Pages

Sunday, February 26, 2012

အနာတရ

မင်းကိုငါ
ချစ်နေတုန်းပါပဲ ဆိုတာ
ငါသိနေပါတယ်
အနာတရပေါ့။

ညနေက
သူငယ်ချင်းတွေနဲ့
ပျင်းတွဲ့မှု ဆေးကြောစရာ
ပခုံးတွေခါချ ယာယီ
ဇွန် ကော်ဖီဆိုင်မှာ ထိုင်ခဲ့ကြတယ်
လာခဲ့ကြ အတိတ်တွေဖွင့်ဟ
ကျွမ်းကျင်မှု၊ မကျွမ်းကျင်မှု
အမှိုက်စနများ
ဘ၀ကို ပွန်းစားခဲ့ကြ။

ပြန်လာခဲ့ရ
ညနေမှောင်ရီ
မပီမသ
မပီ.. မသရာက ပီ...သ
ဖော်မပြတတ်အောင်
အမှတ်ရလာတယ်။
လမ်းမပေါ်က၊ ညနေလူခင်းထဲ
ကိုယ်တယောက်ထဲ
ရပ်စဲငြိမ်သက်
ဘယ်သူ့ကို ရန်ဖက်ဖြစ်မလဲ
ဘယ်သူ့ကို ပြန်ဆက်ချစ်မလဲ
မရှိတော့လေ။

ကုက္ကိုပင်တန်း၊ မိုးငွေ့သန်းယှက်
လေဖျာယှက်ဝှေ့
တံတားငယ်အောက်မှာ
ဗွက်ရေတွေ တရွေ့ရွေ့
နေ့ည မကွဲမပြား
ပိတ်စေ့ထူသည်း မိုးသားကြားမှာ
မိုးဖွားကျလာ
မကြာခင်
သည်းထန်လာတော့မယ်။

ဓာတ်ကြိုးတွေထက်
စွန်ပျက်ကြိုးစ၊ လှုပ်ကြွခါယမ်း
လမ်းပေါ်ကားများ၊ မှန်တံခါးချ
လူတွေ သုတ်ခြေတင်ရ
သီချင်းနွေးနွေး
ကော်ဖီဆိုင်ကလေးများလည်း
ကျဲတောက်ဖျော့လျှ
အိမ်တွေထဲက မီးစများက
ငွေ့ထပူနွေးစေပေမယ့်
မိတ်ဆွေမဆန်တဲ့
ခြံတံခါးများက
"လုံခြုံရာ ဘ၀တဲ့"
ရစေရဲ့။

အလျှင်မလို
ကိုယ် ဖြည်းဖြည်းပဲလျှောက်
ခြောက်လှန့်ကိုင်းလှုပ်၊ ကုက္ကိုပင်အုပ်
ရေစက်တွေ ခေါင်းပေါ်ဖြုတ်ချ
သစ်ရွက်တွေချာလည် ပြုတ်ကျ
အသံတွေလည်း ကြားရ
မော့မကြည့်လည်း သိရတယ်။
သစ်ရွက်တွေ စိမ်း ၀ါ
ပန်းတွေဖြာပွင့်၊ ကြွေလွင့်
နေကြမှာ
ဒါဟာ ဒုက္ခပဲလား။
မှုန်ဝါး မြင့်လွန်းကြတယ်။

ဆံစတွေထက်၊ မိုးစက်တွေ
လေနဲ့ ဆက်ပက်၊ ရွှဲစက်စို
ကိုယ်လုံးအေးမြ
ဆံစတွေက စီးကျ
နှာဖျားတွေက စီးကျ
ရင်ပတ်တွေက စီးကျတယ်
မြောင်းတွေ နီရဲသွားကြတယ်။

ကိုယ့်အခန်းထဲရောက်တော့
ဝတ်စုံခြောက်လည်း
ဖွာလံကျဲနေတဲ့
အလွမ်းတွေပဲ
<တညလုံး>
တမျက်စီး လှည်းထုတ်နေမိတယ်။

ယောဟန်အောင်
ဇူလိုင် ၁၄၊ ၁၉၈၇။

No comments:

Recent Comments