Pages

Friday, July 23, 2010

ဗိုလ်ချုပ်သန်းရွှေအကြောင်း၊ မြန်မာနိုင်ငံ၏ မင်းဆိုးမင်းညစ် တဦးကို မျက်နှာဖုံး ခွာကြည့်ခြင်း (အပိုင်း-၁)


ထိုင်းနိုင်ငံရှိ (Silkworm Books) စာအုပ်တိုက်က ထုတ်ဝေပြီး၊ ဘင်နဒစ် ရော်ဂျာစ် (Benedict Rogers) ရေးသားထားတဲ့ "ဗိုလ်ချုပ်သန်းရွှေအကြောင်း၊ မြန်မာနိုင်ငံ၏ မင်းဆိုးမင်းညစ်တဦးကို မျက်နှာဖုံးခွာကြည့်ခြင်း" ဆိုတဲ့ စာအုပ်အကြောင်းကို စတင် တင်ဆက်မှာ ဖြစ်ပါတယ်။ ဒီတပတ်မှာတော့ စာအုပ်အကြောင်းနဲ့ စာရေးသူ အကြောင်း မိတ်ဆက်၊ နာမည်ကျော် စာရေးသူအချို့ရဲ့ ဝေဖန်ချက်တွေကို တင်ပြ ပါမယ်။

သောတရှင် မိတ်ဆွေများခင်ဗျား။
ဒီတပတ်မှာတော့ စာအုပ်သစ်တအုပ်ကို မိတ်ဆက်ပေးဖို့ ရည်ရွယ်ထားပါတယ်။ ဒီစာအုပ်က အခု ၂ဝ၁ဝ ခုနှစ် ထဲမှာပဲ ထွက်ပေါ်လာတဲ့စာအုပ်သစ်တအုပ်ဖြစ်ပြီး၊ မြန်မာ စာဖတ်ပရိသတ်အများ စိတ်ဝင်စားဖွယ်အကြောင်း ဖြစ်လိမ့်မယ်လို့ ထင်မိပါတယ်။ စာအုပ်နာမည်ကိုက "ဗိုလ်ချုပ်သန်းရွှေအကြောင်း၊ မြန်မာနိုင်ငံ၏ မင်းဆိုးမင်း ညစ်တဦးကို မျက်နှာဖုံး ခွာကြည့်ခြင်း" ဆိုတော့ ဘာတွေများ ရေးထားမှာလဲဆိုပြီး စိတ်ဝင်စားမိကြမှာပါ။ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာရှိတဲ့ (Silkworm Books) စာအုပ်တိုက်က ထုတ်ဝေဖြန့်ချိခဲ့တာ ဖြစ်ပါတယ်။ စာရေးသူ က ဗြိတိန်အခြေစိုက် ကမ္ဘာတဝှမ်းရှိ ခရစ်ယာန် ဘာသာဝင်များ သွေးစည်းညီညွတ်ရေးအဖွဲ့ (Christian Solidarity Worldwide) က ဒု-ဥက္ကဌတာဝန်ယူထားသူ ဘင်နဒစ် ရော်ဂျာစ် ဖြစ်ပါတယ်။ သူက မြန်မာပြည် နယ်စပ်တလျှောက်မှာ တိုင်းရင်းသားလူမျိုးများ အရေးနဲ့ ပတ်သက်ပြီး ကာလ ကြာရှည်ဆောင်ရွက်ခဲ့သူလည်း ဖြစ်ပါတယ်။ အထူးသဖြင့်တော့ ကရင်လူမျိုးတွေ၊ စစ်ပြေး ကရင်ဒုက္ခသည်အများကို ကူညီဆောင်ရွက်ပေးခဲ့ တာပါ။ မြန်မာပြည် ဒီမိုကရေစီအရေးနဲ့ ပတ်သက်လို့ နိုင်ငံတကာက စိတ်ဝင်စားသူတွေ၊ အစိုးရတွေအကြား တိုက်တွန်းပြောဆိုခဲ့သူလည်း ဖြစ်ပါတယ်။ အဲဒါအပြင် နိုင်ငံတကာသတင်းစာ အများအပြားမှာလည်း မြန်မာနိုင်ငံက ဖြစ်ပေါ်နေတဲ့အခြေအနေတွေနဲ့ ပတ်သက်လို့ ဆောင်းပါးအများအပြား ရေးသားခဲ့တဲ့အပြင်၊ "မိစ္ဆာမကင်းနိုင်တဲ့မြေ- မြန်မာနိုင်ငံရှိ ကရင်လူမျိုးများအပေါ် လူမျိုးတုန်းသုတ်သင်နေသည့် လုပ်ရပ်ကို ရပ်တန့်ပါရန်" ဆိုတဲ့ စာအုပ်တအုပ်ကိုလည်း ရေးသားထုတ်ဝေခဲ့ပါ သေးတယ်။ ဒီစာအုပ်ရေးသားဖို့ သူ့အဖွဲ့ အစည်းက အားပေးခဲ့တဲ့ အပြင်၊ မြန်မာပြည်အရေး လှုပ်ရှားနေတဲ့ အမေရိကန်အခြေစိုက် (US Campaign for Burma) အဖွဲ့က ဂျယ်ရမီ ဝုဒ်လမ်း ကလည်း ကိုယ်တိုင်ကိုယ်ကျ ကူညီ အချက်အလက်တွေ စုဆောင်းပေးတဲ့ အပြင် အကြိမ်ကြိမ်ဖတ်ရှု အကြံပေးခဲ့တယ် လည်း ဆိုပါတယ်။

ဒီစာအုပ်အဖွင့်ပိုင်း နိဒါန်းမှာ သူဖော်ပြထားတာကတော့ အင်တာနက်က အချက်အလက်တွေရှာဖွေနိုင်တဲ့ ဂူးဂဲလ်စာမျက်နှာမှာ "အာဏာရှင်တွေအကြောင်း စာအုပ် ဒါမှမဟုတ် အာဏာရှင်နဲ့ ဖက်ဆစ်" စသဖြင့် ရိုက်ထည့်ပြီး ရှာဖွေကြည့်ရင် နိုင်ငံတကာက နာမည်ကြီးအာဏာရှင်တွေအကြောင်းကို တွေ့ရလိမ့်မယ်လို့ ဆိုပါတယ်။ အရင်က နာဇီအာဏာရှင်ကြီး ဟစ်တလာ၊ ချီလီက အာဏာရှင်ပီနိုချေးအကြောင်း၊ ယူဂိုဆလား ဗီးယားက မီလိုဆီးဗစ်၊ ယူဂန်ဒါနိုင်ငံက အီဒီအာမင်၊ အခုအခါမှာ လူမျိုးတုန်းသတ်ဖြတ်မှုတွေ ကျူးလွန်နေ တယ်ဆိုတဲ့ ဆူဒန်နိုင်ငံက အိုမာ အယ်လ်-ဘာရှား စသဖြင့်တို့ရဲ့အကြောင်း ရေးသားဖော်ပြထားတဲ့ စာအုပ် တွေကို တွေ့ရပါလိမ့်မယ်။ ဒါပေမယ့် မြန်မာပြည်က ဆိုးညစ်လှတဲ့ အာဏာရှင်ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အကြောင်းက ပျောက်နေတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံက ကုလသမဂ္ဂက ၂ဝဝ၆ ခုနှစ် လူမျိုးတုန်း သတ်ဖြတ်မှုတွေ ဖြစ်နိုင်ခြေရှိနေတဲ့နိုင်ငံတွေအကြောင်း လေ့လာချက်မှာ အနီရောင်သတိပေးချက်ပြထားတဲ့ နိုင်ငံတခုဖြစ်သလို၊ ဘာသာရေးလွတ်လပ်ခွင့်၊ သတင်း မီဒီယာလွတ်လပ်ခွင့်၊ စီးပွားရေး လွတ်လပ်ခွင့်တွေမှာ အတော် အောက်တန်းနောက်တန်းကျနေတဲ့ နိုင်ငံတခု ဖြစ်ပါတယ်။ နာဂစ်မုန်တိုင်းလို ကပ်ဘေးသင့်တဲ့ကာလ မျိုးမှာတောင် ကိုယ့်ပြည်သူတွေအပေါ် စာနာမှုကင်းမဲ့စွာ လျစ်လျူပြုနေနိုင်တဲ့ အုပ်ချုပ်သူတဦးဖြစ်သလို၊ လူ များစု ကိုးကွယ်ရာ ဗုဒ္ဓြွဘာသာ သံဃာတော်တွေကိုလည်း အာဏာနဲ့ ပတ်သက်လာရင် ရက်ရက်စက်စက် သတ်ဖြတ်ရဲတဲ့ အုပ်ချုပ်သူ ဖြစ်ပါတယ်။ အဲဒါအပြင် တိုင်းရင်းသားတွေအပေါ် ရက်ရက်စက်စက် ကျူးလွန်နေတဲ့ စစ်ရာဇဝတ်ပြစ်မှုတွေ အမြောက်အများ မှတ်တမ်းရှိထားတဲ့အပြင်၊ မြန်မာ့တပ်မတော်က မုဒိမ်းမှု ကျူးလွန်နေ တာကို မသိကျိုးကျွံ ဆက်လက်ခွင့်ပြုထားတာလည်း သူပဲဆိုပါတယ်။ ဒီလိုဆိုးရွားလှတဲ့ မင်းဆိုးမင်းညစ်တဦး ဖြစ်ပေမယ့် သူနဲ့ပတ်သက်တဲ့ လေ့လာထားတဲ့စာအုပ်၊ စာတန်း၊ စာပေက အတော့်ကို ရှားရှားပါးပါးဖြစ်နေလို့ ဒီကွပ်လပ်ကို ဖြည့်ဆည်းရလေအောင် ဗိုလ်ချုပ်သန်းရွှေအကြောင်းစာအုပ်ကို သူရေးဖို့ကြိုးပမ်းရတာ ဖြစ်တယ် လို့ ဘင်နဒစ် ရော်ဂျာစ်က ဆိုထားပါတယ်။

ဒါပေမယ့်စာအုပ်ရေးသားဖို့က မြန်မာစစ်အာဏာရှင်ကြီးရဲ့အကြောင်းကို သိရှိသူ နည်းလွန်းလှတာမို့ နယ်စပ် က မြန်မာ အတိုက်အခံအင်အားစုတွေ၊ တိုင်းရင်းသားတွေ၊ စစ်တပ်က လက်နက်ချလာသူတွေ၊ စစ်တပ် အရာရှိ ဟောင်းတွေ၊ နီးစပ်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ စသဖြင့်တွေနဲ့ တွေ့ဆုံမေးမြန်းပြီး အတော့်ကို ကြိုးပမ်းစု ဆောင်းခဲ့ရတယ်လို့ ဆိုပါတယ်။ ဧရာဝတီမဂ္ဂဇင်းနဲ့ ဒီစာအုပ်အကြောင်း တွေ့ဆုံမေးမြန်းခန်းတခုမှာတော့ "ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သူ့ကိုယ်သူ စစ်ဘုရင်တပါးလိုမြင်တယ်။ ... ... တချို့အချက်အလက်တွေက ဘယ် လိုမှ မဆီလျော် ပေမယ့် အဲဒါတွေက သူတကယ်စဉ်းစားနေတဲ့ အချက်တွေပဲ။" လို့ ဗိုလ်ချုပ်သန်းရွှေ အပေါ် သူ့အမြင်ကို ပြောခဲ့ပါသေးတယ်။ အဲဒါအပြင် "မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန် တဲ့ ရာဇဝတ်မှုလို ပြစ်မှုတွေက ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အခန်းကဏ္ဍကို စုံစမ်းဖေါ်ထုတ်ဖို့ စုံစမ်း စစ်ဆေးရေး ကော်မရှင်တရပ် ရှိသင့်တယ်လို့ တခြားသူတွေ ယုံကြည်သလို ကျနော်လည်း ယုံကြည်တယ်ဆိုတဲ့ အကြောင်း ကိုလည်း ကျနော် အကြမ်းဖျဉ်းဖေါ်ပြထားပါတယ်။" လို့ သူရည်ရွယ်ချက် ကိုလည်း ဧရာဝတီမဂ္ဂဇင်းကို ထုတ် ဖော် ပြောပြခဲ့ပါသေးတယ်။

ဒီစာအုပ်အကြောင်းကို သူက မြန်မာပြည်ကို သတင်းလွှင့်နေတဲ့ လွတ်လပ်တဲ့အာရှအသံ စသဖြင့် သတင်းမီဒီယာ တွေလည်း ထုတ်ဖော်ပြောခဲ့ပါသေးတယ်။ ဗိုလ်ချုပ်သန်းရွှေက အာဏာကို ဘယ်လိုနည်းသုံးရသုံးရ ဆက်ပြီး ထိန်းသိမ်း ထားမယ့်သူဖြစ်တယ်ဆိုတာ သူ့အမြင်ကို ဖော်ပြပြောဆိုထားခဲ့ပါသေးတယ်။ ဒီစာအုပ် အကြောင်းကို မြန်မာပြည် ကိစ္စအပေါ် အကြားအမြင်များတဲ့ စာရေးဆရာ ဘာတေးလ်လင့်တနာက သုံးသပ်ရာ မှာတော့ အကောင်းဖက်က ဖော်ပြ သုံးသပ်ခဲ့ပါတယ်။ ဘာတေးလ်က ထပ်ပြီးဖြည့်စွက်ဖော်ပြထားတာကတော့ ဗိုလ်ချုပ် သန်းရွှေအာဏာရလာရာ လမ်းတလျှောက် စစ်သားဘဝမှာလည်း တကယ်စစ်မြေပြင်က တိုက်ခိုက်ပြီး တက်လာခဲ့တဲ့သူ မဟုတ်ဘူး၊ သူက စိတ်ဓာတ်စစ်ဆင်ရေးဌာနကနေ တက်လာသူဆိုတာလည်း ဖော်ပြခဲ့ပါ တယ်။ တချိန်က မြန်မာပြည်က စစ်အာဏာရှင်ကြီး ဦးနေဝင်းသေတဲ့အခါ နောင်လာမယ့်မျိုးဆက်တွေနဲ့ အပြောင်းအလဲတွေ ဖြစ်ကောင်းရဲ့ဆိုပြီး၊ စိတ်ကူးယဉ်ခဲ့ကြတာဟာ မှားခဲ့ကြောင်း၊ အခုအချိန်မှာလည်း ရွေး ကောက်ပွဲကို ထောက်ခံပြောဆိုနေသူတွေ၊ ဗိုလ်ချုပ်သန်းရွှေအလွန်ကာလမှာ ဒီမိုကရေစီအပြောင်းအလဲ အတွက် ဦးတည်သွားလိမ့်မယ်လို့ ယူဆထားတဲ့သူတွေ ဖတ်သင့်တဲ့စာအုပ်ကောင်းတအုပ်လို့ ဘာတေးလ် လင့်တနာက ညွှန်းဆိုခဲ့ကြောင်းပါခင်ဗျား။

နောက်တပတ်မှာတော့ ဗိုလ်ချုပ်သန်းရွှေ ငယ်စဉ်ဘဝအကြောင်းတွေ ရေးသားတင်ပြထားတာကို ဆက်လက် တင်ပြ ပါမယ်။ အားလုံး ငြိမ်းချမ်း ပျော်ရွှင်ကြပါစေ။


(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)


Share/Bookmark

1 comment:

သုခုမလေဒီ said...

read more က ဘာလို့နှိပ်မရတာပါလဲ???

Recent Comments