စိတ်ကိုနေတတ်အောင် ထားရတယ်
ပိတောက်တွေ လှိုင်လှိုင်ပွင့်ဖူးလို့
ခူးပေးချင်တာ
အချစ်ကလေးက နီးမနေဘူး။
"တူတူဆိုရင် ပိုကောင်းတာပေါ့"
ကိုကာကိုလာ ကြော်ငြာတွေ့တော့လည်း သတိရမိ။
ပြည်သူနဲ့အတူတူ ဆိုတာမျိုး
ရွေးကောက်ပွဲနီးတော့ နိုင်ငံရေးသမားတွေက
အချိုဆုံး ပြုံးပြုံးကြီးနဲ့ ရောက်လာ
ကလေးတွေကို ပွေ့ဖက်နမ်း
လမ်းမတွေမှာ အသည်းကြားက မဲတစ်ပြားပေးကြပါ
ခေါင်းဆောင်ကြီးဟာ လောကသုံးပါး သိတော်မူထသူပါ။
မီးပျက်တော့ ဘာဖြစ်လဲ
စောစောအိပ်ရတာပေါ့
ဓမ္မရွတ်တဲ့ လော်သံတွေကြားရင် မီးပြန်လာတာသိမယ်။
ရေမြောင်းပိတ်တယ်၊ ကားပိတ်တယ်
ပြောရေးဆိုခွင့်တွေ ပိတ်တယ်
ကိုယ်ထူကိုယ်ထဆိုတာ ရှေးရိုးစဉ်လာ မဟုတ်လား
ခေါင်းဆောင်ကြီးမှာ အဖြေတွေရှိနေတတ်တော့
နေတတ်ရင် ကျေနပ်ရပါတယ်။
စိတ်ဓာတ်ကျမနေပါနဲ့ဆိုပြီး
သတင်းစာတွေဖတ်ရတယ်
TV မှန်မှန်ကြည့်ရတယ်
တန်ဖိုးမြှင့်ထီထိုးရတယ်
မိုးသည်းတာနဲ့ လွမ်းရတယ်
ဘီယာဖိုး နည်းနည်းချန်ထားရတယ်
ဂျာအေးကို သူ့အမေရိုက်တယ်
ဒီဇာတ်က ဒီရွာမှာ အကြိုက်ဆုံးပဲ။
ယောဟန်အောင်
မေ ၃၀၊ ၂၀၁၇
No comments:
Post a Comment