Pages

Monday, September 4, 2017

မင်္ဂလာဆောင်များ (Weddings)

စစ်ပွဲရဲ့နေများထဲက မင်္ဂလာဆောင်များ
စိတ်သက်သာဖို့ ပလာ စကားစုတွေနဲ့
လိမ်ညာမှု အတုအယောင်တွေ..
'သူက သေမှာမဟုတ်ပါဘူး...'
နှင်းတွေဖုံးနေတဲ့ ဆောင်းလမ်းမပေါ်
ရက်စက်တဲ့ လေပြင်းတွေနဲ့ ပြတ်ရှစေလို့
အိမ်နီးချင်းရွာက
အလျင်စလို မင်္ဂလာဆောင်တခုဆီကို ကျမအသော့နှင်ခဲ့တယ်။

လူသံဆူညံ တဲတခုထဲ
ကျမ ဂရုတစိုက်ဝင်လိုက်တယ်
ကျမ… နာမည်ကျော်တဲ့ ကျေးလက် ကချေသည်
ကျမနှဖူးမှာ
ဆံစတခု တွဲလွဲကျလို့။

အားလုံးက အနှောင့်အယှက်ဖြစ်သွားပုံနဲ့ သေသေသပ်သပ်ပြန်ထိုင်ကြ
ဆွေမျိုးများနဲ့ မိတ်ဆွေတွေကြား
သတို့သား ထိုင်နေ၊ စိတ်မသက်သာနဲ့
ရုတ်တရုတ်ထလှုပ်ရှား။

သူ့သတို့သမီး 'ဗီရာ' နဲ့ ထိုင်လို့
နောက် တရက် နှစ်ရက်မှာတော့
မီးခိုးရောင် စစ်သားကုတ်အင်္ကျီကို သူဆွဲယူ
သူ ဝတ်ပြီး ရှေ့တန်းကိုသွားရတော့မယ်။
ရိုင်ဖယ်သေနတ်တလက်နဲ့ သူသွားမယ်
သူစိမ်းမြေထဲ နင်းလျှောက်လို့
ဂျာမန်တွေရဲ့ ကျည်တတောင့်ပဲ ဖြစ်ဖြစ်က
သူ့ကိုလဲကျစေလိမ့်မယ် ...
အိမ်မှာဖောက်တဲ့ အမြုပ်ထ (ဘီယာ) တခွက်လည်း
သူ သောက်သုံးနိုင်တော့မှာ မဟုတ်ဘူး။
အတူတကွ ရှိခဲ့ကြတဲ့ သူတို့ရဲ့ညဟာ
သူတို့အတွက် နောက်ဆုံးည ဖြစ်ကောင်းဖြစ်မယ်။

စိတ်မသက်မသာနဲ့၊ သူတို့သားက စိုက်ကြည့်နေ
သူ့ဝိဉာဉ် အားလုံးက နာကျဉ်ထိခိုက်လို့
စားပွဲတဖက်က ကျမကို လှမ်းပြောတယ်။
'ကောင်းပြီ၊ လုပ်ပါ… ဘာဖြစ်လို့ မင်းက မကတာလဲ' တဲ့။

သူတို့သောက်စားမှုတွေကို အားလုံးမေ့ကုန်ကြ
မျက်လုံးအစုံက ကျမကို ငေးကြည့်နေကြတာ
ကျမဖိနပ်ရှည်နဲ့ စည်းချက်ကျ
တိမ်းစောင်း၊ လှုပ်ရှားရာ။
အခု ကျမက အချက်ပေး ဗုံကိုတီးလိုက်
ခု ကျမခြေချောင်းများကို
ကြမ်းပြင်တလျှောက် ဆွဲလိုက်။

စူးစူးရှ လေချွန်နေကြ
ကျမ လက်ခုပ်ကိုတီး
မျက်နှာကျက်အနားအထိ ခုန်လိုက်တယ်။
နံရံမှာ ကပ်ထားတဲ့ ကြွေးကြော်သံတွေကို ဖြတ်ပျံသွားတယ်။
'ဟစ်တလာက အရှုံးသမားငချွတ်ပဲ'
ဒါပေမယ့် သူတို့သမီးက
မျက်ရည်တွေနဲ့ သူမမျက်နှာမှာ
ထွေထွေစီးဆင်းလို့။ 
ကျမကိုယ်တိုင် ချွေးတွေစိုတဲ့ အဝတ်စဖြစ်နေပြီ
အသက်တောင် မနည်းရှူနေရ ...
'ကစမ်းပါ'
သူတို့က စိတ်ပျက်အားမရ အော်ဟစ်နေကြဆဲ
ကျမ နောက်တကြိမ်ကတယ်...
အိမ်ပြန်တော့ ကျမ ခြေကျင်းဝတ်တွေ
သစ်ကိုင်းလို တောင့်တင်းနေ။

ဒါပေမယ့် နောက်ထပ် မင်္ဂလာဆောင်တခုအတွက်
အမူးသမား ဧည့်သည်တွေက
နောက်တကြိမ် နောက်တကြိမ် အိမ်တံခါး လာခေါက်ကြဦးမယ်။
အမေက ကျမကို ခွင့်ပေးတာနဲ့
အဲဒီ မင်္ဂလာဆောင်ကို
စားပွဲခင်းအသစ်ကို ထပ်ပတ်လို့
နောက်တကြိမ် ထပ်ရောက်ရဦးမယ်

ကျမ ခြေတွေကို ဆောင့်လိုက်၊ ဒူးကိုကွေးလိုက်တယ်။
သတို့သား-သူတို့သမီးတွေက ခါးသည်းတဲ့ မျက်ရည်တွေဝဲလို့
မိတ်ဆွေတွေကလည်း မျက်ရည်ဝဲလို့။
ကျမ လူတိုင်းအတွက် ကြောက်ရွံ့စိုးရိမ်မိပါရဲ့
ကျမ မကခုန်ချင်ဘူး
ဒါပေမယ့် ရှင်တို့ကလည်း မကခုန်နိုင်ပဲကို။

ယက်ဗ်ဂင်နီ ယက်ဗ်တူရှင်ကို (Yevgeny Yevtushenko)။ ၁၉၅၅ ခုနှစ်။
Translated by George Reavey (revised) 

No comments:

Recent Comments