
မိကျောင်းအိုကြီးလို့ အများက ခေါ်နေကြတဲ့ သမ္မတဟောင်း ဘိုသာရဲ့ နောက်ဆုံးနေ့ရက်တွေ ရောက် လာခဲ့ပါ တယ်။ နောက်ဆုံးမှာတော့ သူ့ရဲ့ဝန်ကြီးတွေက အနားယူဖို့ အတင်းအကျပ် တောင်းဆို လာတာနဲ့ ကြုံခဲ့ရပါ တယ်။ ဒီလို သမ္မတဘိုသာနှုတ်ထွက်ခဲ့ရတဲ့ကိစ္စက အာဏာသိမ်းမှုလို့လည်း ပြောကြပါတယ်။
သောတရှင် မိတ်ဆွေများခင်ဗျား
၁၉၈၉ ခုနှစ်၊ ဖေဖေါ်ဝါရီလ နှလုံးရောဂါခံစားရပြီး အနားယူနေရာကနေ ပြန်ကောင်းလာတဲ့အခါမှာ သမ္မတ ဘိုသာက အမျိုးသားပါတီရဲ့ ခေါင်းဆောင်အဖြစ်ကနေ နှုတ်ထွက်ပေးမယ်၊ သို့သော် အစိုးရအကြီးအကဲ သမ္မတ ရာထူးကိုတော့ ဆက်ယူထားမယ်လို့ ပြောလာပါတယ်။ ဒီလိုအဖြစ်မျိုးက တောင်အာဖရိကနိုင်ငံ သမိုင်းမှာ မရှိခဲ့ဖူးပါဘူး။ ပုံမှန်အားဖြင့် အင်အားအကြီးဆုံးပါတီ ခေါင်းဆောင်က အစိုးရအဖွဲ့ အကြီးအကဲ တာဝန်ကို ယူကြရစမြဲပါ။ ဒီနောက်မှာတော့ သမ္မတ ဘိုသာနောက်ပိုင်း ပါတီကို ဆက်လက်ဦးဆောင်ဖို့ လျာထားသူ ၄ ယောက်ရှိတဲ့အထဲ က အက်ဖ်-ဒဗလျူ-ဒီကလပ်ကို ပါတီဝင်တွေက ပါတီဥက္ကဋ္ဌအဖြစ် ဆန္ဒပေး ရွေးချယ်ခဲ့ ကြပါတယ်။ ဘိုသာ ကတော့ သမ္မတအဖြစ် ဆက်လက်ရှိနေဆဲ ဖြစ်ပါ တယ်။
၁၉၈၉ ခုနှစ်သြဂုတ်လ (၁၄) ရက်နေ့မှာတော့ သမ္မတ ဘိုသာ နှုတ်ထွက်ပေးလိုက်ရတဲ့ အစည်းအဝေး ဖြစ်လာခဲ့ပါတယ်။ ဒီ အစည်းအဝေးကို သမ္မတဘိုသာက ဒေါသတကြီးနဲ့ ခေါ်ဆိုခဲ့တာပါ။ အကြောင်းကတော့ အိမ်နီးချင်း ဇမ်ဘီယာသမ္မတက တောင်အာဖရိကနိုင်ငံကို အလယ်လာပြီး ပါတီခေါင်းဆောင် ဒီကလပ်နဲ့ တွေ့ဖို့စီစဉ်ထားတာကို သူ့ကို အသိမပေးရ ကောင်း လားဆိုပြီး စိတ်ဆိုးနေလို့ ဖြစ်ပါတယ်။
နောက်ဆုံးတော့ ဒီကလပ်ဦးဆောင်တဲ့ ပါတီခေါင်းဆောင် ဝန်ကြီး (၁၅) ဦးက သမတဘိုသာကို အံတုဆွေးနွေးဖို့ ဖြစ်လာရပါ တော့တယ်။ အစည်းအဝေးမှာ ၃ နာရီကြာ မုန်တိုင်းထန်သလို ဆွေးနွေးခဲ့ကြရပြီး နောက်ဆုံးမှာတော့ သမ္မတဘိုသာအနေနဲ့ လက်လျှော့ပြီး နှုတ်ထွက်ပေးရဖို့ အခြေအနေ ဆိုက်ခဲ့ပါတော့တယ်။ ဘိုသာကို အစဉ်တစိုက် ရပ်တည်ထောက်ခံခဲ့ကြတဲ့ ဗိုလ်ချုပ်တွေ၊ ဝန်ကြီးတွေကတောင် သူနှုတ်ထွက်သင့်တယ်လို့ တင်ပြ လာခဲ့ကြပါပြီ။
သမ္မတ ဘိုသာက "သတ္တိကြောင်တဲ့ ကောင်တွေ။ မင်းတို့ ဒီပုံဒီနည်းလုပ်တာဟာ ငါ့ ကောင်းကျိုးအတွက်၊ ငါ့ကျန်းမာရေး အတွက် လုပ်တယ်တော့ လာမပြောကြနဲ့။ သတ္တိရှိရင် ပွင့်ပွင့်လင်းလင်း အာဏာလိုချင်ရင် လိုချင်တယ် ပြောကြ။ မင်းတို့ လာတဲ့ပုံက အပြုံးနဲ့ လာတိုက်တွန်းတယ်။ လက်ထဲမှာတော့ ဓါးမြောင်ကိုယ်စီ ကိုင်ထားကြတဲ့ ပုံဖြစ်နေတယ်။" လို့ သူ့စိတ်ထဲ ခံစားနေရတာတွေကို ထုတ်ပြောခဲ့ပါတယ်။
ဒီလိုနဲ့ တောင်အာဖရိကနိုင်ငံမှာ နှစ် ၂ဝ ကျော် အုပ်ချုပ်ခဲ့တဲ့ သမ္မတဘိုသာရဲ့ အခန်းကဏ္ဍ ပြည်ဖုံးကားလည်း ချသွားပါတယ်။
နောက်ပိုင်းမှာတော့ ၁၉၈၉ ဖေဖေါ်ဝါရီလမှာ ဒီကလပ်က အမျိုးသားပါတီခေါင်းဆောင်အဖြစ် ရွေးကောက်ပွဲ ဝင်ပြီး တောင် အာဖရိက နိုင်ငံရဲ့ သမ္မတဖြစ်လာခဲ့ပါတယ်။ သူရဲ့ သမ္မတအဖြစ် ပြောတဲ့ အဖွင့်မိန့်ခွန်း၊ တနည်း သမ္မတသစ် ကျမ်းသစ္စာ ကျိမ်ဆိုပွဲမှာ ပြောတဲ့ ၃၅ မိနစ်တာ မိန့်ခွန်းဟာ တောင်အာဖရိကနိုင်ငံရဲ့ သမိုင်းကို ပြောင်းပြန်လှန်ပစ်ခဲ့ပါတယ်။ ဒါပေမယ့် သမ္မတ အက်ဖ်-ဒဗလျူ-ဒီကလပ် အကြောင်းကို သိတဲ့ သူတွေက သူဘာကြောင့် ဒီလိုထူးထူးခြားခြား ဆုံးဖြတ်ချက်ချခဲ့ရတယ်၊ တောင်အာဖရိက နိုင်ငံကို ပြောင်းလဲစေခဲ့ရတယ် ဆိုတာကိုလည်း ပြန်ပြီးလည်း စူးစမ်း ရေးသားခဲ့ကြပါတယ်။
တကယ်တော့ ဒီကလပ်က ရှေးရိုးစွဲဝါဒီလို့ ဆိုကြပါတယ်။ ဘာသာရေးအရ ကိုးကွယ်ယုံကြည်မှုမှာတောင် တောင် အာဖရိက နိုင်ငံရဲ့ ဘာသာရေးကျောင်းတော်ဂိုဏ်း ၃ ခုအနက်က လူနည်းစုကိုးကွယ်တဲ့ စည်းကမ်း တင်းကျပ်လှတဲ့ ဂိုဏ်းကို ကိုးကွယ်တာ ဖြစ်ပါတယ်။ ဒီကလပ် ကိုယ်တိုင်ကလည်း ၁၈ဝ ဒီဂရီ ပြောင်းပြန်လှည့်ချိုး ပြောင်းလဲတာမျိုး မလိုလားကြောင်း ပြောင်ပဲ ဖွင့်ပြောခဲ့တာ တွေ ရှိပါတယ်။
သမ္မတသစ် ဒီကလပ်အဖို့ သဘောထား ပြောင်းလဲခဲ့ရတဲ့ အပေါ် လွှမ်းမိုးသက်ရောက်မှု ရှိနိုင်တဲ့ အချက်တွေကို လူအချို့က ခန့်မှန်းဖော်ပြခဲ့ကြပါတယ်။
ပထမတချက်က သူတို့ပြုပြင်ပြောင်းလဲရေး လုပ်ဖို့ စဉ်းစားခဲ့ကြစဉ် ယခင် ဖွဲ့စည်းပုံ ရေးဆွဲရေးကော်မရှင်တွေ မှာ သူပါဝင် ခဲ့ရပါတယ်။ အဲသည်မှာ လွှတ်တော် ၃ ရပ်ကိစ္စတွေ၊ တိုင်းရင်းသားတွေအတွက် ဟုမ်းလင်းခေါ်တဲ့ ပြည်နယ် ၁ဝ ခုကိစ္စတွေ စဉ်းစားခဲ့ရဖူးပါတယ်။ စဉ်းစားပုံက မြွေလိမ်မြွေကောက်နိုင်ပြီး၊ ပြဿနာတွေကလည်း အမယ်ဘုတ် သူ့ချည်ခင် ဆိုသလိုပါ။ သည်အနေအထားမှာ တခုခုတော့ ပြတ်ပြတ်သားသား လုပ်မှရတော့ မယ်ဆိုပြီး ခုလို ဆုံးဖြတ်လာပုံရတယ်လို့ ကျန်သူတွေက ခန့်မှန်း ဖော်ပြကြပါတယ်။
နောက်တချက်ကတော့ ကွန်မြူနစ်အင်ပိုင်ယာကြီးကို နိဂုံးချုပ်စေခဲ့တဲ့ ဂေါ်ဘာချော့ဖ်ရဲ့ ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်ပါတယ်။ ယခင်က တချိန်လုံး အေအဲန်စီ (ANC) နဲ့ တောင်အာဖရိက ကွန်မြူနစ်တွေရဲ့ လှုပ်ရှားမှုကို မော်စကိုက ချုပ်ကိုင်ထားခဲ့ တယ်လို့ အကြောက်လွန်နေခဲ့တာပါ။ ကွန်မြူနစ်တွေရဲ့ ခြေထိုးသပ်လျှိုမှုလို့လည်း လူဖြူ အုပ်စိုး သူတွေဖက်က ပြောခဲ့ကြပါတယ်။ အခုတော့ ဒီလိုအခြေအနေ မရှိတော့ပါဘူး။
ဒါတင်မကပါဘူး။ ပါတီခေါင်းဆောင်အဖြစ် ဒီကလပ်တာဝန်ယူနေရစဉ်မှာ နိုင်ငံခြားခရီးတွေ သွားခဲ့ရပြီး၊ ဗြိတိန်၊ ဂျာမဏီ၊ အီတလီ၊ ပေါ်တူဂီ၊ မိုဇမ်ဘစ်၊ ဇမ်ဘီယာ၊ ဇိုင်ယာနိုင်ငံတွေက ခေါင်းဆောင်တွေနဲ့လည်း အမြင်ဖလှယ်ခွင့် ရခဲ့ပါတယ်။ အားလုံးက အပြောင်းအလဲတွေ လုပ်သင့်ပြီ။ မဟုတ်ရင် ပိုလို့ အထီးကျန်လာမယ်ဆိုတာ ထောက်ပြခဲ့ကြပါတယ်။
နောက်တချက်ကတော့ စစ်အေးတိုက်ပွဲ နိဂုံးချုပ်လို့ တင်းမာမှုတွေ လျှော့ချဖို့ ကြိုးစားနေတုန်း၊ ၁၉၈၉ ခုနှစ်၊ အောက်တိုဘာ လမှာ နမီးဘီးယားနိုင်ငံကို လွတ်လပ်ရေးပေးဖို့ ညှိနှိုင်းသဘောတူညီ နိုင်ခဲ့ကြတဲ့ ကိစ္စပါ။ နမီးဘီးယား ဒေသကတော့ ယခင် ဂျာမနီရဲ့ ကိုလိုနီဖြစ်ပြီး၊ နိုင်ငံပေါင်းချုပ်အသင်းကြီးရဲ့ သဘောတူညီချက်အရ တောင် အာဖရိက နိုင်ငံက ၇၅ နှစ်ကြာ စောင့် ရှောက်ထိန်းသိမ်းပေးထားပေးဖို့ သဘောတူညီချက်ရှိခဲ့တဲ့ နိုင်ငံပါ။ အခုတော့ လွတ်လပ်ရေး ပြန်ပေးဖို့ ဖြစ်လာပြီး ယခင်တလျှောက်လုံး သူပုန်ထခဲ့ပြီး၊ တောင်အာဖရိက အစိုးရက နှစ်ပေါင်း (၃ဝ) ကြာ နှိပ်ကွပ်ခဲ့ရတဲ့ ဆွာပို (SWAPO) အဖွဲ့က ရွေးကောက်ပွဲ အနိုင်ရပြီး တည်တည်ငြိမ်ငြိမ်နဲ့ အာဏာလွှဲပေး နိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ အပြောင်းအလဲတွေလုပ်ရင် မငြိမ် မသက်ဖြစ်လာမယ်၊ ရုန်းရင်းဆန်ခတ်မှု တွေ ဖြစ်လာမယ် ဆိုတဲ့ လူဖြူအစိုးရရဲ့ စိုးရိမ်စိတ်ကိုလည်း လျှော့ကျစေခဲ့တာ အမှန်ပါပဲ။
တဖက်မှာလည်း နိုင်ငံတကာ စီးပွားပိတ်ဆို့မှု၊ ဖိအားတွေရဲ့ သက်ရောက်မှုလည်း ရှိနိုင်ပါသေးတယ်။ တိုင်းပြည်တွင်းမှာ တရုန်းရုန်းနဲ့ ဆူပူမှုတွေ အတောမသတ်နိုင်တာကလည်း ထည့်သွင်းစဉ်းစားစရာ ကိစ္စတခု ဖြစ်ပါလိမ့်မယ်။
နောက်ဆုံးမှာတော့ ဒီကလပ်ရဲ့ အတွေးအခေါ် ပြောင်းလဲလာမှုမှာ ဘာသာရေးကလည်း တနည်းတဖုံ ပတ်သက်မှု ရှိတယ်လို့ နီးစပ်သူတွေက ဆိုခဲ့ကြပါတယ်။ သမ္မတသစ် ဒီကလပ်ကိုယ်၌က အခုကိစ္စဟာ သူ့ကို ဦးဆောင်ဖို့ ဘုရားသခင် က တာဝန်ပေးခဲ့ တာလို့ ယုံကြည်ခဲ့တယ်လို့ ဆိုကြပါတယ်။ ဘာပဲဖြစ်ဖြစ် တောင်အာဖရိကနိုင်ငံမှာတော့ သူက အပြောင်းအလဲတခုကို ဖန်တီး ပေးခဲ့ပါပြီ။
နောက်အပတ်မှာတော့ မပြီးပြတ်သေးတဲ့ ပြုပြင်ပြောင်းလဲရေးခရီးကို ဆက်လက်တင်ပြပါမယ်။ အားလုံး ငြိမ်းချမ်းပျော်ရွှင် နိုင်ကြပါစေ။
(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)
No comments:
Post a Comment