နားကျပ်ကြီး ဖြုတ်လိုက်ပါဦး
ကျနော်ပြောတာ နားထောင်ပါ ဒေါက်တာ။
Nostalgia ကို ဘယ်လိုဘာသာပြန်ရပါ့ …
"ရွှေရောင်နေ့ရက်များ လား"
ပျော်ရွှင်ချိန်တွေ တမ်းတလွမ်းမောတာလား
အိမ်ပြန်တဲ့ အဓိပ္ပါယ်လဲပါ၊ နာကျဉ် ကြေကွဲရတာလည်းပါ၊
ရင်ဟင်းလင်း ပလာနဲ့
ပုံမှန်မဟုတ်တဲ့ စိတ်ကျန်းမာရေး အခြေအနေလည်းပါ…
အဲသည်ရောဂါ ကျနော် ခံစားနေရပါပြီ။
ဒေါက်တာ…
ဆောင်းခိုငှက်တွေ ဒီနှစ်စောရောက်မှာ
သိလား
ကမ္ဘာကြီးက ပူနွေးလာဆို
ကျနော့် မီးတောက်နေတာကိုး
ခုဟာက ဟန်ဆောင်ပန်ဆောင် လွမ်းနေတာ မဟုတ်ပါဘူး
အပမှီသလို တုန်ဆင်းဖျားနာ
'အယ်နီညို' နဲ့ 'လာနီညာ' ဖြစ်တာလည်း
ကျနော့်ကြောင့်ပါပဲ
သူတို့ အဓိပ္ပါယ်ကိုက "ကောင်မလေးနဲ့
ကောင်ကလေး" ပါ …
ကျနော် စမ်းကလေး ရေဆုတ်ခြောက်ကပ်လာနေတယ်
ကျနော့် သစ်တောတွေ ရွက်ကြွေ
ကျနော့် မြေပြင်က ပတ်ကြားအက် တော်လဲ
ကျနော့်ကောင်းကင်တောင် အမှောင်တွေလာဖုံး
ကျနော့်လိပ်ပြာတွေက တောင်ပံ တဝုန်းဝုန်းခတ်။
ဒါပေမယ့် သူ့ကို ချစ်ခဲ့ဖူးတာ
ကျနော့်အတွက် ကုသိုလ်ပါ။
အဲဒါနဲ့ပဲ နိဗ္ဗာန်ဆိုတာ ကျနော် မြင်ခဲ့ဖူးတယ်…
ဒေါက်တာ
စိတ်၏ ကုံလုံပြည့်စုံခြင်း အလျဉ်းပြည့်စုံဖူးတာပေါ့။
အခါခပ်သိမ်း ကင်းလွတ်ငြိမ်း၍
အဆုံးစွန်သော ဘဝ၌ အဖန်ငါးရာ ငါးကမ္ဘာ
(မကျွတ်ရင်လည်း နေပါစေ…. ဒေါက်တာ)
သံသရာထဲ ယူသွားလို့ရရင်
အလွမ်းတွေပဲ ယူသွားတော့မယ်။
ယောဟန်အောင်
စက် ၆၊ ၂၀၁၆
No comments:
Post a Comment