Pages

Friday, February 27, 2009

နိုင်ငံသစ် မနက်ဖြန် (၁၇)။ သွေးထွက်သံယို ဖြစ်ရပြန်ခြင်း


သောတရှင်မိတ်ဆွေများခင်ဗျား။
တောင်အာဖရိကနိုင်ငံရဲ့ ဒီမိုကရေစီဖွဲ့စည်းပုံသစ် ရေးဆွဲဖို့အတွက် "ကိုဒက်ဆာ" လို့ခေါ်တဲ့ ပါတီ ပေါင်းစုံ ညီလာခံကြီးတော့ စနေပါပြီ။ သို့သော်လည်း ပြဿနာက အများသားပါ။ အတွင်းမှာ မကျေလည် သဘောကွဲ နေကြတာ ရှိသလို ပြင်ပမှာလဲ လူမျိုးစုချင်း သွေးချောင်းစီး သတ်ဖြတ်မှု တွေလည်း ဖြစ်ပေါ်နေခဲ့ပါတယ်။ ဒီလို အခက်အခဲ၊ ပြဿနာတွေကြောင့် ရှေ့ခရီးမဆက်နိုင်ဘဲ နောက်ပြန်ဆုတ်ခဲ့ရပုံတွေကိုလည်း ဆက်လက် တင်ပြပါမယ်။

ကိုဒက်ဆာ ပါတီပေါင်းစုံ ညီလာခံပထမပိုင်းကို ဒီဇင်ဘာလအတွင်း ကသုတ်ကရက် ကျင်းပပြီး နားခဲ့ကြပါတယ်။ ဒီဇင်ဘာ လမှာ လူအများက အနားယူ ခွင့်သွားကြဖို့ တာစူနေကြသလို၊ ၁၉၉၁ ခုနှစ်အတွင်းမှာ ဒီ ညီလာခံကို မဖြစ်ဖြစ်အောင် ကျင်းပမယ်ဆိုပြီးသာ စခဲ့ကြတာပါ။ တခဏသာ ဆွေးနွေးကြရပြီး ရပ်နားခဲ့ကြ ရပါတယ်။ နောက်တကြိမ် ကိုဒက်ဆာ-၂ လို့ခေါ်တဲ့ ညီလာခံကိုတော့ ၁၉၉၂ ခုနှစ်၊ မေလမှာ ပြန်ကျင်းပပါ တယ်။

ဒီမှာတော့ လူဖြူအစိုးရက အဆိုသစ်တခု ထပ်တင်လာပြန်ပါတယ်။ ကြားကာလ ဖွဲ့စည်းပုံအတွက် ကြား ကာလ အုပ်ချုပ် ရေး ဖွဲ့စည်းပုံတခု ရှိသင့်တယ်။ ကြားကာလ ပါလီမာန်က ဒီဖွဲ့စည်းပုံကို ရေးသင့်တယ်လို့ ဆိုလာပြန်ပါတယ်။ ပါလီမာန် လွှတ်တော် ၂-ခု ရှိမှာ ဖြစ်ပြီး၊ အနှစ်သဘောပြောရရင် လူဖြူ အမျိုးသား ပါတီနဲ့ ဟုမ်းလင်းခေါ်တဲ့ တိုင်းရင်းသားနယ် အကြီးအကဲတွေက ဗီတိုအာဏာ ယူထားမယ့်ပုံ ပေါ်နေပါတယ်။ နောက်ဆုံး အာဏာခွဲဝေအုပ်ချုပ်ရေးကို နည်းအမျိုးမျိုးနဲ့ လှည့်ဖျားပြောတဲ့ပုံ ပေါ်နေပါတယ်။ ဒါ့အပြင် အခြား ပြဿနာတခုကလည်း ရာခိုင်နှုန်းကိစ္စနဲ့ ဆိုင်နေပါတယ်။ လွှတ်တော် က ကိစ္စတခုခုကို ဆုံးဖြတ်လိုရင် ၇၅ ရာခိုင်နှုန်း မဲရမှ ဆုံးဖြတ်ခွင့်ရှိမယ်ဆိုပြီး လူဖြူ အမျိုးသားပါတီက တင်းခံနေတာပါ။ ဒီလိုသာဆိုရင် ဆုံးဖြတ် ချက် အများစု ကျနိုင်ဖို့ မရှိတော့ပါဘူး။ လူမဲတွေရဲ့ အေအန်စီပါတီက ၃ ပုံ ၂ ပုံ အထိ လိုက်လျော ပေးပါသေး တယ်။ သူတို့က ဒါဟာ နိုင်ငံတကာ စံချိန်စံညွှန်းပဲဆိုပြီးလည်း ထောက်ပြကြပါသေးတယ်။ ဘာကိစ္စ ဆွေးနွေး၊ ဆွေးနွေး ဒီအချက်ကြောင့်သာ တစ်ဆို့နေကြရပါတော့တယ်။

နောက်ဆုံးတော့ ညီလာခံ အလုပ်အဖွဲ့ (၅) ခုအနက်က အရေးကြီးကိစ္စတွေ ဆွေးနွေးတဲ့ အဖွဲ့ (၂) မှာ မကျေ လည်နိုင် ဖြစ်နေကြ ပြီး ရှေ့မဆက်နိုင် ဖြစ်နေကြရပါတယ်။ မေလ ၁၅ ရက်နေ့ရောက်တဲ့ အခါမှာတော့ ဒီမကျေလည်မှုတွေက ပေါက်ကွဲစရာ ဖြစ်လာပါတော့တယ်။ အလုပ်အဖွဲ့က ဆွေးနွေးရရှိချက် ရလဒ်တွေကို ပြန်တင်ပြရမယ့် အချိန်မှာ မကျေလည်နိုင်ဖြစ်နေကြပြီး အစည်းအဝေး အချိန်ကို အကြိမ်ကြိမ် နောက်ဆုတ် နေကြရပါတယ်။ အခြားအဖွဲ့တွေကလည်း သူတို့ ဆွေးနွေးချက်တွေကို ရပ်လို့ အဖွဲ့ (၂) ကို စောင့်နေကြရပါ တယ်။ နောက်ဆုံး ညနေမှာတော့ လူမဲတွေရဲ့ အေအဲန်စီပါတီက အလုပ်အဖွဲ့ (၂) က ထွက်ကြောင်း တရားဝင် ကြေညာချက်ကိုသာ ကြားခဲ့ကြရပါတော့တယ်။

အဲသည်အချိန်မှာ တဖက်နဲ့တဖက် သံသယဖြစ်စရာ အခြေအနေကလည်း ရှိနေပါတယ်။ လူဖြူ အမျိုးသား ပါတီဖက်က၊ အစိုးရ ဖက်က ဦးဆောင်ဆွေးနွေးတဲ့ ဂဲရစ် ဗစ် ဂျူအန် က ပျောက်နေခဲ့တာ ကြာပါပြီ။ သူက အစိုးရတာဝန် က နားတော့မယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေပါတယ်။ သူ့အစား သဘောထားတင်းမာ တဲ့ သူတဦး အစားထိုးမယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေခဲ့ပါတယ်။ အေအန်စီဖက်က စိုးရိမ်နေတာ ကတော့ ဒီ အတိုင်းဆက်သွားနေရင် တသက်လုံး ယာယီဖွဲ့စည်းပုံနဲ့ ယာယီအစိုးရသဘော နေသွားရဖို့သာ ရှိနေပါတယ်။ တခုခု ပြင်ဆင်ချင်တယ်ဆိုရင်တောင် မလွယ်လှပါဘူး။ သည်တော့လည်း သူတို့က အဆိုပြု ပါတယ်။ အခု မကျေလည်တာတွေ ၆ လကြာအောင် ဆက်ဆွေးနွေး။ သည့်အခါထိတိုင် မကျေလည်ရင်တော့ လူအများစု ဆန္ဒခံယူပွဲ လုပ်ပြီး ဆုံးဖြတ်ဖို့ပါ။ သို့သော်လည်း လူဖြူအစိုးရဖက်ကလည်း သံသယရှိနေပါတယ်။ အေအဲန်စီက ၆ လ တိုင်အောင် အချိန်ဆွဲထားမယ်။ ပြီးတဲ့အခါ ရွေးကောက်ပွဲလုပ်ပြီး သူတို့လူများစု အုပ်ချုပ် ခွင့်ရတဲ့အခါမှ အခြေခံဥပဒေကို စိတ်ကြိုက်ဆွဲလိမ့်မယ်ဆိုပြီး စိုးရိမ်နေခဲ့ပါတယ်။ ညီလာခံကတော့ ပျက်တော့ မလို ဖြစ်နေပါပြီ။ နောက်ပိုင်းမှာ ညီလာခံ ရွှေ့ဆိုင်း ကြောင်း တရားဝင် ကြေညာလိုက်ပါတော့တယ်။

ညီလာခံ မအောင်မြင်တဲ့ သတင်းက လူတွေကို အတော်စိတ်ဓါတ်ကျသွားစေပါတယ်။ အပြောင်းအလဲတွေ တွေ့ရတော့မယ် မျှော်လင့်ထားပြီးကြခါမှ ယခုလို ဖြစ်လာတာပါ။ အစည်းအဝေးတွေက လျှို့ဝှက် ဆောင်ရွက် နေကြတော့လည်း အေအဲန်စီ အောက်ခြေထုတွေက သူတို့ကို ပစ်ပယ်ထားသလို ခံစားနေကြရပါတယ်။ သူတို့ ခေါင်းဆောင်တွေကိုလည်း သိပ်အလျှော့ပေး လွန်းနေပြီလားလို့ စိုးရိမ်သံသယ ဝင်နေကြပါတယ်။ လူထုအင် အားကို မေ့လို့ ရေပေါ်ဆီ နိုင်ငံရေး လုပ်နေပြီ ထင်လာကြ ပါတယ်။ နောက်ထပ်တကြိမ် လူထုအုံကြွမှု ပြန်ဖော် ရမယ်၊ ဖိအားပေးရတော့မယ် ဆိုတဲ့ အသံတွေလည်း ထွက်ပေါ်လာ နေပါတယ်။ တော်လှန်ရေး လှုပ်ရှားမှုနဲ့ အာဏာသိမ်းပိုက်ရေးဆိုတဲ့ ယခင် အိပ်မက်တွေလည်း ပြန်လည် ထကြွလာနေပါတယ်။ စစ်ပြန်မတိုက်ရင် တောင် လမ်းပေါ်ထွက်ကြရမယ်လို့ ဆိုနေကြပါပြီ။

သည်အချိန်မှာ အေအဲန်စီရဲ့ မူဝါဒတွေက သဘောထားတင်းမာသူတွေလက်ထဲ ပြန်ရောက်လာပါတယ်။ မင်ဒဲလားက တွေ့ဆုံ ဆွေးနွေး အဖြေရှာရေးကို ယုံကြည်သော်လည်း အများစုသဘောကို သူက လိုက်နာရပါတယ်။ အေအဲန်စီကို ပြန်ကြည့်မယ် ဆိုရင်လည်း သူက တသွေးတသံ၊ တပါတီသဘော မဟုတ်ပါဘူး။ အဖွဲ့ ပေါင်းစုံ မဟာမိတ်အဖွဲ့ကြီး ဖြစ်လေတော့ အားလုံး သဘောထားကို နာခံရပါတယ်။ ညီလာခံပျက်ပြီး ၂-ပတ်အကြာမှာ လုပ်တဲ့ အေအဲန်စီ မဟာဗျူဟာ အစည်းအဝေးမှာတော့ "လူထု လှုပ်ရှားမှုတွေ လှိုင်းလို လိမ့်နေစေရန်" ဆိုပြီး ဆုံးဖြတ်ချက် ကျလာခဲ့ပါတယ်။

ပြင်ပမှာလည်း လူမဲ လူမျိုးစုတွေအကြား သွေးထွက်သံယို တိုက်ခိုက်မှုတွေ ဖြစ်နေခဲ့ပါတယ်။ ဇူးလူး လူမျိုးစု ခေါင်းဆောင် ဘူသာလီဇီ ဦးဆောင်တဲ့ လက်မရွံ့တပ်ဖွဲ့တွေက အေအဲန်စီ ထောက်ခံတဲ့ လူထုတွေကို တိုက် ခိုက် သတ်ဖြတ်ကြတာပါ။ အေအဲန်စီ မြေပေါ် ပြန်ရောက်လာတဲ့အခါ ဇူးလူးလူငယ်တွေအတွက် ဆွဲဆောင်မှု တခု ဖြစ်လာပြီး အေအဲန်စီဖက်ကို ဘက် ပြောင်းကြပါတယ်။ ဘူသာလီဇီကတော့ အင်ကာသာနိုင်ငံရေး လှုပ်ရှားမှုဆိုပြီး သူ့ဟုမ်းလင်း တိုင်းရင်းသား နယ်ပယ်မှာ ၁၉၉ဝ ခုနှစ်လောက်ကတည်းက ပြန်အစပျိုး လုပ်ဆောင်နေခဲ့တာပါ။ ယဉ်ကျေးမှုနဲ့ နိုင်ငံရေး လှုပ်ရှားမှု ဆိုသော်လည်း ရိုးရာအရ ဆိုပြီး တုတ်၊ ဓါး၊ လက်နက် တွေ ကိုင်ဆောင်ခွင့် ရထားကြပါတယ်။ ဘူသာလီဇီကလည်း တချိန် နိုင်ငံရေးမှာ သူ့ပါတီကို ချဲ့ထွင်ဖို့ စဉ်းစား ထားသူပါ။

ဘူသာလီဇီ ဦးဆောင်တဲ့ လက်မရွံ့တပ်တွေက ကားတွေနဲ့ ရောက်လာပြီး ဆီဘိုကင်းအရပ်က လူနေအိမ် တန်းလျားတွေကို လာရောက်တိုက်ခိုက်ကြပါတယ်။ ဒီအိမ်တန်းလျားမှာ နေထိုင်တဲ့ လူတွေကို အတင်းနှင်ထုတ်ပြီး သူတို့က ဝင်နေကြတယ် လို့ ဆိုပါတယ်။ ဇူလိုင်လ ၁၄ ရက် ဆီဘိုကင်းအရပ် တိုက်ခိုင်မှုမှာ ဆိုရင် အေအဲန်စီ ထောက်ခံသူ လူမဲ လူဦးရေ ၃ဝ လောက် သေဆုံးခဲ့ရပါတယ်။ အခြားဒေသတွေမှာလည်း ဇူးလူးတွေက ကားတွေနဲ့ ဝင်လာတယ်။ တိုက်ခိုက်တယ်ဆိုတဲ့ သတင်းတွေ အနှံ့ဖြစ်နေခဲ့ပါတယ်။ လူစီးရထားမှာ၊ ဘတ်စ် ကားပေါ်မှာ မခွဲမခြား တိုက်ခိုက်တာတွေလည်း ရှိလာပါတယ်။ ဒီလို ဖြစ်နေစဉ် အချိန်တွေမှာ ရဲတွေက ရှိနေ သော်လည်း အရေးမယူ၊ တခါတရံ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိနေတယ်ဆိုတဲ့ သတင်းတွေက ဖြစ်နေတော့ လည်း အစိုးရက တမင်တကာ ထောင်ချောက်ဆင် လုပ်နေတာလားဆိုပြီး သံသယရှိလာကြပါတယ်။ လက် ဆုပ်လက်ကိုင် ပြစရာသက်သေ မရှိပေမယ့် တတိယအုပ်စုတခုက ပျက်စီးရာ ပျက်စီးကြောင်း လုပ်နေတယ် ဆိုပြီး ထင်စရာ ရှိလာပါတော့တယ်။

ဒီအချက်တွေကြောင့်လည်း မင်ဒဲလားနဲ့ ဒီကလပ်အကြား ဆက်ဆံရေး ပျက်စရာတွေ ဖြစ်လာခဲ့ပါတယ်။ မင်ဒဲလားက အရင် အချိန်တွေက ပြင်းပြင်းထန်ထန် မဝေဖန်သော်လည်း၊ နောက်ပိုင်းမှာ ပြင်းပြင်းထန်ထန် စွပ်စွဲ တိုက်ခိုက်မှုတွေ လုပ်လာခဲ့ပါ တယ်။ ယခုလို တိုက်ခိုက်မှုတွေမှာ တာဝန်ရှိတယ်လို့ မစွပ်စွဲပေမယ့် အရေးမယူ လွှတ်ထားတာကိုတော့ မင်ဒဲလားက ပြင်းပြင်းထန်ထန်ကို ဝေဖန်ခဲ့ပါတယ်။

ဒီလိုနဲ့ ဇွန် ၁၆ မှာ ဆိုဝီတို အရေးအခင်း နှစ်ပတ်လည် သပိတ်ကြီးမှောက်ဖို့ ပြင်ဆင်ကြပါတော့တယ်။ ဆိုဝီတို ဆိုတာက ၁၉၇၆ က အလုပ်သမားအရေးအခင်းတွေဖြစ်ပြီး လူမဲအာဇာနည် အမြောက်အများ အသက်ပေးခဲ့ ကြရတဲ့ ဖြစ်ရပ်ပါ။ အဲသည်အချိန် မှာပဲ ဇွန်လ ၁၇ ရက်နေ့မှာ ဘွိုင်ပါတောင် အရပ်မှာ သွေးထွက်သံယို တိုက်ခိုက်မှုကြီး ဖြစ်လာပါ တော့တယ်။ ဇူးလူး လက်မရွံ့ တွေက သတ်လို့ တန်းလျားမှာနေကြသူ လူမဲ ၃၈ ဦး သေကြေ ခဲ့ရပါတယ်။ ရဲတွေကလည်း ပူးပေါင်းပါဝင်မှုရှိတယ်လို့ လူအများက ယုံကို ယုံကြည်နေကြပါပြီ။ နောက် ၃ ရက် အကြာမှာ သမ္မတ ဒီကလပ် က ကျေအေးရာ၊ ကျေအေးကြောင်း ဘွိုင်ပါတောင်အရပ်ကို သွားကြည့်ပါတယ်။ သည်တော့မှပဲ အခြေအနေက ပိုဆိုးရပါတော့တယ်။ ဒီကလပ်ကို လူထုကြီးက ဝိုင်းအုံဆန္ဒပြကြသလို လူစုခွဲ ပစ်ခတ်ရင်း နောက်ထပ်လူသေတာ၊ သွေးထွက်သံယိုဖြစ်ရတာ စသဖြင့် မအေးရာ မအေးကြောင်း ကိစ္စတွေ လည်း ဖြစ်လာခဲ့ရပါတယ်။ လူမဲတွေက မင်ဒဲလား လာစကားပြောတာကိုတောင် နားမထောင် နိုင်ကြတော့ ပါဘူး။ လူမဲတွေ သတ်ဖြတ်ခံနေရချိန်မှာ သူက လူသူတော် ကောင်းကြီး လုပ်နေတယ်လို့ စွပ်စွဲပြီး စင်ပေါ်က အော်ချကြပါတယ်။

နောက်တော့ မင်ဒဲလားကလည်း ဆွေးနွေးပွဲတွေက နှုတ်ထွက်ကြောင်းနဲ့ တောင်းဆိုချက် (၁၄) ခုကို တောင်းပါတယ်။ ဒီလို တင်းမာနေတဲ့ အချိန်မှာ လူဖြူအစိုးရဖက်က ငြင်းပယ်လိုက်တာကလည်း အံ့သြစရာတော့ မဟုတ်ပါဘူး။ တဖက်က အုံကြွ လှုပ်ရှားရေး တိုက်ပွဲခေါ်သံတွေက ပြင်းထန်နေသလို၊ နောက် ၃-လမှာတော့ အေအဲန်စီ နဲ့ လူဖြူအစိုးရအကြား ထုတ်ပြန် ကြေညာချက် စစ်ပွဲကြီး စတင်လာနေပါတော့တယ်။ အရင်က ပြေလည်မယ် ထင်ထားခဲ့တဲ့ အိပ်မက်တွေလည်း ပျောက်ခဲ့ကြ ရပါပြီ။ နောက်တပတ်မှာတော့ အကြမ်းဖက်မှုတွေကို ဘယ်သူ တွေက စီစဉ်နေသလဲ၊ ဘယ်လို လမ်းမှန်ပေါ် သူတို့ ပြန်ရောက် ကြမလဲ ဆိုတာတွေ ဆက်လက်တင်ပြပါမယ်။ အားလုံး ငြိမ်းချမ်းပျော်ရွှင်နိုင်ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

No comments:

Recent Comments