Pages

Tuesday, June 27, 2017

ငါ့ကို 'ရန်လိုမှု' နည်းနည်းတပ်ဆင်ပေးပါ။

"ကွန်မြူနစ်တစ္ဆေကြီးသည်
ဥရောပကို လှည့်လည်ခြောက်လှန့်လျက် ရှိသည်" ဆိုတာမျိုး
မြစ်အကြေအညာ တလွှား
၆၆ (ဃ) လှည့်လည်ခြောက်ခြားနေစေတယ်။

ငါ့ကို 'ရန်လိုမှု' နည်းနည်းတပ်ဆင်ပေးပါ။
ဒီမြို့တော်မှာ စိန္ဈမာဏ ကျလွန်းကြတယ်။
'လက်မှတ်ထိုးတဲ့ လက်' သာမက၊ 'ဖွင့်ပွဲဖဲကြိုးဖြတ်တဲ့ လက်'တွေ….
မြို့တော်နောက်ကျောကို ဓားနဲ့ထိုးကြ၊
မြို့တော်ဝမ်းပိုက်သားကို ပိုင်းစိတ်ရောင်းကြ။
ဒီမြို့တော်က တရား မရရှာသေးတာ
"သူအို၊ သူနာ၊ သူသေ၊ ရဟန်း" နိမိတ်ကြီးလေးပါး အကုန်ရှိတယ်။
ဘာဟုတ်သေးလဲ
အကျပ်အတည်းနဲ့ ကပ်ဘေးတွေ၊ အိမ်နီးချင်းဆိုးတွေတောင်
ခဏခဏ လာလည်နေကြလို့။

ကျပ်တယ်၊ ကား၊ စီးပွား၊ အခွင့်အလမ်း
ဘယ်လိုမှကို မ'ဂလိုဘယ်' သေးဘူး
အစားမခံချင်ရင် ကြီးအောင်လုပ်ပေါ့ကွာတဲ့
ဓားကို ဖွင့်ထားမှ တော်ကာကျမယ်၊
ရဲဒင်းပဲကွပ် အလွတ်ဆောင်မှရတယ်။

ငါ့ကို 'ရန်လိုမှု' နည်းနည်းတပ်ဆင်ပေးပါ။
အပမှီနေကြတဲ့ ဝေနေယျတွေရှိတယ်…
ကျီးတွေလိုပေါ့ ဟိုကြည့်သည်ကြည့်
ဘတ်စကားတွေလည်း ရမ်းကားကြတဲ့အလျောက်
'သေသွားချင်လား' မျဉ်းကြားအဖြတ်မှာ အပြောခံရ
လမ်းဘေးဈေးဆိုင်တွေလည်း ဆိုင်တွေအလျောက်
ကျူးကျော်သူလည်း ကျူးကျော်အလျောက်
လမ်းဘေးဆိုင်လည်း လမ်းဘေးဆိုင်အလျောက်
ရဲလည်း ရဲအလျောက်
ဥပဒေသမား ရှေ့နေလည်း ရှေ့နေအလျောက်
အခုဆို သတင်းထောက်တွေလည်း သတင်းထောက်အလျောက်  
ရှေ့နောက် ကြည့်နေရတယ်။

ငါက 'Good governance' (ကောင်းမွန်သော အုပ်ချုပ်မှုစနစ်) ကိစ္စ
ဟောပြော ပို့ချနေသူပါ။
ပြည်ပက ဘာတွေ တင်သွင်းလာတာလဲကွာတဲ့
ငါ့ကို 'ရန်လိုမှု' နည်းနည်းတပ်ဆင်ပေးပါ
ငါက ပြဒါးလမ်းကို ပြောတာပါ၊ သူတို့က သံလမ်းလုပ်တုန်း
ဒီမြို့ဟာ 'လမိုက်'နေတုန်းပဲ။

ကျနော်တို့ ကဗျာတွေက 'အီ'နေတယ်။
ကျနော်တို့ ဒီရေမြင့်သစ်က 'အီ'နေတယ်။
တို့ခေတ်ကိုရောက်ရမည် မလွဲပါ… အဲသည်ကြွေးကြော်သံပါ 'အီ'နေတယ်
အဲသည်လိုပြောတဲ့ ကဗျာဆရာ တက်ကြွလှုပ်ရှားသူက
ဖန်ခွက်ကို ဆောင့်ဆောင့်ချတာလည်း
သူ့ကိုပါ ကြောက်လန့်နေရ
ငါ့ကို 'ရန်လိုမှု' နည်းနည်းတပ်ဆင်ပေးပါ။

နယ်ချဲ့လည်း တိုက်ဖျက်ပြီးပြီလေ
ကိုလိုနီဝါဒလည်း တွန်းလှန်ပြီးပါပေါ့
ဖက်ဆစ်ကိုတောင် တော်လှန်ပြီး
လွတ်လပ်ရေး ရပြီလေ..
အခု ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စုတောင် ပြောနေဆိုနေကြပြီပဲ…
"တော်ပြီပေါ့
သမိုင်းဟာ မြင့်တုံနိမ့်တုံ
ဒီခေတ်ဟာ မုန်ယိုဖို့ မလိုအပ်တော့ပါဘူး" တဲ့
မဟုတ်သေးပါဘူး

ငါ့ကို 'ရန်လိုမှု' နည်းနည်းတပ်ဆင်ပေးပါ။

ယောဟန်အောင်
၂၇ ဇွန်၊ ၂၀၁၇ 

No comments:

Recent Comments