Wednesday, February 25, 2009
နိုင်ငံသစ် မနက်ဖြန် (၁၆)။ ပြဿနာပေါင်း သောင်းခြောက်ထောင်
သောတရှင်မိတ်ဆွေများခင်ဗျား။
ဒီမိုကရေစီရှိတဲ့ တောင်အာဖရိကနိုင်ငံသစ်အတွက် ဖွဲ့စည်းပုံဥပဒေ ဆွေးနွေးပွဲကြီး စတင်နိုင်ခဲ့ပါပြီ။ ဒီလို ဆွေးနွေးပွဲ ဖြစ်လာဖို့တောင်မှ လျှို့ဝှက်ကြိတ်ဝိုင်း ဆွေးနွေးပွဲတွေအများအပြား၊ ယုံကြည်မှု တည်ဆောက်တဲ့ လုပ်ငန်းတွေ နှစ်အတန် ကြာ ကြိုးပမ်းပြီးမှ ဖြစ်လာရတာပါ။ သို့သော်လည်း အပြောင်းအလဲတွေက အများထင်ထား သလို အလျှင်အမြန် တော့ ဆက်ဖြစ်မလာခဲ့ပါဘူး။ ဒီ တပတ် မှာတော့ ပြဿနာအများအပြား ကြုံတွေ့ရပုံတွေကို ဆက်လက်တင်ပြပါမယ်။
တောင်အာဖရိကနိုင်ငံရဲ့ ဒီမိုကရေစီ အပြောင်းအလဲအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကိစ္စတွေကို ညှိနှိုင်းကြမယ့် ညီလာခံ၊ အင်္ဂလိပ်ဘာသာအားဖြင့် အတိုကောက် (ကိုဒက်ဆာ) (CODESA) လို့ ခေါ်တဲ့ ညီလာခံကို ၁၉၉၁ ဒီဇင်ဘာလမှာ စတင် ကျင်းပနိုင်ခဲ့ပါတယ်။ စကတည်းက ယဉ်သကို ဆိုသလိုပါ။ ပါတီပေါင်းစုံ ညီလာခံရဲ့ အစမှာပဲ မတူကွဲပြား တဲ့ သဘောထားတွေ တွေ့နေကြရပါတယ်။ အာဖရိကအမျိုးသားကွန်ဂရက် (ANC) ရဲ့ မဟာမိတ်ပါတီ တခုဖြစ်တဲ့ ပန် အာဖရိက ကွန်ဂရက် (Pan Africa Congress) က ဒီညီလာခံကို နိုင်ငံပြင်ပမှာ လုပ်ဖို့ တိုက်တွန်းပါတယ်။ ညီလာခံ သဘာပတိကိုလည်း ယခုဦးဆောင်နေတဲ့ တရားသူကြီး ၂-ဦးကို ခန့်အပ်တာ သဘောမတူဘဲ သီးခြားလွတ်လပ်သူတွေ ဖြစ်စေရမယ်လို့ အဆိုပြုပါတယ်။ လူဖြူ အမျိုးသားပါတီဖက်ကရော၊ အေအဲန်စီ ဖက်ကပါ လက်မခံ ပါဘူး။ သည်တော့ ညီလာခံ စစချင်းမှာပဲ သူတို့က မတက်ဘဲ ထွက်သွားကြပါတယ်။
အစည်းအဝေး ကျင်းပတဲ့ နေရာကလည်း အခြေအနေအရ ရွေးလိုက်ရတဲ့ အတွက်ကြောင့် မသင့်တော်လှဘူး လို့ပဲ ဆိုရပါ တော့မယ်။ အမေရိကန်ပြည်ထောင်စုရဲ့ ဖွဲ့စည်းပုံ ဥပဒေကို ရေးဆွဲတုန်းက ခမ်းနားထယ်ဝါတဲ့ ပင်ဆယ်လ်ဗေးနီးယား ပြည်နယ်ရဲ့ ခမ်းမကြီးမှာ ရေးသားခဲ့ကြပါတယ်။ တောင်အာဖရိကရဲ့ ယခု ကိုဒက်ဆာ ညီလာခံကိုတော့ ဂျိုဟန်နစ္စဘတ် လေဆိပ်နားမှာရှိတဲ့ ကမ္ဘာ့ကုန်သွယ်ရေးစင်တာ ပြပွဲခမ်းမမှာ ကျင်းပခဲ့ကြ ပါတယ်။ သွားလာရေးက လွယ်ကူတာ တကြောင်း ပါသလို၊ ဒီကုန်သွယ်ရေး ပြပွဲခမ်းမကလည်း အဆင်သင့်ရှိနေ ခဲ့လို့ ဖြစ်ပါတယ်။ ဒီဇင်ဘာလအတွင်း ကျင်းပ ကြတာဆိုတော့ လည်း ခရစ္စမတ်ရုံးပိတ်ရက်တွေ မတိုင်ခင် ဒီဇင် ဘာလ ၂၁-၂၂ ရက်ကို အပြေးအလွှား ရွေးချယ် ခဲ့ကြပြန်ပါတယ်။ ဒီဇင်ဘာလက တောင်အာဖရိကမှာ အတော်ပူတဲ့ နွေရာသီပါ။ နိုင်ငံခေါင်းဆောင်တွေ၊ အစိုးရ အရာရှိတွေက ပူလွန်းလို့ အပန်းဖြေခရီးထွက်ဖို့ တပြင်ပြင် လုပ်နေကြတဲ့ အချိန်ပါ။ လေးနက်တဲ့ ကိစ္စတွေ ခေါင်းထဲထည့် စဉ်းစားချင်တဲ့ အချိန်မျိုး မဟုတ်ပါဘူး။ သို့သော်လည်း အေအဲန်စီနဲ့ လူဖြူ အမျိုးသားပါတီတို့ သဘောတူညီချက်မှာ ၁၉၉၁ ခုနှစ် မကုန်ခင်မှာ ညီလာခံကို ဖြစ်အောင် ကျင်းပမယ်ဆိုတော့လည်း ယခုလို မဖြစ်ဖြစ်အောင် စီစဉ်ကြရတော့တာ ဖြစ်ပါတယ်။ ဘာပဲ ဖြစ်ဖြစ် ပါတီပေါင်းစုံ ညီလာခံကြီးတော့ စတင်နိုင်ခဲ့ပါပြီ။
ဒီလို ပါတီပေါင်းစုံ ညီလာခံ (ကိုဒက်ဆာ) မှာ ပါတီပေါင်း (၁၉) ခုက ကိုယ်စားလှယ်ပေါင်း (၂၂၈) ဦး တက်ရောက်ခဲ့ကြ ပါတယ်။ တောင်အာဖရိက သမိုင်းမှာတော့ အကြီးမားဆုံး ကိုယ်စားပြုမှုရှိတဲ့ အစည်းအဝေး ကြီးလို့ ပြောရင် ရနိုင်ပါတယ်။
ညီလာခံကို တရားသူကြီးချုပ် မိုက်ကယ် ကောဘက်က သဘာပတိအဖြစ် ဆောင်ရွက်ပြီး စတင်ဖွင့်ခဲ့ပါတယ်။ ထူးခြားတဲ့ ညီလာခံဆိုတော့လည်း ပြည်တွင်း-ပြည်ပ သတင်းယူသူ သတင်းထောက်တွေ ပြည့်နေပါတယ်။ လူအများက အဖွင့်စကား ပြောကြပြီးမှ သမ္မတ ဒီကလပ်က နောက်ဆုံး မိန့်ခွန်းစကား ပြောပါတယ်။ သူက အဖွင့်စကား အနည်းငယ် ပြောပြီးစဉ်မှာပဲ အေအဲန်စီအဖွဲ့ကို တိုက်ခိုက်တဲ့ စကား စတင်ပြောလာပါတော့ တယ်။ သူက အေအဲန်စီဟာ သဘောတူညီချက်တွေ အကောင် အထည်ဖော်ဖို့ ပျက်ကွက်နေတယ်။ အေအဲန်စီ ရဲ့ လက်နက်ကိုင်တပ်တွေ ဖျက်သိမ်းဖို့ ယခုတိုင် ပျက်ကွက်နေ တယ်။ ဒါကြောင့် ယခုဆွေးနွေးချက်တွေကို ဘယ်လို ယုံကြည်ရမှာလဲ ဆိုပြီး စတင်ဝေဖန် မေးခွန်းထုတ်ခဲ့ပါတယ်။ ဒီလို ဖွင့်ပွဲမှာ ဝေဖန်လိုက် တာကို လူမဲ ခေါင်းဆောင် နယ်လ်ဆင် မင်ဒဲလာက သိပ်စိတ်ဆိုးပါတယ်။ သူတို့မှာ လျှို့ဝှက် သဘော တူညီချက်တွေ ရှိခဲ့ကြ တယ် ဆိုတာတော့ ဟုတ်ပါတယ်။ ၁၉၉၁ ခုနှစ်၊ ဖေဖေါ်ဝါရီလမှာ သဘောတူညီခဲ့ကြတာဖြစ်ပြီး ဒီ-အက်ဖ်- မီလန် သဘော တူညီချက်လို့ ခေါ်ပါတယ်။ ဒီသဘောတူညီချက်ကလည်း လူသိရှင်ကြား ထုတ်ပြန်ထားတာ မဟုတ်ဘဲ လျှို့ဝှက်ထားခဲ့ကြတာပါ။ သို့သော်မယ့်လည်း ယခု သမ္မတ ဒီကလပ် ပြောဆိုဝေဖန်ခဲ့ သလိုတော့ မဟုတ်ပါဘူး။ ဒီမိုကရေစီ ဖော်ဆောင် မပြီးမချင်း လက်နက်ဆက်ကိုင် ထားနိုင်သေးတယ်လို့ ခွင့်ပြုထားပါတယ်။ သည်တော့ မင်ဒဲလား က ပြန်လည်ချေပခွင့် တောင်းပါတယ်။
မင်ဒဲလားရဲ့ လေသံက ရေခဲလို အေးစက်နေပြီး ဒေါသနဲ့ တုံ့ပြန်ပါတယ်။ သူက ဒီကလပ်ကို မကြည့်ဘဲ ပရိသတ်ကို ဦးတည်ပြော ပါတယ်။ ဒီကလပ်ကို တတိယလူနေရာမှာ ထားပြောပါတယ်။ "သူထင်နေတယ်။ ကျနော်တို့က တုံ့ပြန်ပြောနိုင်မှာ မဟုတ်ဘူးလို့ ထင်နေတယ်။ ကျနော် အခု တုံ့ပြန်ပါတယ်။" ဆိုပြီး မင်ဒဲလား က စပြောပါတယ်။ သူက ဖြစ်ရပ်တွေ ရှင်းပြပြီး သမ္မတ ဒီကလပ် ကိုပါ တိုက်ရိုက် တိုက်ခိုက်ပါတယ်။ "တရား ဝင်မှု မရှိတဲ့၊ ဂုဏ်သိက္ခာမဲ့တဲ့ လူနည်းစုကလေးကိုသာ ကိုယ်စားပြုတဲ့ အစိုးရ၊ ဒီအစိုးရရဲ့ ခေါင်းဆောင်ဖြစ်ရုံ သာ မဟုတ်ဘူး၊ သူဟာ ကျင့်ဝတ်၊ လိုက်နာစောင့်ထိန်းရမယ့် ကိစ္စတွေလည်း စောင့်ထိန်းနိုင်စွမ်း မရှိဘူး။ ဒီလို သဘောသဘာဝရှိတဲ့ လူမျိုးက ဒီညီလာခံ လာတက်နေလို့ ရှိရင်၊ သူလုပ်နေကျ နိုင်ငံရေး ကစားကွက်တွေနဲ့ လာကစားနေရင်၊ ဒီလို လူမျိုးနဲ့ အလုပ်လုပ်ချင်သူ ရှားလိမ့်မယ်" ဆိုပြီး တိုက်ရိုက် ပြောဆို တိုက်ခိုက်ခဲ့ပါ တယ်။ ဒီကလပ် ကလည်း မြင်သာလောက်အောင် တုန်လှုပ် ဒေါသဖြစ်နေပါတယ်။ ကျန်တဲ့ လူတွေကတော့ ဘာတွေ ဖြစ်ကုန်ကြပြီလဲဆိုပြီး သို့လော၊ သို့လော ဖြစ်နေကြရပါတယ်။ ညီလာခံကို သည်လိုနဲ့ စတင်ဖွင့်လှစ် ခဲ့တာပါ။
ဒါတင် မဟုတ်သေးပါဘူး။ ဆွေးနွေးမှု အနှစ်အသားပိုင်းမှာလည်း ပြဿနာက ရှိနေပါတယ်။ ဆွေးနွေးပွဲတွေကို ၂- ဆင့် ဖြေရှင်း သွားမယ်လို့ သဘောတူထားကြသော်လည်း နောက်ကွယ်က ရည်မှန်းချက်တွေက မတူကြပါ ဘူး။ ယခု ပါတီပေါင်းစုံ ညီလာခံမှာ အခြေခံ ဥပဒေဆိုင်ရာ မူတွေကိုသာ ဆွေးနွေးမှာပါ။ အသေးစိတ်ကိုတော့ နောက်ထပ် ရွေးကောက်ပွဲကျင်းပပြီး လုပ်မဲ့ လွှတ်တော်ကသာ အတည်ပြု အခြေခံဥပဒေ ရေးဆွဲကြမှာ ဖြစ်ပါတယ်။ အေအဲန်စီ ပါတီဖက်ကတော့ ဒီ ညီလာခံကို တိုတိုနဲ့ အနည်းအကျဉ်းသာ ဆွေးနွေးပြီး ပြီးစေလိုပါတယ်။ အသေးစိတ် ကိစ္စတွေကို လွှတ်တော်မှသာ ဆက်ဆွေးနွေးချင် ပါတယ်။ သို့သော်လည်း လူဖြူအစိုးရ ကိုယ်စား လှယ်တွေ ဖက်ကတော့ ရေရှည် ဆွဲလို့ရသမျှ ဆွဲချင်ပါတယ်။ သူတို့ အာဏာ စွန့်ရမယ့် ရက်တွေကို မရောက် စေလိုပါဘူး။ ဖြစ်နိုင်ရင် ရေရှည် ဆွဲနိုင်သမျှ ညီလာခံကြီးကို မပြီးနိုင်၊ မစီးနိုင် ကျင်းပပြီး အေအဲန်စီအဖွဲ့နဲ့ မင်ဒဲလားကို သူတို့ ပြဿနာတွေနဲ့ နစ်နေစေလိုတာပါ။
အချိန်ကြာလာတာနဲ့ အမျှ လူတွေက မင်ဒဲလားရဲ့ ဦးဆောင်မှုအပေါ် ဇဝေဇဝါ ဖြစ်လာကြမယ်။ အပြောင်း အလဲတွေ အတွက် ယုံကြည်ချက်တွေလည်း ကျဆင်းလာမယ်လို့ ယူဆပါတယ်။ နောက်တခုက သူတို့လူဖြူ တွေ အခန်းကဏ္ဍ အတွက် သေချာ စေဖို့ ယခုကတည်းက တတ်နိုင်သမျှ အသေးစိတ်တွေကို သဘောတူပြီး သွားချင်တာပါ။
ညီလာခံကို အလုပ်အဖွဲ့ (၅) ခု ခွဲခြားပြီး ကျင်းပပါတယ်။ ခေါင်းစဉ်အလိုက် ခွဲကြတဲ့ နေရာမှာ အလုပ်အဖွဲ့ (၂) ခုမှာ ပင်မကျတဲ့ ပြဿနာတွေကို ဆွေးနွေးပါတယ်။ ဒီလို အလုပ်အဖွဲ့မျိုးမှာတော့ ပါတီ၊ အဖွဲ့အစည်းတွေရဲ့ အရေးပါတဲ့ ခေါင်းဆောင်တွေက ပါဝင် ဆွေးနွေးကြပါတယ်။ ဆုံးဖြတ်ချက်ချတဲ့ အခါမှာတော့ (Sufficient consensus) လို့ ခေါ်တဲ့ လုံလောက်တဲ့ ကြေလည်မှု မူအရ ဆွေးနွေးကြပါတယ်။ သဘောကတော့ တတ်နိုင် သမျှ ကြေလည်အောင် ဆွေးနွေးမယ်။ မကျေလည်ရင်၊ သဘော ဆက်ပြီး ကွဲနေကြရင် အခြားလုပ်ထုံးနည်းတွေ သုံးမယ် ဆိုပါတယ်။ ယေဘုယျသဘောကတော့ လူဖြူပါတီ အမျိုးသားပါတီနဲ့ အေအဲန်စီ ပါတီကြီး ၂-ခုက သဘောတူရင် ရှေ့ဆက်သွားလို့ရတဲ့ မူမျိုးပါ။
ဒီကာလမှာပဲ သမ္မတ ဒီကလပ်က လူဖြူအမျိုးသားများချည်းပဲ မဲပေးရတဲ့ ဆန္ဒခံယူပွဲတခုကို ကျင်းပပါတယ်။ ဒီလို လူဖြူ ချည်း သက်သက် ဆန္ဒခံယူပွဲလုပ်တော့ လူအများက ဒေါသထွက်ကြပါတယ်။ လူမဲတွေကိုချန်ထား တာဟာ စော်ကား တာလို့ မြင်ကြ သူတွေ ရှိသလို၊ လူမျိုးရေးသဘော ပါဝင်နေလို့လည်း ဖြစ်ပါတယ်။ ဒီဆန္ဒ ခံယူပွဲကတော့ လက်ရှိ အစိုးရက ပြုပြင်ပြောင်းလဲ ရေးလုပ်ငန်းတွေ ဆောင်ရွက်ပိုင်ခွင့်အပေါ် လူထုထောက်ခံမှု ရှိကြောင်း ပြလိုလို့ လုပ်တာ ဖြစ်ပါတယ်။ လူဖြူပါတီအချို့က ဒီကလပ်မှာ လုပ်ပိုင်ခွင့် မရှိဘူး။ လူထုမထောက် ခံဘူးလို့ ဝေဖန်နေတာ ရှိပါတယ်။ ဒါကြောင်းလည်း သူတို့ လုပ်ပိုင်ခွင့် အာဏာကို စုစည်းလိုတဲ့သဘောနဲ့ ဒီဆန္ဒ ခံယူပွဲ ကျင်းပတာပါ။ လူမဲခေါင်းဆောင် မင်ဒဲလားက ဒီဆန္ဒ ခံယူပွဲကို မကန့်ကွက် တဲ့အပြင် မဲသွားပေးကြဖို့ပါ တိုက်တွန်းအားပေးခဲ့ပါတယ်။ နောက်တော့ ဒီကလပ်က ဆန္ဒခံယူပွဲမှာ (၃) ပုံ (၂) ပုံနဲ့ အသာရ ပါတယ်။ သည် နောက်ပိုင်း ဆွေးနွေးပွဲတွေမှာတော့ လူဖြူ အမျိုးသားပါတီ အစိုးရဖက်က သူတို့မှာ ထောက်ခံမှုရှိတယ် ဆိုတဲ့ အမြင်နဲ့ မာန်တက်လာသလို၊ အတိုက်အခံတွေအပေါ် တင်းတင်းမာမာဆက်ဆံလို့ရပြီ ဆိုပြီး လည်း သဘောထား ပိုတင်းမာ လာခဲ့ပါတယ်။ ဒီသဘောထားကြောင့်လည်း နောက်ပိုင်းညီလာခံမှာ တစ်ဆို့ ရှေ့မဆက်နိုင် ဖြစ် နေခဲ့ရပါတယ်။
ညီလာခံအတွင်းမှာ ဒီလိုဖြစ်နေရသလို၊ ပြင်ပမှာလည်း လူမဲတွေ အချင်းချင်း ဇူးလူး အင်ကာသာအုပ်စုနဲ့ အေအဲန်စီ ထောက်ခံ သူ တွေအကြား သွေးထွက်သံယို တိုက်ခိုက်မှုတွေနဲ့ အကြမ်းဖက်မှုတွေ ပိုမို ဖြစ်လာခဲ့ပါတယ်။ အင်ကာသာ ဇူးလူး အဖွဲ့တွေ ကိုလည်း အစိုးရရဲတွေက အရေးမယူ၊ အားပေးအားမြှောက် ပြုနေတယ် ဆိုတဲ့ စွပ်စွဲချက်တွေလည်း ရှိလာနေပါတယ်။ သဘောထားတင်းမာသူတွေကလည်း ပိတ်ဆို့နေတဲ့ ဆွေးနွေးပွဲ တွေကြောင့် စိတ်မရှည်နိုင်၊ ဘက် အသီးသီးမှာ ပြန်လည် ခေါင်းထောင်ထစရာ အကြောင်း ဖြစ်လာပါတယ်။ ဒီ အကြောင်းတွေကိုတော့ နောက်တပတ်မှာ ဆက်လက်တင်ပြပါမယ်။ အားလုံး ငြိမ်းချမ်းပျော်ရွှင်နိုင်ကြပါစေ။
(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)
Labels:
ဆောင်းပါးများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment