါ့။ ကျနော်သည်ပင် လျှင် ရန်-ငါသဘော အခြေခံတဲ့ ထိပ်တိုက်ရင်ဆိုင်မှု တော်လှန်ရေးမီးကို အနှစ် ၂၀ ကျော် လှုံခဲ့ဖူးတာပဲ။ မီးဟာ ဘယ်လောက်အထိ ပူတယ်ဆိုတာ မီးကွင်းထဲ ဖြတ်သန်းဖူးတဲ့သူမှပဲ အသေအချာ သိနိုင်တဲ့ကိစ္စပါ။ ဒီကနေ့ ကျနော်တို့ ပြည်သူတွေ ကြုံတွေ့နေကြရတဲ့ မီးတွေဟာ အဲသလိုမျိုးတွေပါပဲ။ နိဂုံးချုပ်စေချင်ပါပြီ။ ကျနော်တို့ ပြည်သူတွေ လုံခြုံ ငြိမ်းချမ်းပြီး ဗြမ္မစိုရ်တရား ထွန်ကားတဲ့ နယ်မြေပေါ် ရောက်စေချင်ပါပြီ။ ဒါပေမယ့် ကျနော်ယုံကြည်တာတခုတော့ အခိုင် အမာ ရှိပါတယ်။ အဲဒါကတော့ တနေ့ တချိန်မှာတော့ ကျနော်တို့ပြည်သူတွေ တကယ်ပဲ တည်ငြိမ်အေးချမ်းတဲ့၊ ဘဝ အခြေ အနေမျိုးတွေ ပိုင်ဆိုင်လာနိုင်ကြမှာကတော့ မလွဲဆိုတဲ့ အချက်ပါပဲ။ ဟုတ်ပါတယ်။ ဒါကိုတော့ အဲဒီယုံကြည်ချက်ကို ကျနော်တို့တတွေ မျက်ခြေမပြတ်သွားဖို့တော့ လိုမှာဖြစ်ကြောင်း တင်ပြလိုက်ပါတယ်။ ငြိမ်းဝေ
2 comments:
Anonymous said...
Hello, I was recommended by mydaydream89 as we have a client who is looking for Myanmar bloggers for an education campaign.
Would you be interested? Hope to hear from you soon!
ငြိမ်းစိုးဦး said...
ခံစားမိပါတယ် ။
Recent Comments