Pages

Saturday, February 25, 2017

ပြင်သစ်တော်လှန်ရေးအကြောင်း မှတ်စု

ဒီလိုပဲ စာအုပ်တန်းငေး 
၁၈ ရာစု ပြင်သစ်တော်လှန်ရေးအကြောင်း
ဝေးပြီဟောင်းပါပြီ သမိုင်းတစ်ခု
ဖတ်မိ မှတ်စုပြုမိရုံ
သက်ဦးဆံပိုင် ပဒေသရာဇ်တွေကို အုံကြွတော်လှန်
ပြီးတော့မှ
နပိုလီယံအာဏာရှင်နဲ့ ပြန်ညားရတဲ့အကြောင်းပေါ့။

ဖဲတွေကို ကုလားဖန်ထိုးပါရဲ့
ပြန်ချိုးပါရဲ့
ဒါပေမယ့် 'တစ်ဖဲချပ်'တွေအားလုံး အပုံထဲမှာပဲ ကျန်ခဲ့တယ်
တို့လက်ထဲမှာ ကုလားဖဲနဲ့ အသုံးမကျလှတဲ့ဖဲတွေပဲ ရောက်လာတာ
ဒါဟာ ဗရင်ဂျီဘုန်းကြီးတွေ ပြောခဲ့သလို
ကျိန်စာဆိုးကို မိနေတော့တာပေါ့။

ဒီလိုလူ့သမိုင်းအတွက် အရေးပါတဲ့ အချိုးအကွေ့
ဖြတ်ခဲ့ရသူတွေပါ။
အိမ်နီးချင်းတွေကတော့ သူဟာရူးနေပြီ ပြောတာပေါ့
သူဟာ လူကောင်းပါ။
အတော်ခက်ခဲတဲ့ကာလ
အန္တရာယ်ကြားမှာမှ
မျိုးချစ်ဖြစ်ခဲ့ကြသူတွေပါ။

'လွတ်လပ်မှု၊ တန်းတူညီမှု၊ ညီနောင်သဖွယ် ချစ်ကြည်ရေး'
ဒီလိုကြွေးကြော်သံတွေနဲ့
ဒေါက်တာဂီလိုတင်း တီထွင်တဲ့ ခေါင်းဖြတ်စက်လည်း တွေ့ဖူးခဲ့တယ်။
ဘာစတီးလ် အကျဉ်းထောင်ကိုဖြိုချ
'လူသားထုနဲ့ နိုင်ငံသားတို့ရဲ့ အခွင့်အရေး'ကို ထုတ်ပြန်ကြ
အစောပိုင်းနှစ်တွေမှာ မြေရှင်ပဒေသရာဇ်ကို ဖျက်သိမ်းခဲ့ကြ
'ဗယ်လ်မီအောင်ပွဲ'များတောင် ဝှဲချီးကျင်းပခဲ့သေး
 အခု ဘိုနာပတ် ပြင်သစ်ကို ပြန်လာတော့
လူတွေက လေသံတိုးတိုးလေးတွေနဲ့ တီးတိုးပြောနေကြရပြန်ပေါ့။

ရုံးကနား ခမ်းမတွေထဲမှာတော့
ကော်ဆီကန်နယ်သား
နပိုလီယံ ပုံတွေချိတ်ဆွဲထားတဲ့ကာလ
စည်းလုံးညီညွတ်၍ ပြိုကွဲခြင်းမရှိတဲ့
သမ္မတနိုင်ငံတော်ကြီးရဲ့ အဌမမြောက်နှစ်တွေပေါ့။

ကောလဟာလတွေပါ
နိုင်ငံသားတွေထဲ ဟိုကြားသည်ပြန့်
နပိုလီယံက ဦးဆောင်အဖွဲ့ကို ဖျက်သိမ်းမယ်
၁၇၉၃ တုန်းက တို့ထူထောင်ချင်တဲ့ သမ္မတနိုင်ငံ စစ်စစ်ကို ထူထောင်မယ်တဲ့
တော်လှန်ရေးရဲ့ ရန်သူတွေကို ချေမှုန်းမယ်တဲ့
တချို့ကတော့ နပိုလီယန်ဟာ
တစ်ဘက်ဂိုဏ်းသားတွေနဲ့ စေ့စပ်အပေးအယူ လုပ်သွားပြီ ပြောတာပဲ။

ခုတော့ တော်လှန်ရေးဟာ
သူရှူရှိုက်နေရတဲ့ လေလိုပဲ
ရိုးသွားတယ်
ပတ်ဝန်းကျင်မှာ လေရှိနေလို့ ရှိနေမှန်း မသိရအောင်
တော်လှန်ရေးကို မသိတော့။
တော်လှန်ရေးနေ့ရောက်လာပြန်တော့ သူတို့ တအံ့တသြပြုံးတယ်
အော်.. တော်လှန်ရေးနေ့တောင် ရောက်လာပြန်ပြီကိုး။
တကယ်တော့ ဘာမှ မဟုတ်ဘူး
အုပ်စု နှစ်စု ရန်ဖြစ်တဲ့ပွဲပဲ
နိုင်ငံကြီးသား ဆီယေက နိုင်ငံကြီးသား ဘားရက်ကို ဖြုတ်ချတဲ့ပွဲ။

တော်လှန်ရေးက အောင်ခဲ့ပြီးပြီ
ဘယ်သူမှ ဂရုမစိုက်တော့ဘူး
ဘယ်သူမှ ငြင်းမရတော့ဘူး
ရန်သူတွေကတောင် အထူးတလည် ဝန်ခံနေကြရပြီ
နောက်တခါ တော်လှန်ရေးက အရေးနိမ့်သွားပြန်တယ်
ဒါကိုလည်း လူတွေက သိကြပြီးသား
ဝန်ကြီးတွေလည်း သိတယ်
ဂျက်ကိုဘင် ဂိုဏ်းသားတွေလည်း သိတယ်
ဘိုနာပတ်လည်း သိတယ်။

မြို့ထဲမှာတော့
ကော်ဖီဆိုင်မှာ သတင်းပေးတွေက ရစ်ဝဲရစ်ဝဲ ထိုင်နေတုန်းပဲဆိုတော့
နိုင်ငံသားတွေကလည်း ပါးစပ်တွေကို ပိတ်ထားတာ အကောင်းဆုံး။

ပြောချင်တာက… ကျုပ်တို့တော်လှန်ရေးကြီးတော့ အရေးနိမ့်တော့မယ်ထင်တယ်
သမ္မတဂိုဏ်းသား တစ်ဦးက ဝင်လာတဲ့သူ့အဖော်ကို ပြောတယ်
ဒါအဆန်း မဟုတ်ပါဘူးဗျာ
အရင်တုန်းကလည်း အရေးနိမ့်ဖူးပေါင်းများပါပြီ
အကြိမ်တစ်ရာ မဟုတ်တဲ့တိုင် အကြိမ်ငါးဆယ်လောက် ရှိမှာပေါ့
တော်လှန်ရေးဆိုတဲ့ အရာကလည်း မသေနိုင်တဲ့အရာမှ မဟုတ်တာပဲ
သူလည်း သင်္ခါရ အနိစ္စ ပျက်စီးရမှာပေါ့။

အေးလေ… ခင်ဗျားက လှောင်နိုင်ပြီပေါ့
ကျုပ်က ဒီမောင်တွေကို ကျောမခိုင်းနိုင်ဘူး
 ရဲမင်းကြီးက မျိုးချစ်တပ်သား ၂၀ ဦးကို ဖမ်းထားတယ်
ဘုရင့်ဂိုဏ်းသားတွေလည်း ပြောင်ပြောင်တင်းတင်း
ဒီစနစ် အသက်သွင်းဖို့ ပြန်လုပ်နေကြတယ်
ကျုပ်တို့ မျိုးချစ်တွေက ဘာလုပ်နေလဲ
ဘီယာသောက်တာနဲ့ပဲ အချိန်ကုန်နေကြတယ်
ခု နပိုလီယံက ပြင်သစ်မြေကို ပြန်တက်ဖို့ ကြိုးစားနေပြီဗျ။

ကျုပ်တို့ မျှော်မှန်းခဲ့ကြတဲ့ တော်လှန်ရေးကြီးဟာ အကောင်အထည် မပေါ်ခဲ့ကြဘူး
လူတချို့က စီးပွားပျက်သွားတယ်
လူတချို့က ချမ်းသာသွားတယ်နဲ့ပဲ ကိစ္စပြီးသွားတယ်။

ကြာပါပြီ
ဒါကဗျာလည်း မဟုတ်ပါဘူး
အီလျာ အာရင်ဘတ် ရေးထားတာ ဖတ်ရတော့
ခပ်သော့သော့လေး မှတ်စုတေးမိတာပါ။

ယောဟန်အောင်
ဖေ ၂၄၊ ၂၀၁၇ ခုနှစ်။

No comments:

Recent Comments