Pages

Friday, September 4, 2009

ချစ်သမီးငယ် (၉)


မိတ်ဆွေများအတွက် စာလက်ဆောင်ကဏ္ဍမှာ ကွယ်လွန်လေသူ ကေအဲန်ယူ ခေါင်းဆောင် ဖဒိုမန်းရှာရဲ့ သမီး ဖြစ်သူ ဇိုရာဖန်း ရေးသားတဲ့ ချစ်သမီးငယ် စာအုပ်အကြောင်း တင်ပြနေပါတယ်။ အခုတပတ်မှာတော့ ဇိုရာဖန်း တယောက် အင်္ဂလန်နိုင်ငံကို ကျောင်းတက်ဖို့ရောက်လာပြီး၊ သူရှင်သန်ဖို့ ရုန်းကန် ကြိုးပမ်းရပုံ၊ နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ပါဝင် လာရပုံအကြောင်း တွေ ကို ဆက်လက်တင်ပြထားပါတယ်။

သောတရှင်မိတ်ဆွေများခင်ဗျား။
ဇိုရာဖန်းတယောက် ဘန်ကောက်မှာဘွဲ့ရအပြီး တောထဲကို ခဏ ပြန်ခဲ့တဲ့ ကာလက သူ့ဘဝတဆစ်ချိုးအတွက် အပြောင်းလဲ ကြီး ပြောင်းလဲစေခဲ့တယ် ဆိုပါတယ်။ သူတို့သူငယ်ချင်းတသိုက် ဖာပွန်ဒေသဖက်ကို ခရီးထွက် ဖြစ် ကြပါတယ်။ အဲဒီနေရာ မှာ သူတို့က အခု အိုင်ဒီပီလို့ခေါ်နေကြတဲ့ ပြည်တွင်း စစ်ဘေးက လွတ်ရာလွတ်ကြောင်း ထွက်ပြေးနေကြရတဲ့ ပြည်တွင်း ဒုက္ခသည်တွေကို တွေ့ကြုံလိုက်ရပါတယ်။ နယ်စပ်ဒေသက ဒုက္ခသည်စခန်းကို လည်း မရောက်နိုင်ဘဲ ပြည်တွင်းမှာပဲ တဝဲလည်လည် စစ်ပြေးနေကြရတဲ့ စစ်ဘေးဒုက္ခသည် တောင်ပေါ်ရွာသားတွေပါ။ ဇိုရာဖန်းတွေးမိတာက သူ့ဘဝကတော့ မြို့ပေါ်မှာ ကျောင်းတက် နေစဉ်ကာလ ၃-၄ နှစ်မှာ အပြောင်းကြီး ပြောင်းသွား ရပေမယ့်၊ အခု ပြည်တွင်းဒုက္ခသည် တွေရဲ့ ဘဝက အရင်သူတို့ထွက်သွားစဉ်ကာလလို၊ ဒီထက်အရင်ပိုကျတဲ့ ကာလတွေလို ဘာမှပြောင်းလဲတိုးတက်ခြင်း မရှိပါဘူး။ သူတို့ပြောပြတဲ့ဒုက္ခတွေကို ဇိုရာဖန်းတို့နားမဆန့်အောင် ကြားကြရပါတယ်။ စစ်တပ်က ဒီနှစ်မှာပဲ ရွာကို ဝင်ဖျက်ဆီးတာ ၄ ကြိမ်ရှိပြီ၊ စိုက် ပျိုးသီးနှံတွေလည်း မဖြစ်၊ ကလေးတွေလည်း ပုံမှန်ကျောင်းမတက်နိုင်၊ ဒါ့အပြင် စစ်တပ်က လူမဆန်စွာ ရိုက်နှက် နှိပ်စက်နေတဲ့အကြောင်း၊ ကရင်တိုင်းရင်းသူတွေဆိုရင် မုဒိမ်းပြု ကျင့်တာပါ ခံရတဲ့အကြောင်းတွေကို ကြားခဲ့ကြရ ပါတယ်။ သူတို့လည်း ပါသမျှငွေကြေး၊ ဆေးဝါး၊ ပစ္စည်းတွေ ကူခဲ့ကြတာ ပါသမျှ အကုန်ကုန်တဲ့ အထိပါပဲ။ ဒီအကူအညီမျှ လောက်နဲ့ မဖြစ်နိုင်ဘူး။ သူတို့ ဆက်ကူညီ ရမယ်ဆိုတာ သဘောပေါက်ကြပါတယ်။ ဒီကြားထဲမှာ မြန်မာစစ်တပ်က ထိုးစစ် ဝင်လာခဲ့လို့ သူတို့ပါ အတူရောပြေးကြရပါသေးတယ်။

သူက အင်္ဂလန်မှာ ဘွဲ့လွန်ဆက်တက်ခွင့်ရတာ ဆက်မတက်တော့ဘဲ ကရင့်တော်လှန်ရေးလှုပ်ရှားမှုမှာပဲ ဝင်လုပ်တော့ မယ်။ အခုကရင်ဒုက္ခသည်တွေကို ကူညီမယ်လို့ ဆုံးဖြတ်တော့လည်း သူ့အဖေဖဒိုမန်းရှာက မငြင်းပါဘူး။ သူ့သမီးအတွက် အဖေတူသမီးလို့ ဂုဏ်ယူနေတဲ့မျက်လုံးတွေကို မြင်ရပါတယ်။ ဒါပေမယ့် နောက်ဆုံး သူက အကြောင်းကြောင်းကြောင့် အင်္ဂလန်နိုင်ငံက (East Anglia University) တက္ကသိုလ်မှာ နိုင်ငံရေးနဲ့ ဖွံ့ဖြိုးရေး ဘာသာရပ်တွေကို လေ့လာတဲ့ မဟာ ဝိဇ္ဇာဘွဲ့ယူဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီအချိန်မှာ သူ့မောင်လေးဆလုန်း ဖန်းကလည်း ကနေဒါတက္ကသိုလ်တခုမှာ ပညာသင် ဆုရပါတယ်။ ဒီလိုနဲ့ သူအင်္ဂလန် ရောက်လာခဲ့ရပါတယ်။

သူ့အဖေနဲ့အတူ ရှိနေစဉ်ကာလမှာ သူ့အဖို့မျှော်လင့်မထားတဲ့ ကြောက်ရွံ့ဖွယ်ကိစ္စတခုလည်း ဖြစ်ခဲ့ပါသေး တယ်။ ဖဒိုမန်းရှာ ကြည့်ရှုစောင့်ရှောက်ထားတဲ့ (နအဖ) တပ်ပြေး ကလေးစစ်သားတယောက်က သူတို့ကို သတ်ဖို့ စစ်အစိုးရ ထောက်လှမ်း ရေးက တာဝန်ပေးလိုက်တာ ဖြစ်ပေမယ့်၊ သူနောက်ဆုံး မသတ်ရက်ကြောင်း ဖွင့်ဟဝန်ခံလာတာ ဖြစ်ပါတယ်။ ဖဒိုမန်းရှာ က တော်လှန်ရေးဖက်က အထင်ကရခေါင်းဆောင်ဖြစ်လာတဲ့ အပြင် ကေအဲန်ယူအဖွဲ့နဲ့ စစ်အစိုးရအကြား အပစ်အခတ် ရပ်စဲရေး မဖြစ်နိုင်တာကလည်း ဖဒိုမန်းရှာကြောင့်လို့ ယူဆ ထားလေတော့ သူ့ကို အပြတ်ရှင်းချင်ကြပါတယ်။ ဒီကလေးက သူ့ကို လူလို ကြင်ကြင်နာနာဆက်ဆံတာတွေ တွေ့ရပြီး နောက်ဆုံးအခုလို ဖွင့်ဟဝန်ခံလာတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဇိုရာ ဖန်း အံ့သြရတာက သတ်ဖို့ခိုင်း လိုက်တဲ့အထဲမှာ သူ့နာမည်ပါ ပါနေတာပါ။ သူ့အဖေရဲ့ အသည်းနှလုံး၊ အချစ်ဆုံးသမီးဆို တော့ ဒီအကြောင်း ကြောင့် လုပ်ကြံချင်ပုံရတယ်လို့လည်း သိရပါတယ်။ သူ့အဖို့ မျှော်လင့်မထားတော့ အစိုးရိမ်ကြီး စိုးရိမ်မိပါတယ်။

အင်္ဂလန်ကို စာရွက်စာတမ်းအတုတွေနဲ့ လာခဲ့တဲ့အကြောင်း ဇိုရာဖန်းက ဖော်ပြခဲ့ပါတယ်။ အင်္ဂလန်မှာ သူ့ အမ ဘွားဘွား က ကြိုတင်ရောက်နှင့်နေပြီး ကျောင်းတက်နေပါတယ်။ သူ့အမေဆီမှာ ခဏနေပြီး ကျောင်းတက်ရမယ့် မြို့ဆီကို ဆက် ထွက်ခဲ့ပါတယ်။ တချိန်က သူတို့စိတ်ကူးယဉ်ခဲ့တဲ့ ကရင့်တော်လှန်ရေးဥက္ကဌ စောဘဦးကြီးလို အင်္ဂလန်မှာ ကျောင်းတက် ချင်တယ် ဆိုတဲ့အိပ်မက်တော့ အကောင်အထည်ဖော်ခဲ့ပါပြီ။

ဒီလိုနဲ့ ကျောင်းတက်နေတုန်းတရက်မှာ ၂ဝဝ၅ ခုနှစ် ဇွန်လ ၁၉ ရက်နေ့မှာ အင်္ဂလန်မှာဆန္ဒပြပွဲရှိတယ်။ အင်္ဂလန်မှာရှိတဲ့ မြန်မာသံရုံးရှေ့မှာ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ပွဲ အထိမ်းအမှတ် ကျင်းပတဲ့အနေနဲ့ဆန္ဒပြပွဲ ကျင်းပမယ်။ သူ့အမ ဘွားဘွားနဲ့အတူ သူ့ကိုလည်း လာအောင်ဖိတ်ပါဆိုလို့ သူကျောင်းတက်နေတဲ့နော်ဝစ်ခ်ျ မြို့ကလေးကနေ လန်ဒန်ကို လာခဲ့ပါတယ်။ ဒီဆန္ဒပြပွဲက သူ့တသက်မှာ ပထမဦးဆုံးကြုံရတာ ဖြစ်သလို၊ သူ ကြားဖုးတဲ့ (၈) လေးလုံးက ကျောင်းသား တွေဆန္ဒပြကြသလို သူကိုယ်တိုင်လည်း နိုင်ငံရေးလှုပ်ရှားမှုထဲ ပါဝင် ဆင်နွှဲရမယ့် အခွင့်အရေးတခု ဖြစ်တာကြောင့်လည်း သူရင်ခုန်နေမိပါတယ်။ ဆန္ဒပြပွဲကို သွားတဲ့လမ်းမှာ သူ့ အဖေ ဖဒိုမန်းရှာကို ဖုန်းဆက်လို့လည်း ဂုဏ်ယူစွာ ပြောပြမိ ပါသေးတယ်။ သူ့အဖေကလည်း ဝမ်းသာနေပုံရပါ တယ်။ ဆန္ဒပြပွဲမှာ သူ့ကို လူအများရှေ့ စကားပြောဖို့ တိုက်တွန်းကြ ပါတယ်။ သူကလည်း စိတ်တွေလှုပ်ရှားနေ တော့ ဘာပြောမိမှန်း မသိလောက်အောင်ပါပဲ။ ဆန္ဒပြပွဲပြီးသွားတော့ အင်္ဂလိပ် တယောက်က သူ့ကို လာ မိတ်ဆက်ပါတယ်။ (Burma Campaign UK) လို့ခေါ်တဲ့ အင်္ဂလန်မှာ မြန်မာ့အရေး စည်းရုံး လှုပ်ရှားနေတဲ့ အဖွဲ့က မာ့က် ဖာမနာ (Mark Farmner) ပါ။ သူတို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့လည်း တိုက်တွန်းပါတယ်။ ဇိုရာဖန်းကတော့ ကျောင်းတပိုင်းတစနဲ့မို့ အဖြေမပေးမိသေးပါဘူး။

ဒါပေမယ့် ကျောင်းတက်နေစဉ်တရက်မှာ သူ့ဆီကို မာ့က်က ဖုန်းခေါ်လာပါတယ်။ အခုအချိန်မှာ ဂိုင်း ဟော်တွန် (Guy Horton) လို့ခေါ်တဲ့သူတဦးက ရေရှည်သုတေသနလုပ်လာပြီး အခုအစီရင်ခံစာတခု ထုတ်ပြန်တဲ့ အကြောင်း၊ မြန်မာပြည် က စစ်အစိုးရ ကျူးလွန်တဲ့ ရက်စက်မှုတွေက လူမျိုးတုန်းသတ်ဖြတ်မှုစစ်ပွဲအဆင့်ကို ရောက်နေပြီဆိုတာ ဒီအစီရင်ခံစာက သုံးသပ်ထားကြောင်း၊ အခု ဒီကိစ္စနဲ့ပတ်သက်လို့ ဘီဘီစီ ကမ္ဘာတလွှား သတင်းဌာနက ကရင်တဦးကို ကိုယ်တွေ့ အတွေ့ အကြုံမေးမြန်းလိုလို့ ကူညီပါလို့ ဆိုလာပါတယ်။ သူလည်း ဖြေပေးပါမယ်လို့ ကတိပြုလိုက်ပါတယ်။ ဘီဘီစီဆိုတာတော့ သူကြားဖူးပါတယ်။ သူ့အဖေ၊ အမေတွေ တောထဲ မှာ အမြဲနားထောင်နေတဲ့ ရေဒီယိုတခုပါ။ အခု အစီအစဉ်ကတော့ ကမ္ဘာတလွှားပြသမယ့် အစီအစဉ်ဖြစ်ပြီး လူ သန်းပေါင်းများစွာ ကြည့်ကြပါတယ်။ သူတောထဲ ရှင်သန်ကြီးထွားလာရပုံ၊ စစ်ပြေးရပုံတွေကို သူပြန်ပြောပြနိုင်ခဲ့ ပါတယ်။ သူ့အခန်းမှာ တီဗွီမရှိလို့ မကြည့်ရပေမယ့် သူ့ကို ပြန်ချီးကျူးကြတာ ကြားရ ပါတယ်။

တရက်မှာ နယ်စပ်က ဒုက္ခသည်တွေ စစ်ပြေးကြရပြန်ပြီ။ စစ်အစိုးရက ဘယ်လိုဖိနှိပ်နေတယ်ဆိုတာ မိတ်ဆွေ တယောက် က အသေးစိတ် အီး-မေးလ်ပို့လာတော့ သူလည်း မနေနိုင်တော့ဘဲ မာ့က်ဖာမနာကို ဖုန်းခေါ် မိပါတယ်။ တခုခုတော့ လှုပ်ရှားကြဖို့သင့်ပြီလို့ တိုက်တွန်းပါတယ်။ နောက်တော့ ဗြိတိသျှအစိုးရကနေ ပြည်တွင်း ဒုက္ခသည်တွေဆီ အကူအညီပေး နိုင်ဖို့အရေး သူတို့စတင် တိုက်တွန်းကြပါတယ်။ ဒီလို စတင်လှုပ်ရှားရာကနေ ဇိုရာဖန်းကို လူသိများလာပါတယ်။

နောက်တပတ်မှာတော့ အင်္ဂလန်မှာ ခိုလှုံခွင့်တောင်းခံတော့ သူကြုံတွေ့ရတဲ့ အန္တရာယ်၊ နိုင်ငံတကာ ခေါင်း ဆောင်တွေ တွေ့ရတဲ့အထိ၊ စင်မြင့်ကြီးတွေမှာ ဟောပြောရတဲ့အထိ သူကျော်ကြားလာပုံတွေကို ဆက်လက် တင်ပြပါမယ်။ အားလုံး ငြိမ်းချမ်းပျော်ရွှင်ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

1 comment:

ငြိမ်းဝေ said...

ကိုယော
ကျနော် ကဗျာတပုဒ်ရေးထားတယ်။
လာဖတ်ကြည့်ပေးပါအုန်း။

Recent Comments