Pages

Friday, September 8, 2017

ငယ်ဘဝ ရုပ်ပုံလွှာ (Picture of Childhood)

တို့လမ်းကို တတောင်နဲ့တွားလို့၊ တို့ပြေးလာ 
တစုံတယောက်ကတော့ ဈေးထဲမှာ ရိုက်ခံနေရပြီတဲ့။
ဒါမျိုးဆို တို့တွေကမလွတ်တမ်း၊
တို့က အရှိန်မြှင့်၊ အော်ဟစ်ပြီးပြေးလာ
လည်ရှည်ဖိနပ်ကြီးထဲက ရေတွေ ဘောင်ဘင်ခတ်
နှာရည်တွေတောင် သုတ်ဖို့ မေ့လောက်အောင် ဖြစ်ရတယ်။

ပြီးတော့ ငြိမ်ရပ်ကြည့်နေကြ။ ငါတို့ရဲ့ နှလုံးအိမ်ငယ်တွေထဲ တစုံတခုနဲ့ ကျဉ်းကျပ်လို့။
သိုးရေကုတ်တွေ၊ သားမွေးကုတ်တွေ၊ ခေါင်းစွပ်နဲ့ ကုတ်တွေ စက်ဝိုင်းက
တဖြည်းဖြည်း ကျဉ်းကျုံ့ဝင်လာနေတာကို ငါတို့ မြင်နေခဲ့တယ်။
ဟင်းရွက်စိမ်းဆိုင်ဘေး သူ ရပ်နေခဲ့တုန်း
ကန်ကျောက်၊ ဆွဲရမ်း၊ တံတွေးနဲ့ထွေး၊ ပါးဖြတ်ရိုက်နေကြတာ မိုးသီးပေါက်တွေလို
သူ့ပခုံးထဲကို သူ့ခေါင်းကျွံဝင်သွားရပေါ့။

ချက်ချင်းပဲ လက်တွန်းလှည်းဘေးက ညာဖက်ကတယောက်
သူ့သွားတွေကို ထိုးထဲ့လိုက်တယ်။
ချက်ချင်းပဲ ဘယ်ဖက်ကတယောက် ရေခဲတုံးနဲ့
သူ့နဖူးကို ထုထဲ့လိုက်တယ်။
သွေးတွေ ထွက်လာခဲ့၊ ပြီးတော့ သူတို့ စိတ်အားထက်သန်စွာ စ' တီးကြတော့တာပဲ။
သူတို့အားလုံးက တညီတညွတ်တည်း စပြီး အော်ဟစ်ကြွေးကြော်ကြတော့
လူစုဝေးကြီး စုမိလာတယ်။
တုတ်တွေ၊ လှည်းကထွက်လာတဲ့ ဇက်ကြိုးတွေ၊
အစိတ်အပိုင်းတွေနဲ့ သူ့ကို ရိုက်နှက်ကြတယ်။

သူကတော့ အချီးနှီး၊ သူတို့ကို အမောဖောက်သံနဲ့ ပြောတယ် 'ကိုယ့်လူတို့၊
ကိုယ့်အချင်းချင်းတွေပဲ၊ ဘာကိစ္စမိုလို့လဲဗျာ'
လူအုပ်ကြီးက ပြဿနာကို လုံးဝ ရှင်းချင်နေကြပြီ။
လူအုပ်ကြီးက ဒေါသတွေနဲ့ မကြားတော့ပြီ။
သူတို့ဖိနပ်တွေနဲ့ မကန်ကျောက်ကြသူတွေလည်း လူအုပ်ကြီးက တကြိမ်းကြိမ်း
သူတို့က နွေဦးနှင်းတွေ ဗွက်ထသွားလိုမျိုး
တစုံတယောက်ရဲ့ ခန္ဓာကိုယ်ကို ကန်ကျောက် နင်းချေကြတယ်။

သူတို့က ကျေကျေနပ်နပ်ကြီး ရိုက်နှက်ကြ၊ ထိုးထွင်းတီထွင်မှုတွေနဲ့ အရည်တရွှမ်းရွှမ်း [ရိုက်နှက်ကြ]
လူတယောက်က သူ့ဖိနပ်ရှည်နဲ့ ကျွမ်းကျင်၊ တိကျစွာ
ကန်ထဲ့နေတာကို ငါမြင်ခဲ့တယ်။
ဖိနပ်အနားတွေပေါ် ဆီတွေပေကျံနေတဲ့ ဖိနပ်နဲ့
ရွှံ့တွေနဲ့ နွားချေးရေတွေထဲ မွန်းနေတဲ့
လဲကျနေတဲ့ လူတယောက်ရဲ့ ခါးပတ်အောက်နားကို [ကန်ကျောက်နေတယ်]။

သူတို့ရဲ့ ပိုင်ရှင်၊ လိမ်ခံရမှန်း မသိလောက်အောင် ရိုးသားမှုနဲ့သူ
သူ့ရဲ့ စံတန်ဖိုးတွေကို အမြင့်ဆုံးတန်ဖိုးထားသူက
တချက် ကန်လိုက်တိုင်း 'ငါတို့ကိုတော့ လာ မလိမ်လေနဲ့ကွာ' လို့ ပြောပြောနေ၊
စိတ်ပိုင်းဖြတ်ထားပုံနဲ့ သူ့ကို သေသေချာချာ ကန်ကျောက်လို့
ပြီးတော့ ချွေးတွေရွှဲ၊ မျက်နှာနီ၊ သူက ဝမ်းပန်းတသာ ငါ့ကိုခေါ်တယ်။
'လာစမ်းကွာ၊ ဟေ့… ကောင်လေး၊ ဝင်လုပ်စမ်း'

အကြိမ် ဘယ်လောက်ဆိုတာ ငါမမှတ်မိတော့ဘူး။ ထပ်တလဲလဲ။

သူ့ကို ရိုက်နှက်ကြတာ၊
ရာနဲ့ချီ ရှိမယ်။ ဒီထက်ပိုနိုင်တယ်။
ဒါပေမယ့် ငါက ကလေးပဲ၊ ရှက်ပြီးငိုလို့။
လူတရာလောက်က လူတယောက်ကို ရိုက်နှက်ထိုးကြိတ်ကြရင်
ကောင်းမွန်တဲ့ကိစ္စ ဖြစ်ပါစေဦးတော့၊ အော်ဟစ် ရူးသွပ်နေကြရင်
ငါကတော့ တရာနဲ့တယောက် ဖြစ်အောင် ဘယ်တော့မှ လုပ်မှာ မဟုတ်ဘူး။
ယက်ဗ်ဂေနီ ယက်ဗ်တူရှင်ကို (Yevgeny Yevtushenko)
၁၉၆၃ ခုနှစ်။
Translated by Tina Tupikina-Glaessner, Geoffrey Dutton, and Igor Mezhakoff-Koriakin (revised) 

No comments:

Recent Comments