Pages

Monday, January 9, 2017

ဆောင်းည

"နွေက သူဟာ ပူလောင်ကြောင်း
သက်သေကောင်းကောင်းနဲ့
အတိအလင်း ပြသနိုင်တယ်" ဆိုပေမယ့်
ဆောင်းညက ရှည်လျား တိတ်ဆိတ်နေလိုက်တာ
နှင်းသံ ဖြိုးဖြိုးဖျောက်ဖျောက်နဲ့ ချောက်ခြားစရာ
အကြောင်းကြောင်းကြောင့် စိတ်ပြောင်းပြီလား စိုးမိပေါ့
နှင်းမိုးရိုင်းနဲ့ လေရူးလှိုင်းထ ရာသီအခါ။

တိတ်ဆိတ်နေဆို
စနစ်ဆိုးတွေအပေါ် တိတ်ဆိတ်နေခဲ့တယ်။
အကြမ်းဖက်မှုတွေအပေါ် တိတ်ဆိတ်နေတာ      
အခြေခံအခွင့်အရေးတွေအပေါ် တိတ်ဆိတ်နေခဲ့တာ
တရားမျှတမှုအပေါ် တိတ်ဆိတ်နေတာ
မျက်ရည်၊ ငိုရှိုက်သံနဲ့ ငတ်မွတ်မှုတွေအပေါ် တိတ်ဆိတ်နေခဲ့တာ။

တို့ထုဆစ်ခဲ့တာ မဟာအိပ်မက်တွေပါ။
ဘာမှမဟုတ်ဘဲ ဆောင်းမြက်ရိုင်းကြား
သွေးထိုင်း အေးခဲသွားနိုင်တာပေါ့။   

"ငါတို့ရဲ့ မြစ်ပါ          
ဝေ့ကာဝိုက်ကာ အလိုက်သင့် စီးမျောရင်း
ပင်လယ်အထိ မဆင်း မရောက်နိုင်မှာ စိုးနေခဲ့တယ်။"[1]

ယောဟန်အောင်
ဇန် ၇၊ ၂၀၁၇။  




[1] ကိုငြိမ်းဝေရဲ့ "ပင်လယ်ကိုရှာမတွေ့တဲ့မြစ်များ" စာသားကို ခံစားပါသည်။

No comments:

Recent Comments