Pages

Wednesday, March 21, 2012

ငှက်တေလေ

တိမ်တွေကို အားကျလို့
ကောင်းကင်ကို စာတတန်းရေးဖို့တက်လာ
လေနှင်ရာ မိုးတလျှောက်မှာ
နာမည်ထိုးဖို့ ကြိုးစား
အဖော်ကွဲပါးရင်း
သူ..သင်းကွဲဖြစ်။

မကြောက်ဘူး၊
<ကျန်ရစ်>
သူ့နာမည် တွင်ရစ်ချင်တယ်
ခေတ်အဆက်ဆက် ထင်ဖို့
ပြင်ဆင်ထား ရည်ရွယ်ချက်
တက်ကြွမှု၊ ပျိုနုလှုပ်ရှား
ဘာမှ မဖြစ်တာ ဖြစ်တာ အသာထား
လေထဲ စာရေးသွားမယ်။

သူဟာ
ကိုယ့်ဘာသာ စိတ်ကြီးဝင်လို့
အုပ်ချုပ်သူအချို့ကို မုန်းတီး
တိုက်စစ်ကြီး တခုပြင်
အရာရာ အံမ၀င် ခွင်မကျ
နေမရ ထိုင်မရ
နုံ့နဲ့လောက
သူ တခုခု လုပ်ပြချင်တယ်
သူ့ကို အထင်ကြီးကြပေါ့။

သူဟာ
စာတွေကိုဖတ်
အထပ်ထပ် စဉ်းစားရင်း
အတွင်း ပဟေဠိ
ပုဂ္ဂလိက ဒုက္ခ ရှင်းမရခဲ့။

အယူသည်းကြတဲ့ ကြားက
အဖိုးကြီးများရဲ့
စကားထဲ ထည့်သုံးကြ
ဥပဒေသအချို့ဟာ
ကြာဟောင်းဆွေးပြီး၊ နားညည်းစရာ။
ဘ၀ဟာ ရှေးဟောင်းစကားပုံထဲမှာ
မဟုတ်
သူ ခေါင်းကုတ်ရ။

နောက်ဆုံး
စဉ်းစားလွန်းလှတဲ့
ဦးဏှောက်တလုံး၊ သူ မသုံးချင်တော့
အော့အန်ထွေးထုတ်
အစုတ် အဟောင်းများ
တုတ်ချောင်းများ..

စာအုပ်များ
လျှာပုတ်များ

ပေသီးများ
မြေကြီးများ

သွေးရန်ဓား
ထွေးခံများ

ဆားကစ်များ
ကျားသစ်များ

မှင်အိုးတလုံး
ဘ၀င်ကြိုးတထုံး
မသုံးတော့ဘူး၊ စူးရှချဉ်စော်
ကဇော်ပေါက် ဦးဏှောက်
နောက်လှည့်မကြည့်
ပကတိ ပေါ့ပါးခြင်းနဲ့
ပြင်းပြတဲ့ လွတ်လပ်မှု
ခုမှ ခံစားရ။

အင်းစိန် ကုက္ကိုလ်ပင်တန်းအောက်မှာ
ဂျစ်ပစီတယောက်
ကလေးတယောက်ရဲ့ အလေးအနက် မရှိမှုမျိုးနဲ့
ပေါ့ပါး မျောပါ
မျက်စိ၊ နား၊ ပါးစပ်များ
ပိတ်ထားပါတယ်၊
ဒါပေမယ့် ဟင်းလင်းဖြစ်မှုတိုးဝှေ့လို့
တွေ့ မြင် သိ နေ။

ရင်မှာ
ဟင်းလင်းပြင် သိပ်သည်းလို့
တယောက်တည်း အတွက်လား။
သူ
တယောက်သော ချစ်သူကို
အဓိက မထားချင်ဘူး
စည်းကမ်းတွေကို မကူးချင်ဘူး
ရည်မှန်းချက် ဆိုတာတွေလည်း
မထူးဘူး
စမ်းသပ်ချက်တခုသို့ ကူးပြောင်းစဉ်
ရင်ခုံမှုဟာလည်း အချည်းနှီး
မှန်သား မီးထန်
နေရီအံပြို့၊ ညနေတို့မှာ
သူဟာ
အချစ်၊ နိုင်ငံရေးမှာ
တယူသန်ဆန်
အထိမခံ နိုင်တော့တာ သိနေခဲ့တယ်။

ဘာတွေ မှားယွင်းဦးမလဲ...

ဒီကဗျာက ရေးတာ မဆုံးဘူးထင်တယ်၊ နေ့စွဲလည်း မမှတ်မိ။

ယောဟန်အောင်

1 comment:

Hmoo said...

သိပ်ချစ်တယ်အဲဒီကဖျာကို၊မှားသွားလဲနိုင်ငံတကာမှာထောင်အပြင်တန်းမရှိပါဘူးနော်... Har ..Hah :)

Recent Comments