ဥစ္စာစောင့်ဆိုတာ
အလွမ်းတွေကြောင့် ဖြစ်လာတာ
လောကီကိစ္စ ဝိစ္စတွေကို
သူဖြောင့်ဖြောင့်ကြီး မစွန့်နိုင်လို့ …
သူ့ အသံချိုချိုလေးဟာ
ကျနော့် ဖက်အုံးပေါ့
ဒါလေးဖက်တွယ်ပြီးမှ
အိပ်မက်တွေကို ရှင်သန်စေတယ်။
လန်းဆန်းနိုးထစေတယ်။
(မကျွတ်မလွတ်တာ ပြောပါတယ်)
သူ့ကို ဆင်တူရိုးမှား
ဖန်တီးထားရတယ်။
ဒီအသံလေးကပဲ ကာကွယ်ပေးရာ..
ဥုံ ဂါထာပေါ့။
ကျနော့်လို ရော်ရွက်ခြောက်တော
အတွက်တော့
သူလေးဟာ လက်ယက်တွင်းလေး
ဆွေးမြေ့ရမယ်ဆိုရင်တောင်
ဒီရေတွင်းလေးအနားပဲ
လဲလျောင်းချင်တော့တယ်။
နစ်မြုပ်ပြီးသား သင်္ဘောတစင်းပေါ်ကနေ
ရေပေါ်တက် ခဏခဏငေးရ
လှိုင်းထန်မုန်တိုင်းကျတဲ့
သမုဒ္ဒရာညမှာ
ကယ်ဆယ်သူ ပေါ်လာဦးမလား။
ကျိုးကြောင်းဆီလျော်တဲ့
ဆင်ခြင်တုံတရားတွေ
မလိုပါဘူး။
ကောင်းကင်က ကြယ်နက္ခတ်တွေကို
သာမန်နဲ့ ကိုယ်လိုလားတဲ့
အမျိုးအစား၊
အုပ်စုခွဲနေတာလည်း
အလုပ်တစ်ခု လုပ်နေတာပဲ
ဒါမှလည်း မေ့နိုင်မယ်လေ။
ဆုံးရှုံးခဲ့တာအတွက်
ငါတော်လှန် တိုက်ခိုက်ယူရဦးမှာလား။
အိုမင်းနွမ်းလျပါပြီလေ…
ပျောက်ဆုံးသွားတဲ့
ပစ္စည်းတွေ တိုင်ချက်ဖွင့်တာနဲ့
အမြဲပြန်ရှာဖွေ တွေ့ရှိလေသလား
လက်ထဲရောက်ပြီးမှ တခါ
ပြန်ပျောက်သွားဦးမှာလား။
ကျနော့်နှလုံးသားကို
အနာဂတ်ကြိုခေါ်သွားလိုက်မယ်
ပြန်ဆုံအုန်းမယ်ဆိုတဲ့
စိတ်ကတော့
အလိုလို မသေချာတော့ဘူး
အဆီးအတား ကွန်ခြာသံကြိုးများရှိတယ်
သံလမ်းပေါ်သွားတဲ့ ရထားများတောင် လမ်းလွဲချော်မှုများ ရှိနေသေးတယ်။
တကယ်သက်ရှိလို
ယောင်ဆောင်နေမိတဲ့
သူယောင်ဟာ
ပြန်ရှင်ထမြောက်မယ့်
သတ္တမနေ့ကို ယုံကြည်သူပါ။
ဘုရားသခင် အသစ်ရှိ
ပေါ်မယ်ဆိုရင်
ကျနော့်ကို ပြန်ဖန်ဆင်းမှာပေါ့
များစွာ သူခပ်သိမ်းတို့၏
ဒုက္ခကို ငြိမ်းမှာ
ထိုသူတို့၏ မျက်ရည်ကို
သုတ်မှာ
ယာလက်ဖြင့် ဆန်စပါးရိက္ခာကို
ပေး၊ ဝဲလက်ဖြင့် ဝတ်စားတန်ဆာကို ပေးမှာ
အမိသည် သားငယ်အား ရင်ခွင်၌ နှစ်သိမ့်သကဲ့သို့
အမိသည် သားငယ်အား ရင်ခွင်၌ နှစ်သိမ့်သကဲ့သို့
ကိုယ်တော်သည်လည်း
တိုင်းသူပြည်သားတို့ကို နှစ်သိမ့်မှာ *
ကျနော့်ကိုလည်း မေ့မထားပါနဲ့အရှင်…………။
ယောဟန်အောင်
စက် ၇၊ ၂၀၁၆
* ကျန်စစ်သားကျောက်စာကို
ကိုးကားဖွဲ့ပါသည်။
No comments:
Post a Comment