မိုးငွေ့တွေနဲ့ မှန်တွေပိန်းနေ
ဒီနေ့ နေကိုမြင်ရပါ့ဦးမလား
ပုဝါစကလေး လွင့်လာဦးမလား
ကြေကွဲမှုအရောင်များနဲ့ သက်ပြင်းချပေါ့။
လူကျဲကျဲ လက်ဖက်ရည်ဆိုင် ထောင့်ချိုးတခုမှာငါတွေး
အတောင်မဖြန့်နိုင်တဲ့ ငှက်ကလေးတွေ
အစာရှာခြင်းသိမ်းလိုက်ရတယ်
ဆေးလိပ်ကွမ်းယာနဲ့ ဂျာနယ်လက်ပွေ့ ကောင်လေးတွေလည်း
အစာရှာသိမ်းလိုက်တော့ ငတ်မွတ်ဆာလောင်
ခြေတုနဲ့ သူတောင်းစားကတော့
ခြေကိုဖြုတ် ရေသုတ်ယောင်ငေးနေတယ်။
ကုန်စိမ်း သားငါးနဲ့ အထုပ်အပိုးတွေ ချခင်းလို့
လမ်းမကြီးဟာ လမ်းဘေးဈေးဟန် မဆောင်နိုင်တော့ဘူး။
ဆိုက္ကားဂိတ်ကတော့ သူတို့တွေ ဆေးလိပ်ကို ဖိဖိဖွာတယ်
မိုးကောင်းတုန်း ရွာထားဦးပေါ့ကွာ… ဇာတ်စာလိုလိုရွတ်လို့။
ရာသီဆိုးကြီးက မတိတ်နိုင်သေးတော့
ကြီးပေါင်းတက်အောင် ခွေးခြေခုံပုမှာ ငါဆက်ကွေးနေရတယ်
အတွေးထဲ ကျစ်ကျစ်ပါအောင် ဆုပ်ထားနေလျက်
မျှော်လင့်ချက်တွေ၊ အလွမ်းတွေ၊
မဆုတ်ဘဲ သိမ်းထားမိတဲ့ ပြီးခဲ့တဲ့ ပြက္ခဒိန်ရွက်။
မြောင်းရေမှာ ပုလင်းတလုံးမျောသွားခဲ့
စာတစောင် ပါသွားမှာလား…
အဲသည်စာဟာ 'Love letter' လား၊
'စစ်မှန်သော ခိုလှုံရာ' လား
လေးပွင့်ဆိုင်၊ ခြောက်ပွင့်ဆိုင် တောင်းဆိုချက်တွေလား။
ရထားခုတ်တော့မယ့် ဥသြသံကို ကြားချင်တာပါ။
ဘာဖြစ်လို့ အချက်ပြမီးနဲ့ 'ပီးပေါ်ပီးပေါ်'
ဒီရထားက ဒီလိုထွက်မှာလား
ငါတို့ တောင်တကုန်းစာ ဆုတ်ပေးရဦးမှာလား
ဒုက္ခသည်လို လှေစီးပြေးကြဦးမှာလား
ကလေးရယ် မုန့်တွေမှိုတက်နေပြီကွာ..
အဲဒါ ဆရာ့အိပ်မက်တွေပါဗျ…
အဲသည်တော့မှ အောက်သိုးသိုးအနံ့နဲ့
ဝေါ့..ကိုယ့်ကိုယ်ကို ပြန်မူးလာ။
နက်ဖြန်ကိုတော့ နည်းနည်းသိချင်
ဖဲချပ် တားရော့ကို လှန်လိုက်တယ်
၇-ရက်သားသမီးဗေဒင်ကို တိုက်ကြည့်
စိတ်အိုက်နေတာကို ဖျော်ဖြေတာပေါ့ဗျာ
ချစ်တဲ့သူ လာမယ်
ငါတို့အကြံတွေ အောင်မယ်
ငါတို့ အဆောင်ကောင်းတွေလိုတယ်။
ဒီလိုနဲ့ …
မြို့ကိုငေးသူဟာ ကွင်းတွေကိုဖြတ်ပြီးငေး
မိုးရေနဲ့ဆေးကြော သန့်စင်လိုက်ပြီးနောက်
ဒီကွင်းပြင်ဟာ သိုက်တူးစီမံချက်တွေလည်း ဖြစ်လာနိုင်တယ်
အသက်ရှူသံတွေ လေငန်းဆွဲတဲ့ ကျူးကျော်တဲတွေ ဖြစ်နေနိုင်သလို၊
ရေတိမ်နစ်တဲ့ မြို့သစ်ဖြစ်လည်း ဖြစ်လာနိုင်တယ်
အတွေးတွေ မျှောထားလိုက်တာပေါ့။
။
ယောဟန်အောင်
ဇူလိုင် ၃၊ ၂၀၁၇
No comments:
Post a Comment