ငါ ... ရှာတော်ပုံ
စာရေးဆရာ ဦးဝင်းတင်က၊ ပေါ်သစ်အမည်နဲ့ စာအုပ်တစ်အုပ်ရေးဖူးတယ်။ “အလှရှာတော်ပုံ”တဲ့။ အရင်က “ရှာပုံတော်”ဆိုတာ ရှိပါတယ်။ သို့သော်လည်း၊ သူက တမင် “ရှာတော်ပုံ” ဆိုပြီး သုံးခဲ့ဖူးတယ်။ ဆိုလိုတာက “အရေးတော်ပုံ” လိုမျိုး၊ လူအများက အုံးအုံးကြွကြွနဲ့ အနုပညာရဲ့ အလှတရားကို ရှာဖို့ဆိုပြီး၊ ရှာတော်ပုံလို့ အမည်ပေးခဲ့တယ် ပြောပါတယ်။ ဒါပေမယ့် ကျနော်ရေးချင်တာက အနုပညာရှာတဲ့ အကြောင်းမဟုတ်ပါဘူး။ ဒီခေတ်ကြီးမှာ ကိုယ့်ဖာသာ ပြန်ရှာမိ တဲ့ အကြောင်းလေးပါ။ ဒါပေမယ့် ရှာတော်ပုံ တပ်လိုက်တော့ လွန်သွားသလား မသိပါဘူး။
+++
တလောက စာအုပ်တစ်အုပ် ဖတ်ရပါတယ်။ သောမတ်စ် ဖရီးမင်းရေးတဲ့ “ကမ္ဘာပြားပြီ” ဆိုတဲ့ စာအုပ်ပါပဲ။ သူက ဒီနေ့ ကမ္ဘာကြီးရဲ့ ထူးခြားဖြစ်လာတဲ့  အကြောင်းတွေကို စီစဉ်ရေးထားတာပါ။ ဒါပေမယ့် တစ်နေရာမှာ စိတ်ဝင် စားစရာ ကိစ္စလေးတစ်ခုကို သွားတွေ့ရတယ်။ အကြောင်းကတော့ အခု အမေရိကန်က အီရတ်ကိုဝင်တိုက်ကြ တော့ အမေရိကန်လူငယ်တွေလည်း စစ်ပွဲကို လိုက်သွားကြရပါတယ်။ အဲသည်တော့ တိုတိုပြောရရင်၊ လူငယ် ကလေး တိုက်ပွဲမှာ ကျသွားပါတယ်။ သူ့မိဘတွေက ဘာပဲဖြစ်ဖြစ်၊ သူ့အတွက် တစ်ခုခုလုပ်ပေးချင်ကြပါတယ်။
သူ့မှာ အကြွေးဆပ်စရာရှိနေရင်လည်း ဆပ်ပေးမယ်။ ရစရာရှိရင်လည်း သိရအောင်ပါ။ အဲသည်တော့ အဲသည် လူငယ်ကလေးသုံးတဲ့၊ ဟော့တ်မေးလ် (Hotmail) ရဲ့ စကားဝှက် Password ကို တောင်းပါတယ်။ ဒါပေမယ့် ဟော့တ်မေးလ်ကုပ္မဏီက၊ မပေးပါဘူး။
ဒီနေရာမှာပဲ၊ စာရေးဆရာက စိတ်ဝင်စားဖွယ် မေးခွန်းတွေကို စဆွေးနွေးလာပါတော့တယ်။ အင်တာနက်၊ စပေ့စ်တွေထဲက၊ ပလာကျင်းပြီး တကယ်အကောင်အထည် မရှိသော်လည်း၊ တကယ်ရှိနေတဲ့ virtual space လို့ခေါ်တဲ့ နေရာထဲက ပစ္စည်း၊ ပိုင်ဆိုင်မှုတွေက ဘယ်သူပိုင်တာလဲ။ ဘယ်နေရာမှာ ရှိနေကြတာလဲ။ နောင်ကို ဒါနဲ့ ပတ်သက်လို့ ဘယ်လိုဥပဒေတွေ လုပ်ကြမှာလဲ .... စသဖြင့်ပါပဲ။
++++
ကျနော်ကတော့ ဆက်တွေးနေမိတယ်။ ကျနော်က ဘလော့လောကထဲဝင်တာ မကြာသေးဘူး။ ၀င်ပြီး မြန်မာ ဘလော့ဂါတွေရဲ့ စာတွေ ဖတ်ရင်း စိတ်ဝင်စားလာပါတယ်။ တချို့တွေက မြန်မာနိုင်ငံထဲမှာနေကြတယ်။ တချို့ တွေက နိုင်ငံခြားမှာ။ သူငယ်ချင်းတွေ ဖြစ်နေကြတယ်။ မြန်မာနိုင်ငံဟာ မလွတ်လပ်တဲ့၊ ဖိနှိပ်ချုပ်ချယ်တဲ့ နိုင်ငံ လို့ ဆိုတယ်။ ဒါပေမယ့် ဒီနိုင်ငံထဲက ဘလော့ဂါတွေက၊ နိုင်ငံပြင်ပ၊ ဘယ်နေရာမှန်း မသိရတဲ့၊ နယ်ခြားမျဉ်း တွေ ရှိမနေတဲ့၊ virtual space ဆိုတဲ့ နေရာမှာ သူတို့ ပြောချင်တာတွေ ထုတ်ဖော်ပြောနေကြတယ်။ ရင်ဖွင့်ပြ တယ်။ သူတို့ တိတ်တခိုး ချစ်ရတဲ့ ကောင်မလေးကို ကြွေကြတယ်။ ကောင်မလေးက ဘလော့တက်မဖတ်ရင် ဘယ်သိပါ့မလဲ။
ဒီလိုနိုင်ငံဘောင်ကျော်ပြီး၊ နယ်နိမိတ် မရှိတဲ့ virtual space ထဲမှာ၊ စာတက်ရေးရင် အရေးယူလို့ ရသလား။ သူ့နိုင်ငံထဲမှာ ပုံနှိပ်ထုတ်ဝေဖြန့်ချိတာမှ မဟုတ်တာနော့။ ပြီးတော့ လူပေါင်းသန်းနဲ့ချီတဲ့နေရာမှာ ဒီလို သေးသေးလေး၊ စကြာဝဠာကြီးထဲက မြူတစ်မှုံလို သေးသေးလေးက၊ နိုင်ငံတော် အန္တရာယ်ဖြစ်လောက်အောင် ခြိမ်းခြောက်သတဲ့လား။
နောက်ပြီး၊ ဘလော့တစ်ခုကို ဖတ်တော့ ကျနော်သဘောကျရတာ ရှိသေးတယ်။ ဂူးဂဲလ်က အလကား ၂ ဂျစ်ဂါ ဘိုက်ပေးထားတယ်။ ရဟူးက ဘယ်လောက်ပေါ့ ဒီလို သိမ်းဆည်းသိုလှောင်စရာနေရာတွေကို အခမဲ့ပေးထား တယ်။ 3gigs ဆိုရင် ၃၀ ဂျစ်ဂါဘိုက်တောင် အခမဲ့သုံးခွင့်ပေးထားတယ်။ စသဖြင့်.... ဒါပေမယ့် ဒီလို အခမဲ့ ပေးထားတာတွေကိုတောင်၊ ကျနော်တို့ နိုင်ငံကလူတွေက အခမဲ့သုံးခွင့် မရှိဘူးတဲ့။ သူက ရင်နာသံနဲ့ ပြောတယ်။ ကျနော်က ဘာတတ်နိုင်မှာလဲ။
+++
ကျနော်ကတော့ ဆက်စဉ်းစားနေတာက ကျနော့ ပိုင်ဆိုင်မှု အကြောင်းပေါ့။ ကျနော့ ပိုင်ဆိုင်မှုက သိပ်တော့ များများစားစား မရှိပါဘူး။ ပြီးတော့ ကျနော့နေရာ၊ လူဆိုတာကလည်း နေရာလိုချင်ကြတာကိုး၊ အသိအမှတ်ပြု ခံချင်ကြတာကိုး။
ကျနော်က အခုတော့ ဘလော့လေးတစ်ခု ပိုင်လာပါပြီ။ ကျနော် ပိုးမွေးသလို မွေးနေရတယ်။ ကျနော့ သမီးလေးကို ပိုးလိုမွေးခဲ့သလိုမျိုးပေါ့။ ညည ထထကြည့်ရတာမျိုး ဖြစ်လာတယ်။ နောက်တော့ ကျနော် ဂျီမေးလ်တစ်ခု၊ ရဟူးမေးလ် တစ်ခု စသဖြင့် ပိုင်တော့၊ ဂျစ်ဂါဘိုက် တော်တော်တော့ ပိုင်သား။ အခြား ပိုင်ဆိုင်မှုကတော့ နည်းနည်းပေါ့။ ကံကောင်းချင်တော့ အခုစာရိုက်နေတဲ့ ကွန်ပြူတာလေးတော့ ချွေးနဲစာ ထဲက ၀ယ်ထားတော့ ပိုင်သေး။
ဒါပေမယ့် ဒါတွေက သမီးကို အမွေပေးစရာတော့ မဟုတ်သေးဘူး။ ပိုင်တယ်သာဆိုတယ်။ ဘယ်နေရာမှာ ရှိနေမှန်းတောင် ညွှန်းပြနိုင်တာ မဟုတ်သေးဘူး။ ငါ့သားရယ်... မင်းလိမ္မာရင်တော့၊ ဒီလယ်ကွင်းတွေဟာ မင်းဖို့ချည်းပဲပေါ့ကွယ်လို့ ပြောရလောက်အောင်လည်း၊ ဘယ်နေရာမှာ ရှိနေမှန်း ကျနော် မသိပါဘူး။
ဒါပေမယ့် ကျနော်သိမ်းနေရတယ်။ သော့လိုမျိုး စကားဝှက် (password) အထပ်ထပ်နဲ့ သိမ်းနေရတယ်။ တစ်နေ့ ...တစ်နေ့ မနက်မိုးလင်းလာရင်၊ ကျနော် သော့တွေကို တစ်ခုခုပြီးတစ်ခု ဖွင့်ရ၊ ပြန်ပိတ်ရ၊ တချို့ လူတွေကလည်း၊ ဒါကို ခိုးဖို့ချောင်းနေသတဲ့၊ ငါးမျှားသလို၊ Phishing လုပ်ဖို့ ချောင်းနေသတဲ့။
+++++
ကျနော့ သူငယ်ချင်းတစ်ယောက်က ပြောတယ်။
ဘုရားသခင်နဲ့ အချစ် မရှိရင်သာ နေလို့ရလိမ့်မယ်။ ဂူးဂဲလ် (Google) မရှိရင် နေလို့မရတော့ဘူးတဲ့။ ဂူးဂဲလ်ဟာ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုလို ဖြစ်လာပြီလား။ ကျနော့ နာမည်ကို ဂူးဂဲလ်ထဲရိုက်ထဲ့လိုက်တော့ လည်း သူက သိနေတယ်။ သူက ကျနော့မိတ်ဆွေရင်းတော့ မဟုတ်သေးဘူး။ ဒီလိုနဲ့ ကိုယ့်ကိုယ်ကို ဂူးဂဲလ်ထဲ ပြန်ရှာ။
ကျနော် လိုချင်တာကို ဂူးဂဲလ်ကိုမေးတော့၊ သူက တခြားကောင်းမယ်ထင်တာလေးတွေပါ ဘေးမှာ ညွှန်းပေး ပြန်တယ်။ အလိုက်သိလွန်းတဲ့ ဈေးရောင်းသူလား။
ဖိလော်ဆော်ဖီတွေလည်း သိနေပြန်သတဲ့။ သူက ဘာသာတရားအသစ်တစ်ခုလား။
အခု ကျနော်က စာရိုက်နေတော့ အကောင်အထည်မရှိတဲ့ ကျနော့စိတ်ကူးတွေကို၊ ကွန်ပြူတာကနေ (010101010101) ဆိုပြီး ဒစ်ဂျစ်တိုက်စ် လုပ်၊ ပြောင်းပေးတယ်။ ပြီးတော့ ၀ါယာလက်စသုံးပြီးပို့လိုက်။
အငွေ့လိုတောင် မတွေ့လိုက်ရဘူး။ ထွက်သွားလိုက်တာ။ ကျနော် မမြင်ရတဲ့ နေရာမှာပဲ သူက ပျောက်သွား တယ်။ ပြီးတော့ တခြားနေရာမှာ ပြန်ပေါ်။ သူက၊ virtual space ဆိုတာက တခြားကမ္ဘာ တစ်ခုလား။
ဒီနေ့က ကိုဖုန်းမော် သေတဲ့နေ့။ ဒါကိုလည်း ဂူးဂဲလ်က သိနေပြန်သတဲ့။ သူက သမိုင်းဆရာလား။
ဘ၀ဟာ ဘယ်လိုဖြစ်သွားပြီလဲ....။
မတ် ၁၃၊ ၂၀၀၇။
1 comment:
အစ်ကို့ရဲ့ Blog ကိုလိုက်ဖတ်နေရင်းနဲ့ အတွေးအခေါ်လေးတွေကို သဘောကျလာတာနဲ့ အစ်ကို့ကို ကျွန်တော့် Blog မှာ Link လုပ်ဖို့ ဆုံးဖြတ်လိုက်တယ်. အစ်ကို့ရဲ့ ကဗျာအစွမ်းနဲ့ လောကကြီးကို ဆက်လက် အလှဆင်နိုင်ပါစေဗျာ…
Post a Comment