Pages

Tuesday, December 27, 2016

ပြည်တော်ပြန်

ခေတ်ကိုက
လှုပ်လှုပ်ရှားရှား၊ အနားမရနိုင်တဲ့ ခေတ်ပါ။
ပြောင်းလဲချိန် တန်ပါပြီ ဆိုသကိုး။
ပြောင်းလဲသမျှ အိမ်ပြန်လာသူအတွက်
ပျောက်ဆုံးမှု ကြီးနေတယ်။

ပျောက်ဆုံးမှုက များဆို
သူ့မြို့တော့ သူ့မြို့ပါ
သူ ဘယ်ကိုလာလို့ ဘယ်ကိုသွားရမှန်းတောင် မသိဘူး။

ဆိုရှယ်လစ် ငြိမ်သက်မှုကို လှုပ်နှိုးပြီး
မုန်တိုင်းထန်ဖို့ သူ ထွက်သွားခဲ့တာ
ရေခြားမြေခြားမှာမှ အမှန်တရားရှာမဟဲ့
ကြုံးဝါး ထွက်သွားခဲ့တာ  
လွမ်းတာကို နာတာနဲ့ ပြေမယ် ထင်ခဲ့တဲ့သူ။  

သူပြန်လာခဲ့တယ်။
သူ ထွက်သွားတဲ့ ၁၉၈၀ ခုနှစ်များဆီ ပြန်လာတာ…
ရန်ကုန်တက္ကသိုလ်နဲ့ ဂျပ်ဆင်ဆီ၊
လှည်းတန်းနဲ့ ဦးချစ်ဆိုင်တန်းတွေဆီ
'အီကို' အဆောင်များနဲ့ ခုံတန်းလျားတွေဆီ။

ကြိုပုံက သင်းတယ်
မြန်မာလို ပီပီသသ ပြောပါရဲ့နဲ့
ဟိုတယ်ခနှုန်းကို 'ဖော်ရိန်နာ'လို တောင်းတယ်
ကိုယ့်မိဘအိမ်ထဲ တစ်ညတည်းပါတယ်။
ဧည့်စာရင်းတိုင်ရမယ်တဲ့၊                               
သူ သွားတုန်းကတောင် မမွေးလောက်သေး
ရပ်ကွက်အုပ်ချုပ်ရေးမှူးက လာပြောတယ်
လွတ်လပ်ရေး မရခင် ၁၉၄၀ က ဥပဒေအရတဲ့။
ဒီမှာချက်မြှုပ်ခဲ့တဲ့ သူကရော သူစိမ်းလား၊
သူပြောတဲ့ ဗမာစကားက ထောပတ်နံ့သင်းနေလို့လား။
ကိုယ့်မွေးရာဇာတိ ပြန်လာတာတောင်
ဗီဇာက လိုသေးသတဲ့။  

ပေါင်ဒါနည်းနည်းပါးပါး ဖို့ထားတာလောက်နဲ့
ဘေထုပ်ထည် ခေါက်ရိုးကျိုး လျှော်ဝတ်ရုံလောက်နဲ့
ဟန်လုပ်နေတုန်း မြို့ရန်ကုန်
မလွမ်းလောက်သေးတဲ့မြို့
ကားဆို့တယ်၊ လမ်းဆို့တယ်
မိုးနည်းနည်းညို့ရင် မြောင်းရေဆို့တယ်။

မပြောဖြစ်ခဲ့တဲ့ ငယ်ချစ်ဆီ သူ ပြန်လာခဲ့တယ်
'စစ်ပြန်'အတွက် 'ရွာကျန်' တွေ ဘယ်စောင့်နိုင်မှာလဲ
သံယောဇဉ်တွေနဲ့ ကြည့်မိကြတာကလွဲလို့
ရင်ခုံသံတွေကြား သံဇကာ ခြားနေခဲ့တယ်။
ကလေး ၂ ယောက်နဲ့ တစ်ယောက်သောသူက နွမ်းလျ
ဘဝ သိပ်ကို ဆန်နေခဲ့ပြီ။

သူ ပြန်လာတာ အင်းစိန် ပိန္နဲကုန်းလမ်းကလေးကအိမ်
ဒါပေမယ့် မြို့သစ်ကို အိမ်ရွှေ့ခဲ့ပြီ
ပြောသမျှကို အဖေက ပြုံးပြုံးကြီး နားထောင်ပြီး
ငါ့သားရယ်… မင်းပြောသမျှ အဆန်းကြီးပဲကွာတဲ့
အဖေကိုယ်တိုင်က အဆန်းကြီးဖြစ်နေလို့
အိမ်ရှေ့လမ်း တစ်ဝက်တစ်ပြက် ခင်းဖို့အရေး
အနစ်နာခံ ပြည်ခိုင်ဖြိုးဝင်ပေးရသေးဆိုပဲ။       

သူပြန်လာတာ ခိုင်ထူးရယ်၊ လွှမ်းမိုးရယ်
ခင်ဝမ်းနဲ့ ကိုတိုးကြီး..သူတို့ ကက်ဆက်တိပ်ခွေတွေဆီ
သူပြန်လာတာ ပန်းခရမ်းပြာ ရှာမယ်ဆိုတဲ့ စိတ်နဲ့ အင်းလျားဆီ၊
ဟော်တယ်ခန်းမထဲက လူသီးသန့်ဖျော်ဖြေပွဲတွေ မဟုတ်ဘူး
ဆယ်လ်ဖီ (selfie) ရိုက်ဖို့ ဖုန်းတထောင်ထောင်နဲ့
ဆူညံပူလောင်
အဆောင်အယောင် ရှိုးတွေဆီ မဟုတ်ဘူး။

သူပြန်လာတာ သူငယ်ချင်းတွေ ပါးစပ်နဲ့ စစ်ခင်းခဲ့ကြတဲ့
လက်ဖက်ရည်ဆိုင်ကလေးဆီ
ခုလို လူစည်စည် စည်ဘီယာဆိုင်တွေ မဟုတ်ဘူး
အိတ်ဇောငွေ့၊ ရန်လိုစိတ်၊
ဆေးလိပ်နဲ့ ဘီယာကြော်ငြာတွေဟီးထ
ရေငတ်နေကြတဲ့ လူတောအုပ်ကြီး မဟုတ်ဘူး
မရှိတဲ့သူက မရှိကြတော့ဘူး၊ သူတို့ အသေစောကြတယ်။

သူပြန်လာတာက သူ့ ခေါင်းဆောင်များဆီ
မီးတောက်နဲ့ ယမ်းငွေ့တွေကြားက ပြန်လာတာ
လူ့အသက်တွေ ထောင်ချီသေကြေပြီးမှ ပြန်လာတာ..
ကြောက်ရွံ့ခြင်းမှ ကင်းဝေးရာ
'ငါတို့၏ခေါင်းသည် သွေးချင်းချင်းနီ၏
သို့သော် ညွှတ်ကားမညွှတ်' ဆိုသူတွေထံ ပြန်လာတာ
သူတို့လို 'တတိယကမ္ဘာတန်းစား'
ဆောင့်ကြွားကြွားအမတ်တွေ မဟုတ်ဘူး
ပဲ့တင်ပြန်ခန်းထဲ ကျေနပ်နေတဲ့ ခေါင်းဆောင်တွေ မဟုတ်ဘူး
'တတိယကမ္ဘာတန်းစား' လုပ်ငန်းရှင်တွေနဲ့
ခင်မင် သတင်းလွေ့လွေ့၊ သူတို့က ဖွံ့ဖြိုးရေး မိတ်ဖက်ကြီးတွေအလား
လူ့စည်း ဘီလူးစည်းတွေက ပါးသွားပြီလား။

သူပြန်လာတာက သူ့ သူရဲကောင်းများဆီ
'နိုင်ကျဉ်း'တိုင်းကို ဦးဝင်းတင်လို ထင်ထားတာပေါ့
'လွတ်လပ်ရေးကို ပေးလော့…
ဒါမှမဟုတ်ရင် သေချင်းတရားကိုပေးလေ့ာ' ဆိုတဲ့
ဗီယက်ကောင်းတွေဆီ ပြန်လာတာ
အဟိ ံသဝါဒီ၊ ဂန္ဒီတွေဆီ ပြန်လာတာ…
အဲန်ဂျီအိုတွေနဲ့
မပြီးဆုံးနိုင်တဲ့ နှစ်လည်အခမ်းအနားတွေဆီ ပြန်လာတာ မဟုတ်ဘူး
မငြီးတန်း အစည်းအဝေးတွေဆီ ပြန်လာတာမဟုတ်ဘူး…
လာ…ဒကာခံ.. ဘီယာဆိုင် သွားမယ်တဲ့…
နာဂစ် မိတောတို့ ရှိရာ
မာဆတ်ပါလာ သွားမယ်တဲ့… အဲသလို လော်လီမှုတွေဆီ မဟုတ်ဘူး။

ဒီနိုင်ငံမှာ သူ နားမလည်နိုင်စွာ ကြားနေရ        
လူတိုင်းက အသံမြှင့် ပြောနေကြရတယ်
အဝေးပြေးဘတ်စ်တွေပေါ်က
ရုပ်ရှင်ဇာတ်လမ်းတွေမှာ အသံမြှင့် ပြောကြတယ်။
ကားစပယ်ယာတွေကလည်း အသံမြှင့် ခေါ်နေကြတယ်
ကားကြီးတွေက ဟွန်းကိုတီး လမ်းတောင်းတယ်
"ပွစ်… ပွစ်… ဝမ်းတီး ရှယ်နော်… ရှယ်.." တဲ့
ရွှေဆွဲကြိုးနဲ့ ကောင်က အော်ပြောတော့
သူငယ် စားပွဲထိုးလေးက လန့်ဖြန့်ပြီး
"ဝမ်းတီး၊ တူးအီကြာ ပါဆယ်" ထပ်မြှင့်အော်တယ်။

'နဂါးနီတန်ခိုးနဲ့ အမျိုးဂုဏ်တက်စေမည်' တဲ့
ထီဆိုင်တွေကလည်း အသံမြှင့်
'ပြည်တွင်းစစ် ချက်ချင်းရပ်၊ ချက်ချင်းရပ်'
တက်ကြွလှုပ်ရှားသူတွေကလည်း အသံမြှင့်၊
'အမျိုး၊ ဘာသာ၊ သာသနာ' ကာကွယ်မယ်တဲ့
'တရားသောစစ် အောင်ရမယ်'တဲ့
တရားဟောကိုယ်တော်ကလည်း အသံမြှင့်
နောက်ဆုံး ဘုံကထိန်အလှူခံနဲ့ ဓမ္မာရုံတွေတောင်
နေ့နေ့ညည အသံမြှင့်
သူ ပြောချင်တဲ့ အသံတွေ
'ဆွံ့အ' နေမိခဲ့တယ်။  

'ဒေါ်လာစား… ဒေါ်လာစား'
ဈေးကွက် စီးပွားရေးဝါဒသစ်ကတော့ သူ့ကို လိုလိုလားလား ရှိပါရဲ့။
ဒီလို လူတွေရဲ့ ငွေတွေနဲ့
ကျူးကျော်တွေကို စနစ်ကြီးက ကော်ထိုးထုတ်ပစ်လိုက်တယ်။
'တဲပေါ်ကနေ တိုက်ပေါ်တင်မယ်' တဲ့၊
အာဖရိကဆန်ဆန် လမ်းမတွေ၊
ခြရာ ပရပွနဲ့ မြို့ပြစီမံကိန်းတွေချတယ်။

ကျပ်နှစ်ရာနဲ့ ဘတ်စ် စပယ်ယာ- ခရီးသည် အမျိုးသမီးကြီး တစ်ဦး ရန်ဖြစ်နေတာ
ငါကြားဝင်ပြီး ရှင်းပေးလိုက်ရလေမလား
ပြည့်လျှံခွက်ထဲက ကျလာတဲ့ စေတနာချိုပြင်းသီးများ
လက်အုပ်ချီ စားသုံးနေကြတတ်သူများ
ခါးသီးတဲ့ ဘဝဒဏ်ရာတွေ လျာနဲ့ ပြန်လျက် တပြတ်ပြတ်။

ပျောက်ဆုံးမှုက များဆို
သူ့မြို့တော့ သူ့မြို့ပါ
သူ ဘယ်ကိုလာလို့ ဘယ်ကိုသွားရမှန်းတောင် မသိဘူး။

သူတို့ နေသားကျခဲ့တဲ့ကမ္ဘာက ဝေးသွားလိုက်တာ
သေချာတာတော့
တို့ခေတ်က ရိုမန်တစ် ပိုဖြစ်ကြတာပေါ့။

ယောဟန်အောင်

ဒီ ၂၂၊ ၂၀၁၆ ခုနှစ်။ 

No comments:

Recent Comments