လက်မှတ်ထိုးရမယ်ဆို
ကျနော်တို့က သိပ်ကြောက်တာ…
နောက်ပိုင်းကျ ခံရလွန်းလို့။
ကျနော်တို့က တောသားတွေ
စည်ပင်ဆို မမြင်ဖူးဘူး
အခွင့်ထူးဆိုမပါ၊
ပြာယာခတ် ရှေ့ထွက်ကြဆိုရင် ကိုယ်ရှေ့ဆုံး။
ဆိုင်ကယ်လမ်းလောက်၊
လိုတဲ့ကျောင်းဆောက်၊
ဖျားနာရင် ဆေးကုဖို့လောက်တော့ ရချင်တယ်။
မြို့က အစည်းအဝေးသွားပါတယ်
ရွာကိစ္စ မပြောသာဘူး
မြို့မရပ်ကွက် ပြဿနာတွေချည်း
အစည်းအဝေးဆို
ကိုယ်ကလည်း စကားမပီ
ဒီလိုနဲ့ ခရီးစားရိတ်ကုန်တာပဲ အဖတ်တင်တယ်။
လိုနေတာက ကျောင်းဆရာ၊ ကျန်းမာရေးမှူး
လူဦးရေ ၁၀,၀၀၀ မှ ဆေးမှူးတယောက်ဆိုတော့
ကျနော်တို့က လူကို ကြက်ဥဖောက်စက်နဲ့ ရှာရမလို။
သူနာပြုဆရာမကလည်း
တစ်လမှာ ၁၀ ရက်လောက်
သင်တန်း၊ လချုပ်နဲ့ မြို့ကိုရောက်နေ…
သေတာတောင် သူ့ကိုစောင့်နေရမယ်။
တောထဲကကလည်း
ဘာမှန်းမသိရ
ရွာကလူကို လာလာဖမ်းတယ်
ရှိသမျှအသိလေးနဲ့ ကျနော်တို့ တွေးမိကြတာတော့
"ဘယ်လက်နက်ကိုင်မှ မကောင်းပါဘူး"ရယ်လို့။
အခု ဒု-သမ္မတပေါ့
သူလည်း ဒီရွာမှာနေခဲ့ဖူးတယ်
တပ်ရင်းမှူး ဘဝနဲ့
ကိုယ်ခံရတာတော့ ကိုယ်ပဲ သိတာပေါ့….။
ယောဟန်အောင်
၂၁ စက်တင်ဘာ ၂၀၁၆
No comments:
Post a Comment