Pages

Tuesday, December 27, 2016

အရူးရင့်တယ်

ရန်ကုန် ပြန်မလာချင်တော့ဘူး
အရူးရင့်တယ် အချစ်ရယ်။

ငပိန်းတွေများတယ်၊
ဘာဖြစ်ဖြစ် 'ရှယ်မယ်'ဆိုတဲ့ ငထူတွေများတယ်
အကွက်ဆန်းတွေ လှတုန်းလှဆဲဆိုပဲ
နဂိုရ်ကမှ မျက်လုံးခပ်လည်လည်ရယ်ပါ။
သူတို့နဲ့ကြာကြာနေလေ ငါ အရူးရင့်တယ်။

စဉ်းစားကြည့်ဆရာရယ်…
ခရီးသည်ကပါး တက္ကစီတွေကများလာ
ဓာတ်ဆီဈေးကတက်တာ
ရှာစားရတာလည်း မလွယ်ပါဘူး
"မနက် ၉ နာရီ သတင်းပေးပို့ချက်အရ
ယာဉ်ကျောများအားလုံး ပိတ်ဆို့လျက် ရှိပါတယ်"
တခြားသွားစရာလမ်းလည်း မရှိဘူး
အရူးရင့်တယ်။

နတ်ပြည်ကရော လူလက်ခံလို့ ဆန့်ပါ့ဦးမလား
"အလှူတကာ့ အလှူမှာ အမွန်မြတ်ဆုံးက
ကထိန် မြတ်သင်္ကန်းကို ကပ်လှူရတဲ့ အလှူပဲကွဲ့"
လမ်းထိပ်တိုင်းမှာ အလှူခံဌာနတွေ ရှိသမို့
လော်စပီကာ အပြိုင်အဆိုင်ကျဲသမို့
ကထိန်သံတွေ ဆူညံလွန်းတယ်
"ဟား…ဟား…ဟား
ငါက ဗိုလ်အောင်ဒင်၊ နင်က ဒါကိုမမြင်
ငါ့အသည်းကို ခလုတ်တိုက်သွားတယ်
မိန်းကလေးရယ် မင်း… မိုက်တယ်"
ခုနစ်ရက် ခုနစ်လီ
ဒီသီချင်းပဲ ဟိုကြားရ သည်ကြားရ 
အရူးရင့်တယ်။

မီးက ခဏခဏလာတယ်
တတိယကမ္ဘာဆိုတော့ တတိယကမ္ဘာ မီးအဆင့်ပဲရတာပေါ့
တတိယကမ္ဘာဆိုတော့ တတိယကမ္ဘာအဆင့် အစိုးရပဲရတာပေါ့
မင်းမို့ ချဉ်ပတ်အိုးထဲ ပြန်လာတယ်…
မင်းပါ ချဉ်သွားမှာကြည့်နေ..
အရူးရင့်တယ်။

အဲဒီကောင်
နှစ်လုံး သုံးလုံးရောင်းတဲ့ကောင်
ရဲပိုင်သလိုလို၊ ဥက္ကဋ္ဌပိုင်သလိုလိုနဲ့
လူကောင်းရော၊ လူဆိုးပါ ပေါင်းထားတဲ့ကောင်
အခု ကျနော်မမေးရဲတော့ဘူး
သူက ကုလားထိုင်ပေါ် ထိုင်နေတာ အကျအန
အရူးရင့်တယ်။ 

ကမ္ဘာကြီးက စဉ်းစားပုံပြောင်းသွားတာလား
ငါကပဲ စဉ်းစားပုံပြောင်းသွားတာလား
ကိုယ့်ဘုရားမှ ကိုယ့်ဘုရား
ကိုယ့်ငရဲမှ ကိုယ့်ငရဲ
ကိုယ့်အကျိုးစီးပွားမှ ကိုယ့်အကျိုးစီးပွား
ခြံစည်းရိုးတွေ မြင့်မြင့်လာတယ်
သီအိုရီတွေ ပြာယာခတ်စေပြီး
တကမ္ဘာလုံး အသည်းကွဲရပြီလေ။

အဆိပ်နှစ်ခွက်ထဲက တစ်ခွက်ကို ရွေးရသလိုပါ
သိပ်စူးရှ နာကျဉ်ရတာပေါ့
ထရမ့်ကို သမ္မတကြီး ခေါ်ကြရတော့မယ်
ကမ္ဘာ့သတင်း ခဏခဏမကြည့်ပါနဲ့
မင်း အသိဉာဏ်ကိုပါ အကြမ်းဖက်ဦးမှာ…
အရူးရင့်တယ်။

နေဦး… နေဦး…
တူးခြစ်ညှော်နံတယ်
ငါတို့ နိုင်ငံတော်များလား
ကားပွဲစားတွေများတယ်
အိမ်ပွဲစားတွေများတယ်
သစ်တောနဲ့ မြစ်ချောင်းပွဲစားတွေ များတယ်
ငြိမ်းချမ်းရေးပွဲစားတွေ များတယ်
ကောလာဟဠ ပွဲစားများတယ်
နိုင်ငံရေး ပွဲစားတွေများတယ်။
မီးသတ်ကားတွေ သွားပြီလား
မီးသတ်ကားတွေက ရေရောပါသွားရဲ့လား
လောင်ကျွမ်းနေတာက ကျုပ်တို့ လောကပါလတရားပါဗျ
အရူးရင့်တယ်။ 

မေမေရယ်.. သားကိုဆေးတိုက်ပါ။
မေမေက အလုပ်များတယ်…
ဒီအတိုင်းမထားပါနဲ့
အရူးရင့်တော့မှာ သွက်သွက်ချာ။

ယောဟန်အောင်
နို ၁၀၊ ၂၀၁၆။ 

No comments:

Recent Comments