Pages

Saturday, December 31, 2011

တရုတ်နဲ့ အိန္ဒိယတွေ့ဆုံလေရာ။ မြန်မာနိုင်ငံ နှင့် အာရှ၏ လမ်းဆုံလမ်းခွအသစ် (၆)

ပြင်ပ ဆောင်းပါးရှင် ဦးအောင်သူငြိမ်းက Faber & Faber Ltd. London စာအုပ်တိုက်က ထုတ်ဝေတဲ့ "တရုတ်နဲ့ အိန္ဒိယ တွေ့ဆုံလေရာ။ မြန်မာနိုင်ငံနှင့် အာရှလမ်းဆုံလမ်းခွ အသစ်" (Where China Meets China: Burma and the New Crossroads of Asia) ဆိုတဲ့ စာအုပ် အကြောင်းကို တင်ဆက်နေပါတယ်။ ဒီစာအုပ်ကို ဦးသန့်မြင့်ဦးရေးသားထားပြီး ၂၀၁၁ ခုနှစ် တွင်းမှာမှ ထုတ်ဝေထားတာ ဖြစ်ပါတယ်။ ဒီတပတ်မှာတော့ အခုကာလမန္တလေးမှာ တရုတ် လူမျိုးတွေ သြဇာကြီးထွား လာနေပုံနဲ့ တရုတ်နဲ့ မြန်မာနိုင်ငံ ဆက်ဆံရေးနောက်ခံသမိုင်း ကြောင်းကို တင်ပြပေးမှာ ဖြစ်ပါတယ်။

သောတရှင် မိတ်ဆွေများခင်ဗျား။
စာရေးသူဦးသန့်မြင့်ဦးက မန္တလေးမှာ တရုတ်လူမျိုးတွေ သိသိသာသာများပြားလာနေပုံကို ပြောပြပါတယ်။ တရုတ်လူမျိုး တွေနဲ့ မြန်မာတွေက အသွင်အပြင်အရ ကွဲပြားသိသာပါတယ်။ မြန်မာတွေက အသားညိုကြပြီး နှာတံပိုပေါ်ကြပါတယ်။ ခုချိန်ထိ ပုဆိုးကိုလည်း စွဲစွဲမြဲမြဲ ၀တ်ဆင်နေကြတုန်းပါ။ မြန်မာပြည်ဖွားတရုတ်လူမျိုးတွေကတောင် ပုဆိုးကိုစွဲမြဲဝတ်ဆင် ကြပါတယ်။ အခုအသစ်ရောက်လာကြတဲ့ တရုတ်လူမျိုးတွေကတော့ အနောက်တိုင်းဝတ်စုံနဲ့ ဘောင်းဘီခပ်ပွပွကို ၀တ်ဆင်ကြ တယ်လို့ သူကရေးပါတယ်။ အခုအသစ်ရောက်လာတဲ့ တရုတ်တွေက ပြောရရင် စွန့်စားပြီး စီးပွားရှာလာကြတဲ့သူတွေပါ။ အသစ် ပွင့်လင်းလာတဲ့ အနေအထားတရပ်မှာ အခွင့်ကောင်းယူဖို့ ရောက်လာကြသူတွေပါလို့ ဆိုပါတယ်။ သူတို့က နိုင်ငံရေး သမားတွေမဟုတ်သလို၊ မဟာဗျူဟာပညာရှင်တွေ လည်း မဟုတ်ကြပါဘူး။ ပေးလာတဲ့အခြေအနေသစ်အောက်မှာ အခွင့် အခါကောင်းကို အရယူနေကြသူတွေလည်း ဖြစ်ပါတယ်။

အခုလို ၂၁-ရာစုအဆန်းပိုင်းမှာ တရုတ်တွေ အလုံးအရင်းရောက်လာတဲ့ ဖြစ်ရပ်မျိုးက ၂၀-ရာစုအဆန်းပိုင်းမှာ အိန္ဒိယတိုက် သားတွေ မြန်မာပြည်ကို ရောက်လာကြပုံမျိုးနဲ့ နှိုင်းယှဉ်ကြည့်လို့ရတယ်လို့လည်း သူက ဆိုပါတယ်။ တချိန်တုန်းကတော့ အိန္ဒိယလူမျိုးတွေ က ဗြိတိသျှကိုလိုနီ အကာအကွယ်အောက်မှာ ရောက်လာကြတာပါ။ ဒီကနေ့တရုတ်တွေကတော့ နိုင်ငံ ရေးအရ မလွတ်လပ်တဲ့ နိုင်ငံထဲကိုမှ အခြေချစီးပွားရှာလာကြတာ ဖြစ်ပါတယ်။ ရောက်လာကြသူအများစုက ချမ်းသာဖို့ ဝေးစွ၊ သူတို့သိသမျှ နည်းလမ်းနဲ့ ဘ၀တိုးတက်ရာတိုးတက်ကြောင်း ၀မ်းကျောင်းရအောင် ရောက်လာသူတွေ ဖြစ်ပါတယ်။ ဦးသန့်မြင့် ဦးက အဲဒီတရုတ်တွေထဲက တယောက်နဲ့လည်း စကားပြောခွင့်ရခဲ့ပါသေးတယ်။ သူက မန္တလေးက သွင်းကုန်-ထုတ်ကုန် လုပ်ငန်း လုပ်နေတဲ့ မိတ်ဆွေတယောက်ရဲ့ရုံးခန်းကို အသွားမှာ တွေ့ခွင့်ရခဲ့တာပါ။ သူက မန္တလေးကို ရောက်တာ လအနည်း ငယ်ပဲ ရှိပါသေးတယ်။ ဒါပေမယ့် မြင်ရတဲ့အလားအလာတွေအပေါ် စိတ်လှုပ်ရှားအားတက်နေပါတယ်။ လမ်းမ သစ်ကြီးတွေ၊ ရထားလမ်းကြီးတွေ တရုတ်နဲ့ဆက်သွယ်ပြီးတဲ့အခါ နှစ်နိုင်ငံ ပိုလို့နီးစပ်လာမယ်လို့ သူကပြောပါတယ်။ စီးပွားရေးပိုလို့ ဆက်ဆံနိုင်မယ်။ နှစ်နိုင်ငံ ဆက်ဆံရေး ပိုခိုင်မာလာမယ်။ သူက အခုကျွန်းသစ်နဲ့ ကျောက်မြက်တွေ ၀ယ်ပြီး တရုတ်ပြည်ဖက် တင်ပို့နေပေမယ့်၊ စက်ရုံတခု ဆောက်ဖို့လည်း ကြည့်နေတယ်လို့ ပြောပါတယ်။ ဘာစက်ရုံ ဆိုတာတော့ မပြောပြပါဘူး။ သူ ကပဲ "အခုအချိန်က တရုတ်-မြန်မာဆက်ဆံရေးမှာ ရွှေခေတ်ပဲ" လို့ မှတ်ချက်ပေးခဲ့ပါသေးတယ်။

တရုတ်-မြန်မာ ၂-နိုင်ငံ ဆက်ဆံရေးက ယေဘုယျပြောရင်တော့ ကောင်းပါတယ်။ ဒါပေမယ့် အပေါ်ယံကြည့်ရင်ပေါ့လို့ စာရေးသူဦးသန့်မြင့်ဦးက ထပ်ကွန့်ပါတယ်။ တရုတ်နဲ့ မြန်မာနှစ်နိုင်ငံ ဆက်ဆံရေးနောက်ခံသမိုင်း အကျဉ်းကိုလည်း သူက ပြန်ကောက်ပြီး ဖော်ပြပါတယ်။ တကယ်တော့ တချိန်လုံးချောမွေ့နေခဲ့တာ မဟုတ်ပါဘူး။ ၁၉၄၉ တရုတ်နိုင်ငံမှာ တပ်နီတော် က အာဏာသိမ်းအပြီး ပြည်သူ့တရုတ်ပြည်ထူထောင်တော့ စဦးဆုံး အသိအမှတ်ပြုတဲ့ နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံ ပါပါတယ်။ ဆိုဗီယက်အုပ်စုမဟုတ်တဲ့ ပြင်ပနိုင်ငံတွေထဲက စဦးဆုံးအသိအမှတ်ပြုတဲ့ နိုင်ငံဖြစ်ပါတယ်။ မြန်မာခေါင်း ဆောင် အများစုက လက်ဝဲယိမ်းကြလို့ မဟုတ်ဘူး။ အင်အားကြီးတဲ့နိုင်ငံကြီးနဲ့ ယှဉ်ပြီး နေထိုင်နေရတဲ့ မွေးရာပါဗီဇ တရားစိတ်ကြောင့်လို့ စာရေး သူက ဆိုပါတယ်။ သိပ်မကြာခင်ပဲ အမျိုးသားရေးဝါဒီ ချန်ကေရှိတ်ကူမင်တန် တရုပ်ဖြူတပ်ဖွဲ့ တွေက မြန်မာ့မြေထဲမှာ အခြေ ပြုပြီး တရုတ်ပြည်ကို ပြန်တော်လှန်ကြမယ်ဆိုတဲ့ အစီအစဉ်နဲ့ လာရောက်စခန်းချကြပါ တယ်။ ၁၉၆၀ မှာတော့ မြန်မာစစ်တပ်နဲ့ တရုတ် အစိုးရတပ်တွေက အခု အမျိုးသားရေးဝါဒီ ကူမင်တန်သူပုန်တွေကို နှစ်ဖက်ညှပ်လို့ စစ်ဆင်ရေးလုပ်ခဲ့ကြပါတယ်။ တရုတ်ဖြူ အမျိုးသားရေးဝါဒီတပ်ဖွဲ့တွေ တစ်ရန်တော့ ငြိမ်းနိုင်ခဲ့ပါတယ်။

၁၉၆၀ နောက်ပိုင်းမှာ တရုတ်-မြန်မာဆက်ဆံရေး ပျက်ပြားဖို့ အကြောင်းတွေလည်း ဖြစ်ခဲ့ပြန်ပါတယ်။ တရုတ်ပြည်မှာ ယဉ် ကျေးမှုတော်လှန်ရေးဖြစ်ပြီး အစွန်းရောက်တဲ့ ကွန်မြူနစ်ဝါဒီတွေက ကွန်မြူနစ်တော်လှန်ရေးတွေကို ကမ္ဘာတလွှားတင်ပို့ရ မယ်လို့ ယူဆကြပါတယ်။ ရန်ကုန်မှာရှိတဲ့ တရုတ်အစိုးရသံရုံးကလည်း တရုတ်ဘာသာသင်ကျောင်းတွေမှာ မော်ဝါဒီ သင်ရိုး ညွှန်းတန်းတွေ ထည့်သွင်းပို့ချစေသလို၊ မြန်မာပြည်ထဲမှာလည်း မော်စီတုန်းရဲ့ လက်စွဲစာအုပ်ငယ်တွေကို ပြောင်ပြောင် တင်း တင်း ဖြန့်ချိခဲ့ပါတယ်။ တရုတ်ပြည်နယ်စပ်မှာ အခြေစိုက်တဲ့ ကွန်မြူနစ်ပါတီ (ဗမာပြည်) ကလည်း သူတို့ကိုယ် သူတို့ မော် ၀ါဒ ကိုင်စွဲတဲ့ ပါတီတရပ်အဖြစ်ခံယူခဲ့သလို၊ တရုတ်ပြည်မှာ သဘောတရားရေးရာ လေ့ကျင့်သင်ကြားထားတဲ့ ကေဒါတွေကလည်း မြန်မာပြည်ပြန်ဖို့ စောင်းဆိုင်းနေခဲ့ပါတယ်။

၁၉၆၇ ခုနှစ်မှာတော့ တရုတ်ကျောင်းသားတွေက မြန်မာဆရာတွေကို စော်ကားတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ဖြစ်လာပြီး၊ တရုတ်-မြန်မာလူမျိုးရေး အဓိကရုဏ်းဖြစ်လာပါတယ်။ ၃-ရက်လောက်အတွင်း လူမျိုးရေးအဓိကရုဏ်းတွေမှာ တရုတ် လူမျိုး တွေ တိုက်ခိုက်ခံရသလို၊ သူတို့ပိုင်ဆိုင်တဲ့ အိုးအိမ်ပိုင်ဆိုင်မှုတွေ၊ တရုတ်သံရုံး၊ ပြန်ကြားရေးရုံးတွေ ဖျက်ဆီး ခံရပါတယ်။ တရုပ်ပြည်ဖက်ကလည်း ပြင်းပြင်းထန်ထန် တုံ့ပြန်ပါတယ်။ ဘေဂျင်းက မြန်မာသံရုံးရှေ့မှာ လူ ၃-သိန်းကျော်ဆန္ဒ ပြပြီး၊ မြန်မာ "ဖက်ဆစ်" အစိုးရကို ဖြုတ်ချပစ်ဖို့ တောင်းဆိုခဲ့ကြပါတယ်။ ဆန္ဒပြတောင်းဆိုရုံမဟုတ်ပါဘူး။ နောက်ပိုင်းမှာ ဗမာကွန်မြူနစ် တွေကို လူသူအင်အား၊ လက်နက်အလုံးအရင်းနဲ့ နောက်ထပ် နှစ်-၂၀ လောက် ကူညီခဲ့ကြပါတယ်။ ဗမာ ကွန်မြူနစ်တွေ ကလည်း မန္တလေးကို သိမ်းနိုင်ဖို့ လက်တကမ်းလောက်ရောက်အောင် အင်အားကောင်းလာခဲ့ပါတယ်။ နောက်ပိုင်း ၁၉၇၀ ခုနှစ်များ နှောင်းပိုင်းကာလတွေမှာတော့ အခြေအနေတွေက ပြောင်းလာခဲ့ပါတယ်။ တရုတ်-မြန်မာ ၂-နိုင်ငံလုံးက လက်တွေ့ ကျတဲ့ မူဝါဒတွေကို ပြန်ကိုင်စွဲကြပြီး၊ အစိုးရချင်း ဆက်ဆံရေးပြန်ထူထောင်လာခဲ့ကြပါတယ်။ အခု တော့ မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံတွေအဆင့်ကိုတောင် တက်လှမ်းခဲ့ကြပါပြီ။ ပြေလည်လိုက်ပုံများကလည်း အများ မြင်သိပြီး ဖြစ်ပါတယ်။

မြန်မာနိုင်ငံက ဆင်းရဲမွဲတေမှုနဲ့ လွဲချော်နေတဲ့ စီမံခန့်ခွဲမှု အလွဲတွေအတွက် အနောက်နိုင်ငံတွေကလည်း သူတို့ဘာသာ အဖြေ ရှိထားကြသလို၊ တရုတ်တွေဖက်ကလည်း သူတို့နည်းဟန်နဲ့ အဖြေရှိနေနိုင်တယ်လို့ ဦးသန့်မြင့်ဦးက ဆိုပါတယ်။ မန္တလေးမှာ ကွန်ဖြူရှပ်ကျောင်း (Confucius Institute) ဖွင့်နေတာ သူတွေ့ခဲ့ရပါသေးတယ်။ မြန်မာပြည်ထဲက အခြား နေရာတွေ မှာလည်း ဒီလိုကွန်ဖြူးရှပ်ကျောင်းမျိုး ရှိနေသေးတယ်လို့ သူက ပြောပါတယ်။ ဒီကျောင်းတွေမှာ တရုတ်ဘာသာ စကားအပြင်၊ တရုတ် ပြည်အကြောင်း သင်ရိုးညွှန်းတန်းတွေလည်း ပို့ချနေကြပါတယ်။ "ဘာဘေးရီးယန်း သားစားလူရိုင်းတွေ ရှိတဲ့နေရာ မျိုးကို တောင် ဉာဏ်ပညာအလင်းက လမ်းရှာပြီး ရောက်လာတယ်" ဆိုတဲ့ စာသားတခုကို မန္တလေးမြို့ပြင် ၁၉-ရာစုက တရုတ် ဘုရား ကျောင်းတခု မုခ်ဝမှာ ရေးထားတာ သူဖတ်ခဲ့ရသေးတာကို ပြန်ဖော်ပြပြီး၊ တရုတ်တွေက ရင်းနှီး မြှုပ်နှံမှု၊ သူတို့ ကျွမ်းကျင်ရာ အရည်အချင်း၊ လူအင်အားသာမက ဉာဏ်ကိုစေစားမယ့် ကျောင်းတွေပါ ရောက်လာခဲ့ပုံကို ဖော်ပြခဲ့ကြောင်းပါ ခင်ဗျား။

နောက်တပတ်မှာတော့ စာရေးသူရဲ့ ခရီးစဉ်တွေ၊ အဲဒါနဲ့ ဆက်စပ်ရာ သမိုင်းထင်ဟပ်ချက်၊ အမြင်တွေအကြောင်း ဆက်လက် တင်ပြပါမယ်။ အားလုံးငြိမ်းချမ်းပျော်ရွှင်ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

No comments:

Recent Comments