Pages

Wednesday, February 20, 2008

စစ်အစိုးရက ပြုလုပ်မယ့် ပြည်သူ့ဆန္ဒခံယူပွဲအပေါ် ကျနော့်အမြင် ပြောဖြစ်တယ်၊ (၁၉-၂-၂၀၀၈)

ဘီဘီစီ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ (မနက်ပိုင်း အစီအစဉ်)

မြန်မာစစ်အစိုးရရဲ့ လူထုဆန္ဒခံယူပွဲနဲ့ ရွေးကောက်ပွဲ ကျင်းပမယ့် အစီအစဉ်ဟာ စစ်အစိုးရ ကိုယ်တိုင် ထုတ်ပြန်ထားတဲ့ ကြေညာချက်တွေနဲ့ မကိုက်ညီဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မနေ့က ပြောကြားလိုက်ပါတယ်။ စစ်အစိုးရ က ၁၉၉၀ ပြည့် ရွေးကောက်ပွဲကနေ ပြည်သူလူထု ရွေးကောက်တင်မြှောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက အခြေခံဥပဒေ ရေးဆွဲဖို့ တာဝန်ရှိတယ်လို့ ကြေညာခဲ့ကြောင်း၊ အခု စစ်အစိုးရက လူထုဆန္ဒခံယူမယ့် အခြေခံဥပဒေကို လွှတ်တော် ကိုယ်စား လှယ်တွေ ရေးဆွဲထားတာ မဟုတ်ကြောင်းလည်း ပြောပါတယ်။ အခြေခံဥပဒေကို လူထုကြားထဲ ချပြဆွေးနွေးတာ မရှိသေး သလို လူထုအနေနဲ့ အခြေခံဥပဒေနဲ့ ပတ်သက်လို့ လွတ်လွတ်လပ်လပ် ဆွေးနွေးလို့ မရနိုင် အောင် တားဆီးထားတဲ့ ကန့်သတ် ချက်တွေလည်း ရှိနေကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဝေဖန်လိုက်ပါတယ်။ ဒါ့အပြင် နအဖအနေနဲ့ ၁၉၉၀ ရွေးကောက်ပွဲရလဒ်နဲ့အညီ ပြည်သူ့လွတ်တော်ခေါ်ယူပေးဖို့ တာဝန်ရှိကြောင်း ကိုလည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ထောက်ပြထားပါတယ်။ မြန်မာစစ်အစိုးရက အခြေခံဥပဒေမူကြမ်းကို ဒီနှစ်ထဲမှာ လူထုဆန္ဒခံယူပွဲ ကျင်းပမှာ ဖြစ်သလို ၂၀၁၀ ခုနှစ်ကျရင် ရွေးကောက်ပွဲအသစ် ကျင်းပမယ်လို့ ဒီလအစော ပိုင်းတုန်းက ကြေညာခဲ့တာ ဖြစ်ပါတယ်။

နအဖရဲ့ ကြေညာချက်နဲ့ပတ်သက်ပြီးတော့ အန်အယ်လ်ဒီက မနေ့က သူတို့ဘက်က သဘောထားကို ထုတ်ပြန်ကြေညာ ချက် တစောင် ထုတ်ပြန်ခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ ပြည်ပရောက် နိုင်ငံရေးအင်အားစုတချို့ရဲ့ သဘောထား အမြင် တွေကို နားဆင်ကြည့်ပါမယ်။ အခုအရင်ဆုံး အမေရိကန်နိုင်ငံမှာရောက်ရှိနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၀ိုင်းမော် လွှတ်တော် ကိုယ်စားလှယ် ဒူးဝါးဇော်အောင်က ပြည်သူ့ဆန္ဒခံယူပွဲကို သပိတ်မှောက်ရမယ်ဆိုပြီးတော့ ယူဆတာကို နားဆင်ကြည့်ပါခင်ဗျ။

ဒူးဝါးဇော်အောင် ။ ။ စစ်အစိုးရက သူရေးဆွဲတဲ့ အခြေခံဥပဒေမူကြမ်းကလည်းပဲ ပြည်သူလူထုဆန္ဒ မပါဘူးလေ၊ မကြာခင် Refrendum လုပ်မယ်ဆိုတာ ပြည်သူလူထုက ဘာလုပ်ထားမှန်းလည်း မသိဘူး။ ဒါ မတရားဘူးပေါ့၊ ရွေးကောက်ပွဲမှာ နိုင်တဲ့ သူတွေကို သူရဲ့ ၁/၉၀ အရ ကျနော်တို့ပဲ ရေးဆွဲရမယ့်ဥစ္စာ အခု သူဟာနဲ့သူ လုပ်ချင်တယ် ဆိုတာ မတရားဘူးပေါ့လေ။

ဘီဘီစီ ။ ။ မတရားဘူးဆိုတာတော့ ဟုတ်ပါပြီ။ အခု အစိုးရကနေပြီးတော့ အတင်းဖြစ်အောင်လုပ်မယ်ဆိုပြီးတော့ ခေါ်နေတဲ့ အခါမှာ အန်ကယ်လ်တို့ဘက်ကနေပြီးတော့ အစိုးရကနေပြီးတော့ခေါ်မယ့် ပြည်သူ့ဆန္ဒခံယူပွဲကို ဘယ်လို လုပ်ဖို့ အစီအစဉ် ရှိလဲ။

ဒူးဝါး ။ ။ အဲဒါက ဟိုဒင်းလေ ပြည်မမှာလည်း အန်အယ်လ်ဒီ ဌာနချုပ်ရှိတယ်လေ၊ ကျနော်တို့ လွှတ်တော် ကိုယ်စားလှယ် တဦးချင်းအနေနဲ့တော့ ကျနော်တို့ ဘယ်လိုမှ မလုပ်တတ်ဘူးလေ၊ ဒါပေမယ့် ကန့်ကွက်ရမှာပေါ့၊ သူတို့ပဲ လုပ်တဲ့အခါမှာ ဘယ်သူမှ မဲရုံမသွားနဲ့ပေါ့၊

ဘီဘီစီ ။ ။ ရွေးကောက်ပွဲမသွားဘဲ သပိတ်မှောက်ကြရမယ်ပေါ့။

ဒူးဝါး ။ ။ ဆန္ဒခံယူပွဲရောက်လာတဲ့အခါမှာ ဘယ်သူမှမဲရုံကို မသွားရုံပဲလေ။ တချို့ တခါတလေ တီဗွီတွေမှာကြား တာက အေး သွားမယ်တဲ့ ထည့်မယ်တဲ့ ကန့်ကွက်မဲထည့်မယ်တဲ့၊ ကန့်ကွက်မဲဆိုရင်လည်း အဲဒီ မဲပုံးဟာ တယောက်တည်း ရှိတယ်၊ စစ် အစိုးရပဲရှိတော့တာ၊ ဟို မဆလတုန်းကလည်းပဲ ကန့်ကွက်မဲက မဲပြားကို ဘယ်သူမှမရှိတော့အခါ ကျတော့၊ မဲထည့်တဲ့သူ တွေ ပြန်သွားတဲ့အခါကျတော့ အားလုံးထောက်ခံမဲမှာ ထည့်လိုက်တယ်လေ။ နောက် ကမ္ဘာကို အားလုံးက ထောက်ခံတယ်လို့ လိမ်တယ်လေ။ အခုလည်း ဒီလိုလုပ်မှာပဲ။ ဒါကြောင့် ကန့်ကွက်မဲလည်း မထည့်နဲ့ ထောက်ခံမဲလည်းပဲ ဘယ်သူမှ မဲမထည့်တာ အကောင်းဆုံးပဲ။ ဒါက ကျနော်အမြင်ပြောတာပါ။ ကုလသမဂ္ဂလို စောင့်ကြပ်ပေးတဲ့ အဖွဲ့ရှိရင် တော့ ကန့်ကွက်မဲထည့်ရင် တော့ ရမှာပဲလို့ ယူဆတယ်။

ဒါကတော့ အန်အယ်လ်ဒီ ၀ိုင်းမော်လွှတ်တော်ကိုယ်စားလှယ် ဒူးဝါးဇော်အောင်က သူ့ရဲ့အမြင်ကို ပြောသွားခဲ့တာ ဖြစ်ပါတယ်။ တဖက်မှာ အမေရိကန်နိုင်ငံမှာပဲရှိနေတဲ့ ဗဟုဖွံ့òဖိးရေးအဖွဲ့က ဦးအောင်သူငြိမ်းကတော့ ပြည်သူလူထု ကို အန်အယ်လ်ဒီ အနေနဲ့ အဆုံးအဖြတ်ပေးခိုင်းသင့်ပါတယ်ဆိုပြီးတော့ ပြောခဲ့ပါတယ်။

ဦးအောင်သူငြိမ်း ။ ။ အန်အယ်လ်ဒီက ကျနော်မြင်တာကတော့ လူထုတွေလှုပ်ရှားဖို့တို့ ဘာတို့ အဲဒီလိုခေါ်ရင် မဖြစ်နိုင်ဘူး ထင်တယ်။ အခြေအနေအရပေါ့၊ သူတို့လုပ်သင့်တာကတော့ Refrendum ဖြစ်လာမယ်ဆိုလို့ရှိရင် ဘယ်လိုမျိုး တရားမျှတ အောင်ဖြစ်မလဲ အဲလို ၅/၉၆ ကို ရုတ်ခိုင်းတာတို့ ဘာတို့ ဒီလောက်ပဲလုပ်နိုင်မယ် ထင်ပါတယ်။

ဘီဘီစီ ။ ။ ဟုတ်ကဲ့ ဒါပေမယ့် အန်အယ်လ်ဒီပြောတဲ့ဟာက အဲလောက်အထိ ပြတ်ပြတ်သားသားမရှိဘူးနဲ့ တူတယ်။

ဦးအောင်သူငြိမ်း ။ ။ ဟုတ်တယ်။ မရှိဘူး။ သူ့ကြေညာချက်မှာ ကျနော်ဖတ်ကြည့်တော့ အဲလိုသဘော မပါဘူး။

ဘီဘီစီ ။ ။ အန်အယ်လ်ဒီအနေနဲ့က သူ့ရပိုင်ခွင့်တွေတောင်းဆိုတာအပြင် ဒီထက်ပိုပြီးတော့ ဘာများလုပ်ဆောင်နိုင် သေးလဲ လို့ အပြင်လူတယောက်အနေနဲ့ မြင်မိလဲခင်ဗျ။

ဦးအောင်သူငြိမ်း ။ ။ ကျနော်မြင်တာက အန်အယ်လ်ဒီက ဒီ အခု ၂၀၀၈ အစမှာကတည်းက သူတို့နှစ်က အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက်ကို သူတို့အာဂျင်တာ အနေနဲ့ ဆုံးဖြတ်ထားတဲ့ သဘောမျိုးလုပ်ထားတာလည်း ရှိပါတယ်။ ဆိုတော့ အဲဒီ အနေအထားမှာတော့ အန်အယ်လ်ဒီအနေနဲ့ ဒီဥစ္စာကို ဖျက်ပြီးတော့ နောက်ထပ် ပြည်သူလူထုကို လှုံ့ဆော်ဖို့ ဘာဖို့ စသည် ဖြင့် လုပ်ဖို့လည်း ခက်ပါတယ်။ နောက်တခုကတော့ အခု ပြည်သူ့ဆန္ဒခံ ယူပွဲလုပ်မယ် ဘာမယ် ဆိုတာကလည်း ကျနော် ထင်တယ် လာမယ့် ရက် ၉၀ လောက်အတွင်းမှာ ဖြစ်မယ်ဆိုတော့ အချိန်က သိပ်တိုတောင်းနေပါပြီ။ အဲတော့ အန်အယ်လ်ဒီ အနေနဲ့ လုပ်နိုင်တာကတော့ ကျနော်မြင်တာ ဒီဆန္ဒခံယူပွဲ ကို လူထုကို အဆုံးဖြတ်ခံခိုင်းတာကတော့ ကျနော်ထင်တယ် အကောင်းဆုံးပဲထင်ပါတယ်။ အခုဟာက န၀တက မညှိနှိုင်းတော့ဘဲနဲ့ သူ့ဖာသာနဲ့သူ သွားတော့မယ့် ပုံစံမျိုးလည်း ဖြစ်နေ ပါပြီ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ တော့ မဲမလိမ်အောင် မညစ်အောင် စသည်ဖြင့် ဒါမျိုး ဘယ်လိုလုပ်နိုင်မလဲပေါ့၊ နောက်တခုက နိုင်ငံတကာ စောင့်ကြည့်မှုတွေရအောင် တောင်းဆိုတာမျိုးတို့၊ နောက်တခုက ဒါ အနိမ့်ဆုံး လုပ်နိုင်မယ် လို့ တော့ ထင်ပါတယ်။

ဘီဘီစီ ။ ။ အန်အယ်လ်ဒီက စောစောကပြောသလို အန်အယ်လ်ဒီရဲ့ ရပ်တည်ချက်က သိပ်ပြီးတော့ ရှင်းရှင်း လင်းလင်းမရှိ သေးဘူးဆိုတဲ့အခါကျတော့ ပြည်သူလူထုက အန်အယ်လ်ဒီဆီကနေပြီးတော့ clear message ပေါ့၊ တိကျပြတ်သားတဲ့ သင်္ကေတ တခုခု ထွက်မလာတဲ့အခါကျတော့ ပြည်သူလူထုအနေနဲ့က ပြည်သူ့ဆန္ဒခံယူပွဲကို ရင်ဆိုင်ဖို့ အနေအထားမှာ အခက်အခဲများရှိမနေနိုင်ဘူးလား။

ဦးအောင်သူငြိမ်း ။ ။ အဲလိုမျိုးဆိုရင်တော့ ရှိနိုင်ပါတယ်ခင်ဗျ၊ ဒါပေမယ့် ကျနော်မြင်တာတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကိုလည်း ကျနော်တို့ အင်အားစုတွေက သိပ်ပြီးတော့ မတွန်းသင့်ဘူးလို့ထင်ပါတယ်။ ကျနော်ထင်တာကတော့ ပြည်ပ ရောက်နေတဲ့ အဖွဲ့အစည်းတွေရော တခြားဒီမိုကရေစီအင်အားစုအသီးသီးကတော့ ဒီဆန္ဒခံယူပွဲနဲ့ ပတ်သက်လို့၊ နောက်တခါ ဖွဲ့စည်းပုံအသစ်နဲ့ပတ်သက်လို့ ကျနော်တို့သဘောထားတွေကို ကျနော်တို့ဘာသာ ကျနော်တို့ ထုတ်ဖော်ပြီး ပြောတာတော့ ပိုကောင်းတယ် ထင်ပါတယ်။

ဘီဘီစီ ။ ။ ဟုတ်ကဲ့ခင်ဗျ၊ ကျနော်အစောပိုင်းတုန်းက အန်အယ်လ်ဒီက လွှတ်တော်ကိုယ်စားလှယ် ဒူးဝါးဇော်အောင် ကို ကျနော် ဖုန်းဆက်ပြီးမေးကြည့်တော့ သူ့တဦးတည်းအမြင်ကို ပြောတယ်ခင်ဗျ၊ အဲဒါကတော့ ပြည်သူ့ဆန္ဒခံယူပွဲကို ဘယ်သူ့မှ မသွားကြဘဲနဲ့ ကန့်ကွက်သပိတ်မှောက်ကြ ဆိုပြီးတော့ သူက သူ့ရဲ့တဦးတည်းအမြင်ကို ပြောတယ်ပေါ့ လေ၊ အကယ်၍ တခြားသူတွေကလည်း အမြင်အမျိုးမျိုး ရှိနေမယ်ဆိုလို့ရှိရင် ညီညီညွတ်ညွတ်ရှိတဲ့ မဟာဗျူဟာ တခုမျိုး ပေါ်လာဖို့ ခက် မနေ ပေဘူးလား၊ အဲဒီအခါကျလို့ရှိရင် ဒီမိုကရေစီအင်အားစုတွေဘက်က အားနည်းသလိုမျိုး ဖြစ်မနေဘူးလား။

ဦးအောင်သူငြိမ်း ။ ။ ဟုတ်ပါတယ်ခင်ဗျ၊ အခုလက်ရှိ ပြည်သူ့ဆန္ဒခံယူပွဲနဲ့ ဖွဲ့စည်းပုံအသစ်နဲ့ ပတ်သက်ပြီးတော့ ကျနော်တို့က တသံတည်းထွက်ပြီးတော့ အားလုံးညီညီညွတ်ညွတ်နဲ့ ဘာလုပ်ပါဆိုတဲ့ဟာမျိုး လုပ်နိုင်ရင်တော့ အကောင်းဆုံးပါပဲ။ ဒါပေမယ့် ကျနော်မြင်တာကတော့ မတူတဲ့အင်အားစုတွေ အသီးသီးမှာ မတူတဲ့နည်းနဲ့ ဆန့်ကျင် နိုင်တဲ့ အနေအထားတွေ ရှိပါတယ်။ ဥပမာအားဖြင့် ရှေ့နေတွေ တရားရေးဥပဒေကျမ်းကျင်သူတွေဘက်ကလည်း ဒီ ဖွဲ့စည်းပုံအသစ်ရဲ့အားနည်းချက်ကို ထောက်ပြ ဆွေးနွေးတာမျိုး လုပ်နိုင်သလို၊ နောက်တခုက လူ့အခွင့်အရေးအဖွဲ့ တွေ၊ အမျိုးသမီးအခွင့်အရေးအဖွဲ့တွေကလည်း သူတို့ရဲ့ အခွင့်အရေးကဏ္ဍနဲ့ပတ်သက်လို့ ဖွဲ့စည်းပုံမှာ ဘယ်လို အားနည်းချက်တွေရှိတယ် စသည်ဖြင့် ကျနော်တို့ ရှင်းပြစည်းရုံးတာ တွေလည်း လုပ်နိုင်ပါတယ်။ နောက်တခုက တိုင်းရင်းသားတွေဘက်က အခွင့်အရေးပေါ့၊ ဒါ တိုင်းရင်းသားတွေဘက်လည်း သူ့အမြင် ရှုထောင့်က ပြောနိုင်တာ တွေ လည်းရှိပါတယ်။ ဆန္ဒခံယူပွဲကို လုံးဝ မသွားတာထက်စာရင်တော့ လူကိုယ်တိုင် သွား ပြီးတော့ ကန့်ကွက်မဲပေး တာက ပိုပြီးတော့ ထိရောက်လိမ့်မယ်လို့ ယူဆပါတယ်။

ဘီဘီစီ ။ ။ တချို့ လေ့လာတဲ့သူတွေကလည်း ပြောကြတယ်၊ ဗမာပြည်သူလူထုကို တခါတလေကျလို့ရှိရင် တချို့က လျှော့တွက် မိကြတယ်ပေါ့လေ၊ ဒီမိုကရေစီအင်အားစုတွေဘက်ကပဲဖြစ်ဖြစ်၊ နအဖဘက်ကပဲဖြစ်ဖြစ်။ တခါတလေကျ လို့ရှိရင် ပြည်သူ လူထုက မထင်မှတ်ဘဲနဲ့ သူတို့ဖာသူတို့ ရှေ့ရောက်နေတတ်တယ်။ ဥပမာ စက်တင်ဘာအရေး အခင်းဆိုလို့ရှိရင်လည်း ပြည်သူလူထုက သူဟာနဲ့သူ သူလိုချင်တာရအောင်လို့ ထုတ်ပြီးတော့ ပြောလာတာမျိုး ရှိတယ်။ အဲလို အလားအလာမျိုးရော ကျနော်တို့တွေ့လာရနိုင်တဲ့ အလားအလာမျိုးရှိနိုင်လား။

ဦးအောင်သူငြိမ်း ။ ။ ဖြစ်နိုင်ပါတယ်ခင်ဗျ၊ ဘာဖြစ်လို့လည်းဆိုတော့ ကျနော်ထင်တာ တခါတလေကျတော့ လူထု တွေက စစ်အစိုးရအပေါ်မှာ မကြိုက်တဲ့ဟာကို သူတို့ နည်းမျိုးစုံနဲ့ပြတဲ့ဟာမျိုး။ ကျနော်တို့ အထင်ရှားဆုံးကတော့ ပြီးခဲ့တဲ့ စက်တင် ဘာသံဃာ့ လှုပ်ရှားမှုက ကျနော်ထင်တယ် အထူးခြားဆုံးပါပဲ။ အခုလို လာမယ့် ပြည့်သူ့ဆန္ဒခံယူပွဲ တွေ ဘာတွေ လုပ်မယ် ဆိုရင်လည်း ကျနော်ထင်တာကတော့ ပြည်သူလူထုကတော့ သူတို့ဘယ်လိုရပ်တည်ရမလဲ ဆိုတာ ကောင်းကောင်းသိတယ်လို့ ထင်ပါတယ်။

အန်အယ်လ်ဒီရဲ့ သဘောထားထုတ်ပြန်ကြေညာချက်နဲ့ပတ်သက်တဲ့ တုန့်ပြန်ချက်တွေကို ကြားခဲ့ရတာဖြစ်ပါတယ်။

No comments:

Recent Comments